အစိုးရဘတ်ဂျတ်အပေါ် အငြင်းပွားကာ ကိုဆိုဗိုလွှတ်တော်အတွင်း အတိုက်အခံက မျက်ရည်ယိုဗုံးများ ဖောက်ခွဲ

အစိုးရဘတ်ဂျတ်အပေါ် အငြင်းပွားကာ ကိုဆိုဗိုလွှတ်တော်အတွင်း အတိုက်အခံက မျက်ရည်ယိုဗုံးများ ဖောက်ခွဲ

ပရစ်တီးနား၊ ဒီဇင်ဘာ ၁၅ ။              ။ အစိုးရ၏ ၂၀၁၆ ဘတ်ဂျတ်အသုံးစရိတ်နှင့် ပတ်သက်ပြီး မဲပေးရာတွင် အငြင်းပွားလျက်ရှိနေရာ နှစ်လအတွင်း ခြောက်ကြိမ်မြောက်အဖြစ် လွှတ်တော်အတွင်း အတိုက်အခံအမတ်များက မျက်ရည်ယိုဗုံးများ ဖောက်ခွဲကာ ဆန့်ကျင်ဆန္ဒပြမှုများကို ထပ်မံလုပ်ဆောင်လာသည်။

လွှတ်တော်အပြင်ဖက်တွင်လည်း အတိုက်အခံများအား ထောက်ခံသူများက ကျောက်ခဲများဖြင့် ထုကြခြင်း၊ ပြတင်းတံခါးများကို ရိုက်ချိုးခြင်းများ လုပ်ကြရာ အဓိကရုဏ်နှိမ်နှင်းရေး ရဲက လူစုခွဲလိုက်ရသည်။

အီးယူက ကြားခံဆောင်ရွက်ပေးသည့် ဆာဘီးယားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေး သဘောတူညီမှုနှင့် ပတ်သက်ပြီး ပျက်ပြယ်သွားရန် ဆန္ဒပြသူများက အားထုတ်နေခြင်းဖြစ်သည်။

ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်အတွင်းက ဆာဘီးယားမှ ခွဲထွက်ကာ လွတ်လပ်ရေးကို တစ်ဖက်သက်ကြေညာခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အတွင်း အတိုက်အခံအမတ်များက မျက်ရည်ယိုဗုံးများ ဖောက်ခွဲဆန္ဒပြခြင်းကို အောက်တိုဘာ ၈ ရက်တွင် ပထမဆုံးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆန္ဒပြမှုကြောင့် အမတ်နှစ်ဦး သတိလစ်သွားခဲ့ရသည်။

ပရစ်တီးနားမြို့တော်သို့ ယခုလအစောပိုင်းက အလည်အပတ်ရောက်ခဲ့သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက လွှတ်တော်အတွင်း ယခုကဲ့သို့ အကြမ်းဖက်သည့် လုပ်ရပ်မျိုးများ အဆုံးသတ်ရန် တိုက်တွန်းပြီး လွှတ်တော်ဆိုတာ မျက်ရည်ယိုဗုံးများ ရှိရမည့် နေရာအရပ်မဟုတ်ကြောင်း၊ ခြိမ်းခြောက်မှုများ ရှိရာ အရပ်လည်း မဟုတ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း လွှတ်တော်လုပ်ငန်းများ ကြန့်ကြာရပ်ဆိုင်းသွားရန် အတိုက်အခံအမတ်များက လွှတ်တော်အတွင်း မျက်ရည်ယိုဗုံးဖောက်ခွဲခြင်းကို ဒီဇင်ဘာ ၁၄ ရက်တွင် ထပ်မံလုပ်ဆောင် ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly