တောင်တရုတ်ပင်လယ်တစ်ခွင်တွင် လက်နက်ပြိုင်ပွဲကြီးစိုးလာနိုင်ဟု အမေရိကန်ရေတပ် တပ်မှူးသတိပေး

တောင်တရုတ်ပင်လယ်တစ်ခွင်တွင် လက်နက်ပြိုင်ပွဲကြီးစိုးလာနိုင်ဟု အမေရိကန်ရေတပ် တပ်မှူးသတိပေး

တိုကျို၊ ဒီဇင်ဘာ - ၁၅ ။           ။ နိုင်ငံများမှာ နယ်မြေပိုင်နက် အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေအစား စစ်အင်အား သုံးပြုရျ်သာ ဖြေရှင်းလိုစိတ် အလေးကဲလာနေကြသောကြောင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် တစ်ခွင်တွင် လက်နက်ပြိုင်ပွဲက လွှမ်းမိုးလာနိုင်ဖွယ်ရှိသည်ဟု အမေရိကန် ပစိဖိတ်ရေတပ် တပ်မှူးက သတိပေးပြောကြားလိုက်သည်။

တရုတ်လိုနိုင်ငံများက ရေပိုင်နက်အငြင်းပွားမှုများကို ဖြေရှင်းရန် သီးခြားလွတ်လပ်သော ခုံသမာဓိအဖွဲ့ကို ထူထောင်သင့်သည်ဟုလည်း တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး စကော့ ဆွစ်က တိုက်တွန်းခဲ့သည်။

ကျနော်စိုးရိမ်တာက ငြိမ်းချမ်းသာယာဝပြောတဲ့ ဆယ်စုနှစ်များအလွန်မှာ ဒီဒေသကြီးကို ခွန်အားဟာ အမှန်တရားပဲဆိုတဲ့ အယူအဆ တကျော့ပြန်လာမှာကိုပါဟု ဆွစ်က ဟာဝိုင်အီတွင် ပြောကြားခဲ့သည့် မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

မိမိတို့အသီးသီး၏ ပိုင်နက်အရေးဆိုမှုများကို လက်ခံလာစေရန်အတွက် ူစစ်အင်အားကို အားကိုးလာခြင်းဖြင့် တရုတ်အပါအဝင်နိုင်ငံများက ဒေသကို ဖုံးလွှမ်းဝါးမျိုပစ်နိုင်သည့် စစ်လက်နက်ပြိုင်ပွဲကို မီးထိုးဖြစ်ပေါ်စေမည့် အန္တရာယ်ရှိနေသည်ဟု ဆိုသည်။

ပိုင်နက် အရေးဆိုသူတွေရော၊ အရေးမဆိုသူတွေပါ ကိုယ့်ကိုယ့်ကို ကာကွယ်ဖို့အတွက် လိုအပ်တာထက်ပိုပြီး စစ်ရေးစွမ်းရည်မြင့်မားတဲ့ ရေတပ်တွေကို တည်ထောင်ဖို့အတွက် နိုင်ငံ့ဓနဥစ္စာရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကို ပုံအောနေကြတယ်ဟု ဆွစ်က ပြောကြားခဲ့သည်။

အမေရိကန်ဆိပ်ကမ်းများမှ ဥဒဟို ဆိုက်ရောက်ထွက်ခွာနေသည့် သင်္ဘောများ၏ ၅ပုံ၁ပုံတို့ ဖြတ်သန်းသွားလာရာ၊ တစ်နှစ်လျှင် ကမ္ဘာ့ကုန်သွယ်ရေး ကန်ဒေါ်လာ ၅ထရီလီယံတန်ဖိုးမျှ စီးဆင်းနေရာ တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအားလုံးနီးပါးကို တရုတ်က ၎င်းပိုင်ဆိုင်ကြောင်း ပြောဆိုနေသည်။

ဂြိုဟ်တုပုံရိပ်များအရ တရုတ်က တစ်နေရာတွင် မီတာ ၃၀၀၀ရှည်လျားသည့် လေယာဉ်ပြေးလမ်းအပါအဝင် စပရတ်တလေကျွန်းစုများထဲတွင် လူလုပ်ကျွန်းပေါင်း အမြောက်အများကို တည်ဆောက်နေ သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly