အီဂျစ်နိုင်ငံတွင် လွတ်လပ်စွာဖော်ပြခွင့်မှာ မူဘာရက်ခေတ်ကထက်ပင် နိမ့်ကျဆိုးရွားလျှက်ရှိဟုဆို

အီဂျစ်နိုင်ငံတွင် လွတ်လပ်စွာဖော်ပြခွင့်မှာ မူဘာရက်ခေတ်ကထက်ပင် နိမ့်ကျဆိုးရွားလျှက်ရှိဟုဆို

ကိုင်ရို၊ ဒီဇင်ဘာ - ၁၄ ။            ။ အီဂျစ်နိုင်ငံတွင် သမ္မတ အဗ္ဗဒူ ဖာတာ အယ်လ် စီစီ၏ အစိုးရမှာ ကမ္ဘာကြီးက မြောက်အာဖရိကနိုင်ငံကို မကောင်းကြံနေသည်ဟူသော သဘောတရားများဖြင့် ပြည်သူကို လှည့်စားကာ လွတ်လပ်စွာဖော်ပြခွင့်ကို ပြင်းပြင်းထန်ထန် တင်းကျပ်နေသည်ဟု အထင်ကရ အီဂျစ်စာရေးဆရာ၊ ဝတ္ထုရေးဆရာနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အလာ အယ်လ် အက်စ်ဝါနီက ပြောကြား ခဲ့သည်။

အေပီသတင်းဌာန၏ သတင်းပို့ချက်အရ အရောင်းရဆုံးစာအုပ် Yacoubian Building ကိုရေးသားခဲ့သည့် စာရေးဆရာ အက်စ်ဝါနီက သူဟောပြောရန်စီစဉ်ထားသည့် မြောက်ပိုင်း အလက်ဇန်းဒရိယမြို့မှ ယဉ်ကျေးမှုအသင်းတစ်ခုမှ ပြုလုပ်သည့် ပွဲတစ်ခုကို အီဂျစ်အစိုးရ ဖိအားပေး ဖျက်သိမ်းခိုင်းပြီးနောက်တွင် ယခုကဲ့သို့ ဖွင့်ဟပြောကြားလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာပိုင်များအား ၎င်းကို ရုပ်သံချဲနယ်များတွင် ဖော်ပြခြင်းမှ ပိတ်ပင်ထားခဲ့သလို အီဂျစ်သတင်းစာများတွင် ပုံနှိပ်ခြင်းမှလည်း တားမြစ်ထားခဲ့သည်ဟုဆိုသည်။

‘လွတ်လပ်စွာဖော်ပြခွင့်ဟာ အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပြီး ဟို့စနီ မူဘာရက်ရဲ့ ခေတ်မှာထက်တောင် ပိုဆိုးသွားပါတယ်’ဟု အက်စ်ဝါနီက ၂၀၁၁ခုနှစ်တော်လှန်ရေး အတွင်း ဖြုတ်ချဖယ်ရှားခံခဲ့ရ သည့် နိုင်ငံ၏ ကာလရှည်အာဏာရှင်ကို ရည်ညွှန်းပြောကြားခဲ့သည်။

စီစီသမ္မတဖြစ်လာခဲ့တဲ့ ယမန်နှစ်ဇွန်လကတည်းက ရုပ်သံအစီအစဉ်များတွင် ပါဝင်ရန်နှင့် သတင်းစာကော်လံများတွင် ရေးသားပေးရန် တောင်းဆိုမှုများမှာ ရပ်စဲသွားခဲ့သည်ဟု ဆိုသည်။

အချို့သတင်းစာမန်နေဂျာများက ၎င်းတို့အား တိုက်ရိုက်ဖိအားပေးခံနေရ၍ အက်စ်ဝါနီနှင့် စာချုပ်မချုပ်နိုင်ကြောင်း ပြောကြားကြသည်ဟု ဆိုသည်။ တီဗွီအစီအစဉ်များနှင့် ပတ်သက်၍လည်း အာဏာပိုင် များက အက်စ်ဝါနီကို ရုပ်သံဖန်သားပြင်များပေါ်တွင် မတွေ့လိုကြောင်း ဖိအားပေးကြသည်ဟု အထင်ကရ သတင်းကြေညာသူတစ်ယောက်ဖြစ်သည့် သူငယ်ချင်းဖြစ်သူက အက်စ်ဝါနီကို ပြောကြား ခဲ့သည်ဟု ဆိုသည်။

စီစီ၏ ပေါ်လစီများကို အထင်ကရဝေဖန်သူတစ်ဦးဖြစ်သည့် အက်စ်ဝါနီမှာ ၎င်း၏ စာပေလက်ရာများအတွက် နိုင်ငံတကာမှ ပေးအပ်သည့် ဆုအမြောက်အများ ရရှိထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly