ဖိလစ်ပိုင်ကမ်းရိုးတန်းကို တိုင်ဖွန်းမေလာတိုက်ခတ်သောကြောင့် လူ ရ သိန်းကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရ

ဖိလစ်ပိုင်ကမ်းရိုးတန်းကို တိုင်ဖွန်းမေလာတိုက်ခတ်သောကြောင့် လူ ရ သိန်းကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရ

မနီလာ၊ ဒီဇင်ဘာ - ၁၄ ။          ။ ပြင်းထန်သည့်မုန်တိုင်းက မိုးသက်လေပြင်းတွေနဲ့အတူ ကမ်းရိုးတန်းဧရိယာတွေကို ရိုက်ခတ်လိုက်တာကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းတွင် လူ ၇၀၀၀၀၀ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု ဆိုသည်။

တိုင်ဖွန်းမုန်တိုင်း မေလာမှာ အရှေ့ပိုင်း စမာကျွန်းသို့ ဦးတည်ရွေ့ရှားစဉ် ရက်သတ္တပတ် အဆုံးရက်တွင် လျင်မြန်စွာ အားကောင်းပြင်းထန်လာခဲ့သည်ဟု ဆိုသည်။

တနင်္လာနေ့ နံနက်ခင်းတွင်မူ တိုင်ဖွန်းမုန်တိုင်း မေလာမှာ အားပြင်းသော ဟာရီကိန်း အဆင့်-၃နှင့်ညီမျှသည့် အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီ ၁၂၅မိုင်နှုန်း ရှိခဲ့သည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် လူနေထူထပ်သည့် မြို့တော် မနီလာတစ်ဝိုက်အပါအဝင် ဖိလစ်ပိုင်ကျွန်းစု အလယ်ပိုင်းတစ်ခွင်တွင် မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိနေသည်ဟု ဆိုသည်။

‘မိုး တော်တော် ရွာသွန်းမယ့်သဘောရှိတယ်။ ဆိုလိုတာက မြေပြို ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်’’ဟု စီအင်အင်၏ မိုးလေဝသ သတင်းတင်ဆက်သူ ဒရက် ဗန်ဒန်က သတိပေးခဲ့သည်။

ဖိလစ်ပိုင်တွင် နိုနာဟုခေါ်ကြသည့် တိုင်ဖွန်းမုန်တိုင်း မေလာမှာ တနင်္လာနေ့တွင် လူနဲကျဲပါးသည့် မြောက်ပိုင်း စမာကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေသည်။ ထို့နောက် အနောက်ဘက် နိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည့် လူဇွန်တောင်ဘက်စွန်း မြို့ပြဧရိယာများသို့ ဦးတည် ရွေ့ရှားဖွယ် ရှိနေသည်ဟု ဆိုသည်။    

အမျိုးသား သဘာဝကပ်ဘေးအေဂျင်စီ၏ ပြောကြားချက်အရ လူဇွန်တောင်ပိုင်းမှ အများစုဖြစ်သည့် လူပေါင်း ၇၂၅၀၀၀ခန့်ကို ကြိုတင်၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ဆိုသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဖျက်သိမ်းထားပြီး ပင်လယ်ခရီးသွား ၈၀၀၀ခန့်မှာ ဆိပ်ကမ်းများတွင် သောင်တင်နေကာ၊ ကျောင်းအတော်များများလည်း ပိတ်ထားခဲ့ရသည်ဟု ဆိုသည်။

မိုးလေဝသပညာရှင်များက အပူပိုင်း ဆိုင်ကလုန်းများ ဝင်ရောက်ရာလမ်းကြောင်းအဖြစ် သတ်မှတ်ထားသဝည့် ပစိဖိတ်အနောက်ပိုင်း ဧရိယာအတွင်း တည်ရှိနေသောကြောင့် ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းများ၏ တိုက်ခိုက်မှုကို မကြာခဏခံနေရသည်ဟု ဆိုသည်။

မကြာသေးမီနှစ်များအတွင်း ဖိလစ်ပိုင်ကို တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အသေအပျောက်အများဆုံးမှာ စူပါတိုင်ဖွန်း ဟိုင်ယန်ဖြစ်ပြီး ၂၀၁၃ခုနှစ် နိုဝင်ဘာလက တိုက်ခတ်ခဲ့သော အဆိုပါမုန်တိုင်းအတွင်း လူပေါင်း ၇၀၀၀ကျော် သေကြေပျောက်ဆုံးခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly