ဘတ်စ်ကားဘီးကွဲ တံတားအောက်ပြုတ်ကျမှုကြောင့် အာဂျင်တီးနားရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄၃ ဦးသေဆုံး

ဘတ်စ်ကားဘီးကွဲ တံတားအောက်ပြုတ်ကျမှုကြောင့် အာဂျင်တီးနားရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄၃ ဦးသေဆုံး

ဗျူနိုအေရီးစ်၊ ဒီဇင်ဘာ ၁၅ ။            ။ ဒီဇင်ဘာ ၁၄က အာဂျင်တီးနားနိုင်ငံမြောက်ပိုင်းတွင် ယာဉ်တန်းတစ်ခုမှ ဘတ်စ်ကားတစ်စင်းမှာ တာယာတစ်လုံးပွင့်ထွက်ကာ တံတားဘေးမှ ၆၅ပေ (မီတာ ၂၀) အနက်ရှိ အောက်သို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၄၃ ဦးသေဆုံးခဲ့သည်။

ယင်းဘတ်စ်ကားမှာ ဗျူနိုအေရီးစ်၏ မြောက်ဘက် ကီလိုမီတာ ၁,၅၀၀အကွာခန့်ရှိ ဆယ်လ်တာမြို့အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို တင်လာသည့် ဘတ်စ်ကားတစ်စင်းဖြစ်သည်။ နယ်ခြားဒေသများတွင် ကင်းလှည့်တာဝန်ထမ်းဆောင်ရသည့် အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်သည့် National Gendarmarie မှရဲတပ်ဖွဲ့ဝင်များသည် ဘိုလစ်ဗီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အာဂျင်တီးနားမြောက်ပိုင်း ရှိ ဒေသတစ်ခုဖြစ်သည့် ဂျူဂျိုင်းသို့အသွား လမ်းတွင် ယင်းသို့မတော်တဆမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

ကနဦးစုံစမ်းစစ်ဆေးချက်အရ ဘတ်စ်ကား၏ ညာဘက်တာယာကွဲထွက်ခဲ့သည်ဟု အခင်းဖြစ်ရာသို့ သွားရောက်ခဲ့သည့် လုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာဘူးလ်ရစ်ချ်က သတင်းထောက်များကို ပြောကြား ခဲ့သည်။

"ဒါကတော့ အဖြစ်ဆိုးတစ်ခုပါ။ ကျွန်မတို့ ရဲတပ်ဖွဲ့တွေအတွက် ပိုမိုကောင်းမွန်တဲ့ ကိရိယာတွေတပ်ဆင်ဖို့ လုပ်ဆောင်သွားမှာပါ"ဟု ဘူးလ်ရစ်ချ်က ပြောသည်။ ပြည်တွင်းရုပ်သံက ပက်လက်လန်နေသော ဘတ်စ်ကားအနီးတစ်ဝိုက် အလုပ်ရှုပ်နေသော ကယ်ဆယ်ရေးအဖွဲ့ဝင်များကို ပြသခဲ့သည်။ ယင်းဘတ်စ်ကားက လူ ၆၀ခန့် တင်ခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

ထို့အပြင် အခြားရဲတပ်ဖွဲ့ဝင် ၂၀လည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံများတွင် ကုသမှုခံယူနေရသည်ဟု ၎င်းဒေသရှိ လုပ်အားပေးမီးသတ်တပ်ဖွဲ့တစ်ခု၏ အကြီးအကဲ ဂုစတပ်ဗိုဒီးယက်ဇ်က ပြောသည်။

သေဆုံးသူဦးရေမှာ မြင့်မားလာနိုင်သည်ဟုလည်း အာဏာပိုင်များက ပြောသည်။ အာဂျင်တီးနားနိုင်ငံရှိလမ်းများတွင် ကျေးလက်ဒေသအများအပြားရှိလမ်းများမှာ ထိန်းသိမ်းပြုပြင်မှု ညံ့ဖျင်းလျက်ရှိသည်။

ယင်းမတော်တဆမှုဖြစ်ရခြင်းမှာ သေဆုံးမှုများပြားစွာဖြစ်ပေါ်သဖြင့် သေမင်းတမန်လမ်းမကြီးဟု ဒေသခံအချို့က ခေါ်ဆိုသော လမ်းကြောင်း-၃၄၏ အခြေအနေညံ့ဖျင်းသောကြောင့် မဟုတ်ဟု ဆယ်လ်တာအုပ်ချုပ်ရေးမှူး ဂျူအန်အာတူဘေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly