နေမာမှာ ပိုမိုပြည့်ဝကောင်းမွန်သည့် ကစားသမားဖြစ်လာသည်ဟု မက်ဆီ ချီးကျူး

နေမာမှာ ပိုမိုပြည့်ဝကောင်းမွန်သည့် ကစားသမားဖြစ်လာသည်ဟု မက်ဆီ ချီးကျူး

တိုကျို၊ ဒီဇင်ဘာ ၁၅ ။          ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက အသင်းဖော် နေမာသည် ၂၀၁၁ ခုနှစ်က ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ပြီးသည့်နောက် ယခုအချိန်တွင် ပိုမိုပြည့်ဝကောင်းမွန်သည့် ကစားသမားတစ်ဦးဖြစ်လာကြောင်း ချီးကျူးပြောဆိုလိုက်သည်။

၂၀၁၁ ခုနှစ်က နေမာသည် ဆန်းတို့စ်အသင်းတွင် ကစားလျက်ရှိပြီး ဂွါဒီယိုလာ ကိုင်တွယ်သည့် ဘာစီလိုနာအသင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုပွဲတွင် ဘာစီလိုနာမှာ ၄-၀ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။

ယခုလေးနှစ်ကြာပြီးနောက်တွင် နေမာသည် ကမ္ဘာ့ဘောလုံးလောကတွင် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့သည်ဟု မက်ဆီက ယုံကြည်လျက်ရှိသည်။

'နေမာဟာ ဘောလုံးကစားရာမှာရော လူတစ်ယောက်အနေနဲ့ပါ ပိုမိုပြည့်စုံတဲ့သူ ဖြစ်လာခဲ့ပါပြီ။ သူဟာ အရင်ကတည်းက ထိပ်တန်းကစားသမားတစ်ဦးပါ။ ဒါပေမဲ့ အခုပိုမိုပြည့်စုံတဲ့သူ ဖြစ်လာတာပါ။

အခုအချိန်မှာ နေမာနဲ့အတူ တွဲဖက်ကစားခွင့်ရတဲ့အတွက် တကယ်ကို ကျေနပ်မိပါတယ်။ ဒါက အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်ပါတယ်' ဟု မက်ဆီက ပြောသည်။

နေမာသည် ယခုနှစ်တွင် ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲတွင် ၁၆ ဂိုးအထိသွင်းယူထားသည်။ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ခါတင်သုံးဦးစာရင်းတွင်လည်း မက်ဆီ၊ စီရော်နယ်ဒိုတို့နှင့်အတူ ပါဝင်လျက်ရှိသည်။

Ref: Fox Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly