တရုတ်၏ ခြစားမှုနှိမ်နင်းရေးကြောင့် သတ်သေမှုများ၊ ပုံမှန်မဟုတ်သည့် သေဆုံးမှုများ ပိုများလာ

တရုတ်၏ ခြစားမှုနှိမ်နင်းရေးကြောင့် သတ်သေမှုများ၊ ပုံမှန်မဟုတ်သည့် သေဆုံးမှုများ ပိုများလာ

ပေကျင်း၊ ဒီဇင်ဘာ ၁၄ ။             ။ တရုတ်သမ္မတ ရှီကျင်ပင်းက ကွန်မြူနစ်ပါတီတွင်း ခြစားမှုနှိမ်နင်းရေးကို မကြုံစဖူးထုတ်ပယ်သန့်စင် အရေးယူမှုစတင်ပြီး သုံးနှစ်အကြာ နိုင်ငံတွင် သတ်သေမှုများ၊ ပုံမှန်မဟုတ်သည့် သေဆုံးမှုများ ပိုများလာသည့်အတွက် ယင်းသို့သေဆုံးမှုများ ရပ်တန့်ရန် စုံစမ်းစစ်ဆေးသည့် နည်းလမ်းများကို ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံရှိ နိုင်ငံရေးလေ့လာ သူများက ပြောကြားသည်။

ယခုနှစ်တွင် နိုင်ငံတစ်ဝန်း အနည်းဆုံး အရာရှိ ၂၇ ဦးသေဆုံးကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက အစီရင်ခံထားသည်။ သေဆုံးမှုအများအပြားမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုများဖြစ်သကဲ့သို့ အခြားသေဆုံးမှုအများအပြားမှာလည်း မြစ်များအတွင်းရေနစ်သေခြင်း၊ အဆောက်အဦများပေါ်မှ ပြုတ်ကျခြင်းကဲ့သို့ ပုံမှန်မဟုတ်သည့် အကြောင်းရင်းများဖြင့် သေဆုံးခြင်းဖြစ်သည်။ မကြာသေးမီက သာဓကတစ်ခု အဖြစ်ဟီနန်ပြည်နယ် ချင်ယန်းမြို့လေးမှ ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ တိန့်ယုရှန်သည် ၎င်း၏ရုံးအဆောက်အဦပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

မစ္စတာတိန့်သည် လုပ်ငန်းစစ်ဆေးရေးခရီးစဉ်နှင့် ပတ်သတ်၍ အခြားအရာရှိများကို ညွှန်ကြားရန်ပြင်ဆင်နေစဉ် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ကြေညာခဲ့သည်။ သို့သော်လည်း အွန်လိုင်းတွင်မူ လူအများက သံသယရှိကြောင်း ရေးသားခဲ့ကြပြီး ယင်းသို့သေဆုံးမှုမှာ သုံးနှစ်ကြာနေပြီဖြစ်သည့် ခြစားမှုနှိမ်နင်းရေးစစ်ဆင်ရေးနှင့် ဆက်စပ်မှုရှိမရှိ မေးမြန်းခဲ့ကြသည်။ ယင်းစစ်ဆင်ရေးက နိုင်ငံတစ်ဝန်း အရာရှိ ၃၀,၀၀၀ကျော်ကို အပြစ်ပေးခဲ့သည်။

"မီဒီယာက တက်တဲ့သတင်းတွေအရတော့ ဟူကျင်တောင်လက်ထက်မှာထက် ရှီကျင်ပင်းလက်ထက်မှာ အစိုးရအရာရှိတွေ သတ်သေမှုပိုများပါတယ်"ဟု ရှန်ဟိုင်းရှိ East China Normal University မှ နိုင်ငံရေးပါမောက္ခ ချိရှင်းဖာက ပြောကြားခဲ့သည်။ "မီဒီယာအစီရင်ခံမှုတွေက ဒီလိုသေဆုံးမှုအမှန်တကယ်တိုးပွားနေတာကို တိတိကျကျမဖော်ထုတ်နိုင်ပေမဲ့ ကျွန်တော့်အနေနဲ့ပြောရရင် ဒီလိုသေဆုံးမှုပမာဏ မြင့်တက်လာနေတယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းကဆိုသည်။

သေဆုံးခဲ့သောအရာရှိများမှာ ခြစားမှုသံသယရှိခံရခြင်းရှိမရှိ သေချာသိရန် ခက်ခဲသော်လည်း ကျယ်ပြန့်သည့် ခြစားမှုစစ်ဆင်ရေးကြောင့် အစိုးရဝန်ထမ်းအများအပြားမှာ ကြောက်လန့်နေသည်။ နှိမ်နင်းမှုတွင် အဆင့်မြင့်အရာရှိတစ်ချို့အရေးယူခံရသော်လည်း နှိမ်နင်းမှုစစ်ဆင်ရေးဒဏ်ကို အရာရှိငယ်အများစုက ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly