တရုတ် အထူးသံတမန် ကြိုတင်ကြေညာမှုမရှိဘဲ မြန်မာခရီးစဥ် လာရောက်ခဲ့

တရုတ် အထူးသံတမန် ကြိုတင်ကြေညာမှုမရှိဘဲ မြန်မာခရီးစဥ် လာရောက်ခဲ့

တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန်သည် ကြိုတင်ကြေညာခြင်းမရှိဘဲ မြန်မာသို့ သီတင်းတစ်ပတ်ကြာ ခရီးစဥ်တစ်ခု လာ‌‌ရောက်ခဲ့ပြီး ထိုခရီးစဥ်အတွင်း ၎င်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအနာဂတ်နှင့်ပတ်သက်ပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ပေကျင်းက သြဂုတ် ၃၁ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ဖေဖေါ်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချပြီး သဘောကွဲလွဲ ဆန့်ကျင်အတိုက်အခံပြုမှုများအပေါ် ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ထားခဲ့ပြီးနောက် နိုင်ငံသည် နိုင်ငံရေး ပရမ်းပတာ အခြေအနေများအောက် ကျရောက်နေခဲ့သည်။

အကြမ်းဖက်မှု ရပ်တန့်စေရေး နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများသည်လည်း ရလဒ်များ ထွက်ရှိစေနိုင်ခဲ့ခြင်း မရှိပေ။ မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်မိန့်တစ်ရပ် ချမှတ်ရန် ကုလ လုံခြုံရေးကောင်စီ၌ ကြိုးပမ်းအားထုတ်မှုများအပေါ် အာဏာသိမ်းစစ်အုပ်စု၏ မဟာမိတ်များဖြစ်သည့် တရုတ်နှင့် ရုရှားတို့က ပိတ်ပင်ဟန့်တားလျက် ရှိသည်ဟု ဥရောပသမဂ္ဂက စွပ်စွဲထားသည်။

တရုတ် အထူးသံတမန် ဆွန် ကော်ရှန်းသည် မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး “မြန်မာနိုင်ငံရှိ နိုင်ငံရေးမြင်ကွင်းနှင့်ပတ်သက်ပြီး အမြင်ချင်း ဖလှယ်” ခဲ့သည်ဟု မြန်မာနိုင်ငံရှိ ပေကျင်းသံရုံးက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်စရေးနှင့် လူမှုဆိုင်ရာ တည်ငြိမ်မှု ပြန်လည် ရရှိရေး မြန်မာ၏ ကြိုးပမ်းအားထုတ်မှုများ” ကို တရုတ်က ထောက်ခံကြောင်း ယင်းက ပြောသည်။

တရုတ် သံတမန် ဆွန်၏ သြဂုတ် ၂၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ မြန်မာခရီးစဥ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံ ပါတီမှ အမတ်များ ပါဝင် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရ နှင့်အကြား တွေ့ဆုံမှု ရှိခဲ့သလား ဆိုသည်ကို ဖော်ပြထားခဲ့ခြင်း မရှိပေ။

ပေကျင်းသည် မြန်မာအပေါ်တွင် ထူးခြားသည့် သြဇာအရှိန်အဝါ ရှိနေပြီး လက်ရှိအချိန်အထိ စစ်တပ်၏ အာဏာရယူမှုလုပ်ရပ်ကို အာဏာသိမ်းမှုအဖြစ် တံဆိပ်ကပ်ပြောဆိုခြင်း မရှိပေ။

ဆွန် သည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ယခင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွင်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့သည်။ ပေကျင်းသည် အထက်ပါ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်ချို့နှင့်အကြား မဟာမိတ်ပြုထားကြောင်း အကဲခတ်များက ပြောသည်။

မြန်မာသည် ပေကျင်း၏ ကြီးမားသည့် ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း အခြေခံအဆောက်အအုံ စီမံကိန်းတွင် အရေးပါသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ယမန်နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာ‌ရောက်ခဲ့ပြီး “ကိုယ်ပိုင် နိုင်ငံ အခြေအနေ အနေအထားများနှင့် ကိုက်ညီသည့်” ဖွံ့ဖြိုးရေးလမ်းကြောင်းတစ်ခုပေါ်တွင် မြန်မာအစိုးရကို ထောက်ခံမည်ဟု ကတိပြုခဲ့သည်။

တရုတ် အနောက်တောင်ပိုင်းကို မြန်မာမှတဆင့် အိန္ဒိယသမုဒ္ဓရာနှင့် ချိတ်ဆက်သည့် ရေလမ်း-ကုန်းလမ်း- မီးရထားလမ်း လမ်းကြောင်းသစ်တစ်ခုတစ်လျှောက် ကုန်စည် သယ်ဆောင်သည့် ခရီးစဥ် စမ်းသပ်မှုတစ်ခု အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက သြဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly