"အရင်တုန်းကကစားစရာမရှိတော့ ချဲ၊ထီထိုးတယ်၊ ကစားစရာမရှိတော့ ဘောလုံးပွဲလောင်းတယ်"

"အရင်တုန်းကကစားစရာမရှိတော့ ချဲ၊ထီထိုးတယ်၊ ကစားစရာမရှိတော့ ဘောလုံးပွဲလောင်းတယ်"
ဓာတ်ပုံ - စည်သူအောင်
 

ငွေကြေးဈေးကွက်ထဲခြေဆန့်ဦးမည့် Alpine ရေသန့်နှင့် Blue Mountain အချိုရည်လုပ်ငန်းရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာနိုင်ငံငွေကြေးဈေးကွက်အတွက် အရင်းအနှီးဈေးကွက်အဖြစ် စီးပွားရေးလုပ်ငန်းရှင် အများစုကယုံကြည်နေကြသည်။စတင်အသက်ဝင်တော့မည် ရန်ကုန်စတော့ အိတ်ချိန်းတွင် လွယ်ဟိန်းကုမ္ပဏီလီမိတက် (Loi Hein Company Limited) ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုင်းဆမ်ထွန်းက RUBY HILLS Securities Company Limited ကိုတည်ထောင် ကာ ထိုင်းနိုင်ငံအခြေစိုက် ခရွန်းထိုင်းဘဏ်-Krung Thai Bank လက်အောက်ခံ KT-ZMICO Securities Company Limited နှင့်ပူးပေါင်းကာ တစ်ဆင့်ခံရှယ်ယာရောင်းချမည့် သက်သေခံကုမ္ပဏီ လီမိတက် KTZRH Securities Company Limited အမည်ဖြင့်လုပ်ကိုင်သွားမည်ဖြစ်သည်။ယင်းအပြင် လွယ်ဟိန်းကုမ္ပဏီကိုလည်း ရှယ်ယာထုတ်ရောင်းနိုင်သည့် Listed ကုမ္ပဏီအဖြစ် ခြေလှမ်း စတင်တော့မည်ဖြစ်ရာ ယင်းကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မဇ္ဈိမ။  ။ ရေနဲ့ အချိုရည်လုပ်ငန်းကိုလုပ်ကိုင်သူ တစ်ယောက်ကရန်ကုန်စတော့အိတ်ချိန်းမှာ တစ်ဆင့်ခံရှယ်ယာ ရောင်းချပေးမယ့် သက်သေခံကုမ္ပဏီ - Security ကုမ္ပဏီလီမိတက်အနေနဲ့ခြေလှမ်းလိုက်တာကစွန့်စားလွန်းရာကျမယ်လို့ ထင်လားဗျ။

ဒေါက်တာစိုင်းဆမ်ထွန်း။  ။ကျွန်တော့်ရဲ့လုပ်ငန်းသည် ရေ၊အချိုရည်၊ ကျွန်တော့် Background ကလည်းဘဏ္ဍာရေး အပိုင်းမှာ တော်တော်လေးကျွမ်းကျင်ခဲ့ပါတယ်၊ စတော့အိတ်ချိန်းကို တော်တော်လေး နားလည်ခဲ့ပါတယ်။ နိုင်ငံခြားမှာ နေစဉ် ကလည်း စတော့အိတ်ချိန်းကို တော်တော်လေး ကစားတတ်ပါတယ်။ စတော့အိတ်ချိန်းဆိုတာအလွယ်ဆုံးပိုက်ဆံရှာ တဲ့နည်းဖြစ်သလို..အလွယ်ဆုံးပိုက်ဆံဆုံးရှုံးတဲ့နည်းလည်းဖြစ်ပါတယ်။ ပိုက်ဆံဆုံးရှုံးတဲ့ဈေးကွက်လည်းဖြစ်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ကျွမ်းကျင်တဲ့အတွက် စတော့အိတ်ချိန်းထဲဝင်လာတာပါ။

မဇ္ဈိမ။  ။တစ်ခြားရည်ရွယ်ချက်ကရောဗျာ။

ဒေါက်တာစိုင်းဆမ်ထွန်း။  ။ပထမဆုံးတော့ ရန်ကုန်စတော့အိတ်ချိန်းပေါ်လာတာ ဝမ်းသာရမယ်၊ကြိုဆိုရမယ်၊ တိုင်းပြည်အတွက်လည်းအင်မတန်လေးနက်တဲ့ အဓိပ္ပာယ်ရှိတယ်လို့ ယူဆပါတယ်၊ဘာဖြစ်လို့လည်းဆိုတော့ စတော့အိတ်ချိန်းမရှိတဲ့နိုင်ငံဆိုလို့ နိုင်ငံ (၂၀)လောက်ပဲရှိတာကို၊ကျွန်တော်တို့ အာရှမှာစတော့အိတ်ချိန်း မရှိတာမြောက်ကိုရီးယားရယ်၊အရှေ့တီမောရယ်။ ကျွန်တော်တို့လည်းရှိသင့်ရှိအပ်တဲ့ ရန်ကုန်စတော့အိတ်ချိန်း ပေါ်လာတဲ့အချိန်မှာ ကျွန်တော်တို့လည်းလုပ်ငန်းအနေနဲ့လုပ်လို့ရအောင် Security company limited ဆိုတာကိုဖွင့်လိုက်တာပါ။

မဇ္ဈိမ။  ။ဒေါက်တာစိုင်းဆမ်ထွန်းအနေနဲ့ ကေတီဇက် အာ(ရ) အိတ်(ချ) စီကျူရတီကုမ္ပဏီလီမိတက်-KTZRH Securities Company Limited အပေါ်မှာဘယ်လောက်အထိမျှော်လင့်ထားလဲဗျ။

ဒေါက်တာစိုင်းဆမ်ထွန်း။   ။ ရန်ကုန်စတော့အိတ်ချိန်းကနေ ကျွန်တော်တို့လုပ်ငန်းသည် ချက်ချင်းလက်ငင်း အသီးအပွင့်စား ရမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရေရှည် ၂နှစ်၊ ၃နှစ်…ခုနလိုListed ကုမ္ပဏီတွေများလာတယ်၊ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏတွေကြီးလာရင် ကျွန်တော်တို့ကုမ္ပဏီကလည်းအများကြီးအလားရှိပါတယ်။

မဇ္ဈိမ။  ။ကိုယ့်ရဲ့ စီးပွားဖက်အပေါ်မှာရောဘယ်လောက်အထိယုံကြည်ထားလဲဗျ။

ဒေါက်တာစိုင်းဆမ်ထွန်း။  ။ကျွမ်းကျင်မှုအနေနဲ့ ကျွန်တော်တို့ နိုင်ငံခြားပါတနာကအရမ်းကျွမ်းကျင်တယ်၊သူတို့ဆီမှာ Account ပေါင်းသန်းနဲ့ချီပြီးရှိတယ်။ ပြီးတော့ သူတို့ရဲ့ Market Capitalization က အရမ်းကြီးတယ်၊အတွေ့အကြုံ ကျွန်တော့်မေးရင်မရှိဘူး၊ အတွေ့အကြုံရှိတဲ့ ပါတနာကိုရွေးချယ်ပြီးတွဲဘက်တဲ့အတွက် ကျွန်တော် ယုံယုံကြည်ကြည် ရှိတယ်။

မဇ္ဈိမ။   ။အများပိုင်ကုမ္ပဏီတွေအတွက် ရှယ်ယာတစ်ဆင့်ခံရောင်းချမယ့် Security ကုမ္ပဏီလီမိတွေက အစိုးရကို မတည်ရင်းနှီးငွေ ၁၅ ဘီလီယံကျပ်ပေးသွင်းရမယ်လို့ သိထားတယ်ဗျ။ အဲဒိလိုပေးသွင်းပြီးမှ Security ကုမ္ပဏီအဖြစ် လုပ်ကိုင်ဖို့ တရားဝင်လိုင်စင်ရမယ်လို့ သိထားပါတယ်။ ဒီငွေပမာဏကိုပေးသွင်းပြီးပြီလားဗျ။

ဒေါက်တာစိုင်းဆမ်ထွန်း။  ။ ကျွန်တော်တို့ကိုနောက်ဆုံးရက်သတ်မှတ်ပေးထားတာက ဇန်နဝါရီလအထိပေးထားပါတယ်။ အခုတော့ ၇.၅ ဘီလီယံကျပ်တော့ စသွင်းနေပြီ၊ကျန်တဲ့ ၇.၅ ဘီလီယံကျပ်ကိုလည်းအချိန်မီသွင်းပြီးတော့ ကျွန်တော်တို့ လိုင်စင်အစစ်ရယူမယ်၊ အခုလောလောဆယ် ယာယီလိုင်စင်ပဲ ကျွန်တော်တို့ယူထားပါတယ်။ဒီလမကုန်ခင် (ဒီဇင်ဘာလ) အပြီးပေးသွားဖို့ စီစဉ်ထားပါတယ်။

မဇ္ဈိမ။  ။တစ်ဘက်မှာကငွေဖြူ၊ငွေမဲကိစ္စတွေ၊ အစိုးရရဲ့ စည်းမျဉ်းဥပဒေအပိုင်းနဲ့ ပြည်သူတွေရဲ့ ယုံကြည်စိတ်ချလာမှုဆိုတဲ့ မမြင်ရသေးတဲ့အကြောင်းအရာတွေကိုဒေါက်တာစိုင်းဆမ်ထွန်းအနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်ပေးချင်လဲခင်ဗျ။

ဒေါက်တာစိုင်းဆမ်ထွန်း။  ။ ငွေဖြူငွေမဲကိစ္စက ကျွန်တော်သိပ်ပြီး ကျွမ်းကျွမ်းကျင်ကျင် မသုံးသပ်တတ်ပါဘူး၊ ကျွန်တော်သိသလောက် ကဒီစတော့အိတ်ချိန်းက ယုံယုံကြည်ကြည်သွားလို့ရတယ်၊ ဒီစတော့အိတ်ချိန်းရဲ့ ပါတနာသည် ဂျပန်ဖြစ်တယ်၊ဂျပန်အနေနဲ့ တော်တော်လေးစေ့စေ့စပ်စပ်လုပ်တဲ့အနေအထားရှိတယ်၊ အဲတော့ ကျွန်တော်တို့ုနိုင်ငံရဲ့ ငွေကြေးလည်ပတ်မှုသည် ပြောင်းလဲသွားတဲ့ အနေအထားတော့ရှိတာပေါ့ ၊အရင်တုန်းကကစားစရာမရှိတော့ ချဲ၊ထီထိုးတယ်၊ ကစားစရာမရှိတော့ ဘောလုံးပွဲလောင်းတယ်၊ကစားစရာမရှိတော့ မြေကစားတယ်၊ကစားစရာမရှိတော့ ခုနလိုငွေကြေးကစားတယ်၊အခုကစတော့မားကတ်ဆိုတာလုပ်တတ်ရင် အလွယ်ဆုံးငွေရှာတဲ့ လုပ်ငန်းဖြစ်တယ်၊ အလွယ်ဆုံးငွေဆုံးရှုံးနိုင်တဲ့လုပ်ငန်းလည်းတစ်ချိန်တည်းမှာဖြစ်တယ်၊ ဒါကို ကျွန်တော်တို့က ပြည်သူလူထုကိုပညာ ပေးပြီးလုပ်ဆောင်မယ်ဆိုရင် တိုင်းပြည်အတွက်ရောအများပြည်သူအတွက်ရောကောင်းတဲ့အလားအလာလို့ ကျွန်တော်မြင်ပါတယ်။

မဇ္ဈိမ။  ။ ဒေါက်တာစိုင်းဆမ်ထွန်းရဲ့ လွယ်ဟိန်းကုမ္ပဏီလီမိတက်အနေနဲ့ အများပိုင်ကုမ္ပဏီအဖြစ် စတော့ရှယ်ယာ ဈေးကွက်ထဲကို ဘယ်တော့လောက်ဝင်လာမှာလဲဗျ။

ဒေါက်တာစိုင်းဆမ်ထွန်း။ ။ နောက် ၃ နှစ်ပါ၊ ကျွန်တော်အဆင်သင့်ဖြစ်ဖို့ ၃ နှစ်လောက်လိုပါသေးတယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ စာရင်းထားသိုမှု၊ ကျွန်တော်တို့ လုပ်ပုံ၊ကိုင်ပုံ..Cooperate  ဖြစ်ဖို့ဆိုတာ ကျွန်တော် ၃ နှစ်လောက် ပြင်ဆင်ရမှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ တစ်ခြားဖြည့်စွက်ပြောချင်တာရှိလားဗျ။

ဒေါက်တာစိုင်းဆမ်ထွန်း။  ။ကျွန်တော်တို့ကယုံကြည်ထားတာရန်ကုန်စတော့အိတ်ချိန်းသည် အောင်မြင်ရမယ်၊ ရန်ကုန်စတော့အိတ်ချိန်းသည် နေ့ချင်းညချင်းတော့ မဖြစ်နိုင်ပါဘူး၊အဲတော့ ကျွန်တော်တို့ကListedလုပ်မယ့် ကုမ္ပဏီများလာဖို့လိုတယ်၊Account များများဖွင့်လာဖို့လိုတယ်၊ ငွေကြေးအရင်းအနှီးစုစည်းရာဖြစ်ဖို့လိုတယ်၊လူတွေကို ကျွန်တော် ပညာပေးရဦးမယ်။ကျွန်တော်တို့နိုင်ငံက ကင်းကွာနေတာကြာလှပြီ၊ စတော့ဈေးကွက်ဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိတယ်၊ ဒါကို ကျွန်တော် ပညာပေးတဲ့အချိန်၊ လေ့ကျင်တဲ့အချိန်လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags