နိုင်ငံအကြီးအကဲ တာဝန်လွှဲပြောင်းမှုအတွက် အစိုးရအဖွဲ့နှင့် NLD အဖွဲ့ မကြာမီ တွေ့ဆုံမည်

နိုင်ငံအကြီးအကဲ တာဝန်လွှဲပြောင်းမှုအတွက် အစိုးရအဖွဲ့နှင့် NLD အဖွဲ့ မကြာမီ တွေ့ဆုံမည်

လက်ရှိအစိုးရ၏ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ အသွင်ကူးပြောင်းရေး အဖွဲ့တို့ကို အသီးသီး ဖွဲ့စည်းခဲ့နောက် ယခုအပတ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က သတင်းထောက်များကို ပြောသည်။

“ဒီအပတ်ထဲ တွေ့ဖြစ်လိမ့်မယ်၊ အခုဟာက သိရတာက သူတို့ ရုံးတစ်ခုလုပ်မယ်လို့ သတင်း ထွက်ပေမယ့် ကျွန်တော်တို့က လွှတ်တော်ထဲမှာ မေတ္တာရပ်ခံပြီးတော့ လွှတ်တော်နာယက သူရဦးရွှေ မန်းက ရုံးတစ်ရုံးစီ စဉ်ပေးမယ်လို့ သိရတယ်။ အဲ့ဒီမှာပဲ လုပ်မှာပါ“ ဟု ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီဇင်ဘာ ၂ ရက်က တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် အစိုးရဘက်မှ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ အသွင် ကူးပြောင်းရေး အဖွဲ့တို့ကို အသီးသီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်မှ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲ ပြောင်းမှု အထောက်အကူပြုကော်မတွင် ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သည့်ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်၊နိုင်ငံတော် သမ္မတ ရုံးညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော်သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ အသွင်ကူးပြောင်းရေး အဖွဲ့တွင် ယင်းပါတီ၏ ဗဟိုအ လုပ်အမှုဆောင် အဖွဲ့ ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly