အကြမ်းဖက်မှုကို တိုက်ဖျက်ရန် အစ္စလာမ်နိုင်ငံ ၃၄ နိုင်ငံပါ စစ်ရေးမဟာမိတ်ဖွဲ့စည်းဟု ဆော်ဒီကြေညာ

အကြမ်းဖက်မှုကို တိုက်ဖျက်ရန် အစ္စလာမ်နိုင်ငံ ၃၄ နိုင်ငံပါ စစ်ရေးမဟာမိတ်ဖွဲ့စည်းဟု ဆော်ဒီကြေညာ

ဒူဘိုင်း၊ ဒီဇင်ဘာ ၁၅ ။            ။ အကြမ်းဖက်မှုကို တိုက်ဖျက်ရေးအတွက် အစ္စလာမ်နိုင်ငံ ၃၄ နိုင်ငံပါ စစ်ရေးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ဆော်ဒီအာရေဘီးယားက ဒီဇင်ဘာ ၁၅ တွင် ကြေညာ ခဲ့သည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ SPA ကထုတ်ပြန်သော ပူးတွဲကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

"ဒီမှာဖော်ပြထားတဲ့ နိုင်ငံတွေက အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ ဆော်ဒီဦးဆောင်တဲ့ စစ်ရေးမဟာမိတ်ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စစ်ဆင်ရေးတွေလုပ်ရာမှာ ညိနှိုင်းဖို့နဲ့ ထောက်ပံ့ဖို့ ရီးယာ့ဒ်မှာ ပူးတွဲစစ်ဆင်ရေးစင်တာတစ်ခု ထားမှာဖြစ်ပါတယ်"ဟု ကြေညာချက်တွင် ဖော်ပြသည်။ အီဂျစ်၊ ကာတာ၊ ယူအေအီးကဲ့သို့ အာရပ်နိုင်ငံများစွာအပြင် တူရကီ၊ မလေးရှား၊ ပါကစ္စတန်၊ အာရပ်ပင်လယ်ကွေ့နှင့် အာဖရိကနိုင်ငံများလည်း ဖွဲ့စည်းထားသည့်နိုင်ငံများစာရင်းတွင် ပါဝင်သည်။

အာရပ်ကမ္ဘာကို လွှမ်းမိုးရန်အတွက် ဆွန်နီမွတ်စလင် ဆော်ဒီအာရေးဘီးယား၏ မဟာပြိုင်ဘက် ရှီးယိုက်မွတ်စလင် အီရန်မှာမူ ၎င်းစာရင်းတွင် မပါဝင်ခဲ့ပေ။ ဒေသတွင်း အင်အားကြီးနှစ်နိုင်ငံကြား ကိုယ်စားပြုပဋိပက္ခများမှာ ဆီးရီးယားမှ ယီမင်အထိကျယ်ပြန့်လျက်ရှိသည်။

ပင်လယ်ကွေ့အာရပ်နိုင်ငံများအနေဖြင့် အီရတ်နှင့် ဆီးရီးယားတွင် အခြေစိုက်သော အိုင်အက်စ်စစ်သွေးကြွများအပေါ်စစ်ဆင်ရေး ဆင်နွှဲရာတွင် ပိုမိုအကူအညီပေးသင့်ကြောင်း အမေရိကန်က ၎င်း၏အမြင်ကို ပွင့်လင်းစွာ ပြောကြားနေသည်။ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အီဂျစ်နှင့် အာဖဂန်နစ္စတန်တို့ရှိ အကြမ်းဖက်မှုများကို တိုက်ခိုက်ရာတွင် ညိနှိုင်းဆောင်ရွက်မည်ဟု အသက် ၃၀ အရွယ် ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ကာကွယ်ရေးဝန်ကြီ မိုဟာမက်ဘင်ဆယ်လ်မန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ သို့သော်လည်း စစ်ရေးတိုက်ခိုက်မှုများ မည်သို့ဆက် လက်ဆောင်ရွက်မည်နှင့် ပတ်သက်၍ အခိုင်အမာမပြောကြားခဲ့ပေ။

"ဆီးရီးယားနဲ့ အီရတ်မှာ ပြုလုပ်မဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ အင်အားကြီးနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညိနှိုင်းမှုတွေ လုပ်မှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တရားဝင်ညိနှိုင်းမှုတွေမရှိဘဲ ဒီလိုစစ်ဆင်ရေးတွေလုပ်လို့မရပါဘူး"ဟု ဘင်ဆယ်လ်မန်က့အကျယ်မချဲ့ဘဲ ပြောကြားခဲ့သည်။

ယခုဖွဲ့သည့် မဟာမိတ်အဖွဲ့သစ်က အိုင်အက်စ်တို့ကို အဓိကထား တိုက်ခိုက်မည်လားဟု မေးသောအခါ အိုင်အက်စ်သာမက ၎င်းတို့ရှေ့တွင် ပေါ်လာသမျှအကြမ်းဖက်အဖွဲ့အစည်းမှန်သမျှ ထိပ်တိုက် ရင်ဆိုင်မည်ဟု ဘင်ဆယ်လ်မန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly