အမေရိကန်ဗလီများတွင် လုံခြံုရေးအန္တရာယ်ကြီးမားနေ လက်နက်ကိုင် အစောင့်များငှားရမ်း အသုံးပြုနေရ

အမေရိကန်ဗလီများတွင် လုံခြံုရေးအန္တရာယ်ကြီးမားနေ လက်နက်ကိုင် အစောင့်များငှားရမ်း အသုံးပြုနေရ

ကိုရိုနာ၊ ဒီဇင်ဘာ ၁၄ ။           ။ အမေရိကန်မွတ်စလင်များအပေါ်လက်တုံ့ပြန်မည်ကို စိုးရိမ်မှုများကြီးထွားနေစဉ် လော့စ်အိန်ဂျလိစ်ဆင်ခြေဖုံးများမှသည် ဝါရှင်တန်ဒီစီ၏ ဆင်ခြေဖုံးများအထိ အမေရိကန်နိုင်ငံတစ်ဝန်း ဗလီများတွင် လုံခြုံရေးကို မြင့်တင်လျက်ရှိသည်။

လုံခြုံရေးစိုးရိမ်ရမှုမှာ မြင့်မားလာကြောင်း အမေရိကန်အစ္စလာမ်ခေါင်းဆောင်များက ပြောကြားခဲ့ကြပြီး တုံ့ပြန်အရေးယူဆောင်ရွက်မှုများပြုလုပ်နေရကာ လက်နက်ကိုင်အစောင့်များကိုလည်း ငှားရမ်း အသုံးပြုနေရကြောင်း သိရသည်။ ယင်းသို့ဖြစ်လာရခြင်းမှာ ပါရီနှင့် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘာနာဒီနိုတွင် တိုက်ခိုက်မှုများဖြစ်ပေါ်ပြီးနောက် အိုင်အက်စ်ကို အားကျသည့် အကြမ်းဖက် တိုက်ခိုက် မှုများနှင့် ပတ်သက်၍ လူထု၏စိုးရိမ်မှုမြင့်မားလာခြင်းနှင့်လည်း သက်ဆိုင်နေသည်။

ရီပတ်ဘလစ်ကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်က မွတ်စလင်များ အမေရိကန်နိုင်ငံတွင်းဝင်ရောက်မှုကို ပိတ်ပင်ရန် တောင်းဆိုမှုက ဗလီများ၊ မွတ်စလင်အသိုင်းအဝိုင်းစင်တာများတွင် လူအများအပြားက လက်တုံ့ပြန်လာနိုင်သည့် စိုးရိမ်မှုများကို ကြီးထွားလာစေသည်ဟု ဘာသာရေးခေါင်းဆောင်များနှင့် စီစဉ်သူများက ပြောသည်။

မကြာသေးမီသီတင်းပတ်များအတွင်း ဖီးနစ်နှင့် ဗာဂျီးနီးယားရှိ အနည်းဆုံး ဗလီနှစ်လုံးသည် ဝတ်ပြုသူများလုံခြုံရေးအတွက် ပြည်တွင်းလုံခြုံရေးဋ္ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အမေရိကန်ရှိ ဗလီတစ်လုံးသည် တိုက်ခိုက်မှုအတွက် ပစ်မှတ်ဖြစ်နိုင်သဖြင့် လက်နက်ကိုင်အစောင့်များ ငှားရမ်းခြင်း အပါအဝင် ကျယ်ပြန့်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း သိရသည်။

"တစ်ကိုယ်တော်တိုက်ခိုက်မှုတွေ ဖြစ်လာမှုကို ကျွန်တော်တို့ အမြဲတမ်းစိုးရိမ်နေရပါတယ်"ဟု ဖီးနစ်ရှိ ဗလီတစ်ခု၏ အကြီးအကဲ အူစမာရှာမီက ပြောသည်။ ၎င်းဗလီက လွန်ခဲ့သည့်လက ပါရီတိုက်ခိုက်မှုဖြစ်ပွားပြီးကတည်းက လုံခြုံရေးကိစ္စများ သုံးသပ်ရန် ပြည်တွင်းလုံခြုံရေးဋ္ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တောင်ကယ်လီဖိုးနီးယားဗလီတစ်လုံးကို မီးရှို့ရာတွင် မသင်္ကာမှုဖြင့် အသက် ၂၃နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယင်းလုပ်ရပ်မှာ အမုန်းတရားကြောင့် ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။ ဒီဇင်ဘာ ၂က အသက် ၂၈နှစ်အရွယ် အမေရိကန်ဖွား ဆီးယက်ရစ်ဇ်ဝန်ဖာရွတ်နှင့် အသက် ၂၉နှစ်အရွယ် ပါကစ္စတန်ဖွား ၎င်း၏ဇနီး တက်ရှ်ဖီးန်မာလစ်တို့သည်  ဆန်ဘာနာဒီနိုတွင် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ လူ ၁၄ ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly