“အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် တက်လာမှာကို ဝမ်းနည်းသူတွေ ရှိသေး သလား”

“အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် တက်လာမှာကို ဝမ်းနည်းသူတွေ ရှိသေး သလား”

အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြတ်အသတ် မဲပေးပြီး အစိုးရတာဝန်ယူဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ပြည်သူတွေဟာ ဒီမိုကရေစီကို လိုလား တောင့်တ နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ သစ်သာ တက်လာမယ်ဆိုရင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ အစိုးရဖြစ်လာမှာဖြစ်ပြီး ဒီမိုကရေစီ အစိုးရလို့ ခေါ်ရင်လည်း ရနိုင်ပါတယ်။ ဒါကို ဝမ်းနည်းနေတဲ့သူတွေ ရှိနေသေးတယ် ဆိုရင် အံ့သြကြမှာလား။ သူတို့တွေ ဘယ်သူတွေလည်း၊ ဘာကြောင့် ဝမ်းနည်းနေကြတာလဲ၊ တိုင်းပြည်ရဲ့ အနာဂတ် ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ရင် တစ်ချို့ စာဖတ်သူတွေက ဖြေကောင်းဖြေကြပါလိမ့်မယ်။ ဒီမိုကရေစီ အစိုးရတက်လာရင်၊ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ တက်လာရင် ဝမ်းနည်းကြမယ့်သူတွေ ရှိတာပေါ့၊ အဲဒီလူတွေကတော့ ခေတ်အဆက်ဆက် ကောင်းစားခဲ့ကြသူတွေ၊ ကိုယ်ကျိုးရှာခွင့် ရှိခဲ့ကြသူတွေ၊ စစ်အာဏာရှင်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ အုပ်ချုပ်တဲ့ ခေတ်မှာ လုပ်စားကိုင်စား အဆင်ပြေနေကြသူတွေ၊ သူတို့ မိသားစု အသိုင်းအဝိုင်းတွေ ဖြစ်ကြမှာပေါ့ ဆိုပြီး ပြောကြမှာ ဖြစ်ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် ဒီဆောင်ပါးမှာကတော့ သူတို့အကြောင်း ပြောမှာ မဟုတ်ပါဘူး။
နောက်တစ်မျိုးရှိပါသေးတယ်။ အရင် စစ်အစိုးရ အဆက်ဆက် လက်ထက်က တိုင်းပြည်ထဲမှာ ဖိနှိပ်ထားလို့ နိုင်ငံတကာ အကူအညီနဲ့ နိုင်ငံပြင်ပမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဘာအရေး ညာအရေး လုပ်ကိုင်နေကြသူတွေပါ။

အဲဒီလူတွေထဲမှာ တကယ်ပဲ တိုင်းပြည်ကောင်းရာ ကောင်းကျိုး လုပ်ကိုင်ခဲ့ကြသူတွေ ရှိသလို ကိုယ်ကျိုးစီးပွားအတွက်၊ ဒါမှမဟုတ် ဝမ်းရေးအတွက် လုပ်ကြ ကိုင်ကြရသူတွေလည်း ရှိပါတယ်။ သမ္မတ ဦးသိန်းစိန် တက်လာပြီးချိန်ကစ အဲဒီ ပြင်ပ အဖွဲ့အစည်းတွေကို ပေးနေတဲ့ နိုင်ငံတကာ အကူအညီတွေ တဖြေးဖြေး လျော့နည်း၊ အခု ပြည်တွင်းမှာ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့တက်၊ အပြောင်းအလဲ တကယ်ဖြစ်ခဲ့ရင် အကူအညီတွေ လုံး၀ ရှိတော့မှာ မဟုတ်ပါဘူး။ ဒီအတွက် တိုင်းပြည်ကောင်းရာ ကောင်းကျိူး တကယ်လုပ်နေသူတွေက ဝမ်းသာကြမှာ ဖြစ်ပေမယ့် ကိုယ်ကျိုးသမားတွေနဲ့ ဒီ အလုပ်ကနေ ဝမ်းစာရှာစားသူတွေအတွက်ကတော့ ဝမ်းနည်းစရာ ဖြစ်နေမှာပါ။ အခုပြောမှာ သူတို့ အကြောင်းချည်းပဲလည်း မဟုတ်ပါဘူး။

တကယ်ပြောချင်တာကတော့ တစ်ချို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အဖြစ် ခိုလှုံဖို့ ကြိုးစားနေကြသူတွေအကြောင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဒုက္ခသည်တွေကိုလည်း အမျိုးမျိုးခွဲခြားနိုင်ပါသေးတယ်။ တစ်ချို့ကတော့ စစ်ဘေးစစ်ဒါဏ်ကြောင့် တကယ်ထွက်ပြေးခိုလှုံကြရတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ တစ်ချို့ကတော့ တိုင်းပြည်က ထွက်မပြေးရင် မင်းပြစ်မင်းဒါဏ်ခံရနိုင်လို့ ထွက်ပြေးခိုလှုံကြရတဲ့သူတွေ ဖြစ်ပါတယ်။ အဲ ဒုက္ခသည် အစစ်မဟုတ်သူတွေလည်း အများကြီးရှိပါတယ်။ ထိုင်းနယ်စပ်က ဒုက္ခသည် စခန်းတွေမှာ အနေအစားချောင်လို့ ဒုက္ခသည်ဘ၀ သွားခံယူတဲ့သူ အများကြီး ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်း အဲဒီ ဒုက္ခသည် စခန်းက ဒုက္ခသည်တွေကို တတိယ နိုင်ငံလို့ ခေါ်တဲ့ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျပန်နဲ့ ဥရောပ နိုင်ငံတွေက လက်ခံလို့ အဲဒီ နိုင်ငံတွေဆီ သွားရောက် ခိုလှုံလို့ရတဲ့ အခြေအနေ ဖြစ်ပေါ်လာတဲ့အခါ ဒုက္ခသည်တွေ အတိုင်းမသိ တန်းစီကုန်ပါတယ်။ ဒုက္ခသည် ဖြစ်ခွင့်ရရေး စီးပွားရေး လုပ်ငန်းတွေ ပေါ်လာပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေ အများကြီး ဖြစ်ပါတယ်။ ဒါက တစ်ပိုင်းပါ။

နောက်တစ်ပိုင်းကတော့ နိုင်ငံကြီးတွေဆီ မရောက်ရောက်အောင် သွားကြပြီး လိမ်လည် ဒုက္ခသည်ဘ၀ ခံယူကြတာပါ။ မြန်မာနိုင်ငံကနေ ပုံစံ အမျိုးမျိုးနဲ့ ထွက်၊ ဥရောပ၊ အမေရိက ရောက်မှ ခုန်ချကြတာပါ။ ရိုးရိုးခုန်ချတာတော့ မဟုတ်ပါဘူး။ သူတို့ အနေနဲ့ မြန်မာနိုင်ငံကို ပြန်သွားရင်ပဲ စစ်ထောက်လှမ်းရေးတွေက ဝိုင်းဝန်းဖမ်းဆီး အမျိုးမျိုးနှိပ်စက်တာ ခံရတော့မယ်၊နောက် အသက်ပါသေနိုင်တယ်၊ နောက် ထောင်ကျ တန်းကျနိုင်တယ် လို့ မဟုတ်မမှန် အမျိုးမျိုးလီဆယ်ပြီး နိုင်ငံရေး ခိုလှုံခွင့်တောင်းကြသူတွေပါ။ အဲလိုလူတွေ အမေရိကား၊ သြစတြေးလျနဲ့ ဥရောပ နိုင်ငံတွေမှာ အတော်များများရှိနေပါတယ်။ တစ်ချို့ကတော့ မလေးရှားလို နိုင်ငံကို ထွက်၊ အဲဒီက ကုလသမဂ္ဂ ဒုက္ခသည် စခန်းမှာ မှတ်ပုံတင်ပြီး ဒုက္ခသည် ဘ၀ ခံယူ၊ တတိယ နိုင်ငံတစ်ခုခုကို သွားဖို့ စောင့်ဆိုင်းနေကြသူတွေဖြစ်ပါတယ်။ ဘာနိုင်ငံရေး ဒုက္ခသည်တွေမှ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ တိုးတက်ရေးအတွက် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ အခြေချလိုကြတာပဲ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်၊ အင်န်အယ်လ်ဒီ အပြတ်အသတ်နိုင်၊ မကြာမီ အစိုးရဖွဲ့ တိုင်းပြည် အေးချမ်းသာယာလာတော့မယ် ဆိုတဲ့အခါ အဲဒီလို လူမျိုးတွေ ဝမ်းနည်းကြပါတယ်။ မလေးရှားမှာ ရှိနေသူတွေဆိုရင်လည်း ဘယ် တတိယ နိုင်ငံကိုမှ မပို့တော့ပါဘူး။ ထုံးစံအတိုင်း မြန်မာပြည် ဒီမိုကရေစီ ထွန်းကားလာရင် မြန်မာနိုင်ငံကိုပဲ ပြန်ပို့မှာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံရေးဇာတ်လမ်းတွေ မဟုတ်က ဟုတ်က ပြောပြီး အမေရိကလို နိုင်ငံကြီးတွေမှာ ခိုလှုံခုန်ချဖို့ အကြံအစည် ရှိနေသူတွေကလည်း ဝမ်းနည်းကြပါတယ်။ သူတို့ရဲ့ လံကြုတ် ဇာတ်လမ်းတွေက နိုင်ငံရေး ခိုလှုံခွင့်ရဖို့ မဖြစ်နိုင်တော့လို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲက သောင်းနဲ့ချီ ရှိတဲ့ ကရင် ဒုက္ခသည်တွေလည်း ထိုနည်း၎င်းပါပဲ။ တတိယ နိုင်ငံသွားဖို့ မဖြစ်နိုင်တော့ပါဘူး။ လက်ရှိ ဒုက္ခသည်စခန်းနဲ့ ထိုင်းနိုင်ငံထဲ နေသားကျနေပြီး ငြိမ်းချမ်းတော့မယ့် မြန်မာပြည် ပြန်လာဖို့ မဝံ့မရဲ ဖြစ်နေကြပါတယ်။ တစ်ဖက်မှာကလည်း နိုင်ငံတကာ အထောက်အပံ့တွေကလည်း ရုပ်သိမ်းစ ပြုနေကြပါပြီ။ တိုင်းပြည်အပြောင်းအလဲဟာ သူတို့ကို ဝမ်းနည်းစရာ ဖြစ်စေတယ်လို့ မြင်ကြမှာပါ။

ဒါပေမယ့် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းက ပြည်သူတွေလို ဒုက္ခသည်တွေအဖို့ မြန်မာပြည်ကို တကယ်ပြန်လာချင်အောင်၊ ပြန်လာရင် အာမခံချက်ရှိတဲ့ ဘ၀ မျိုးတည်ဆောက်နိုင်အောင် တာဝန်ရှိသူအားလုံးက ဝိုင်းပြီးကြိုးစားပေးကြရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲက ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အနိုင်ရပြီး တိုင်းပြည် အပြောင်းအလဲ ဖြစ်လာတာဟာ လူပုဂ္ဂိုလ်တစ်ချို့ကို ဝမ်းနည်းစရာ ဖြစ်ကောင်း ဖြစ်စေပေမယ့် တကယ့် ဝမ်းနည်းဖို့ကောင်းတဲ့ အလွမ်းဇာတ်ထုတ်ရှည်ကြီးကိုတော့ ပြည်ဖုံးကားချလိုက်သလို ဖြစ်ပြီး ဝမ်းသာစရာ ဇာတ်ကွက်တွေ စ ပေါ်ပေါက်လာပါတော့မယ် ဆိုတဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly