ပါရီတိုက်ခိုက်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိသည်ဟု နိုအမ် ချောင်စကီးပြော

ပါရီတိုက်ခိုက်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိသည်ဟု နိုအမ် ချောင်စကီးပြော

တီဟီရန်၊ ဒီဇင်ဘာ - ၁၄ ။           ။ ထိပ်တန်း နိုင်ငံရေးဝေဖန်သုံးသပ်သူနှင့် အတွေးအခေါ်ပညာရှင် နိုအမ် ချောင်စကီးက ပြီးခဲ့သည့်လက ပါရီအကြမ်းဖက် တိုက်ခိုက်မှုများအတွက် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များကို အပြစ်တင်ခဲ့သည်။

မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ချောင်စကီးက အီရတ်နှင့် အာဖဂန်ကို အမေရိကန်ခေါင်းဆောင်သည့် ကျူးကျော်မှုမှာ မကြာသေးမီက ကမ္ဘာနှင့်အဝန်းကို ရိုက်ခတ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု လှိုင်းလုံးများ၏ အကြောင်းရင်း ဇစ်မြစ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဥရောပနှင့် အမေရိကန် နိုင်ငံရေးသမားများနှင့် ပတ်သက်၍လည်း နောက်ထပ်အကြမ်းဖက်မှုတွေကို အားပေးအားမြှောက် လုပ်ချင်တာလား။ အဲဒီလို အကြမ်းဖက်မှုမျိုးကို အဆုံးသတ်စေချင်တာလား။ သူတို့ ရွေးချယ်ရမယ်ဟု နိုအမ် ချောင်စကီးက ပြောကြားခဲ့သည်။

‘အကြမ်းဖက်မှုတွေကို အဆုံးသတ်စေချင်ရင် ပထမဆုံးမေးခွန်းက ဘာ့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်နေရသလဲဆိုတာပဲ။ လတ်တလော အကြောင်းအချက်တွေနဲ့ အခြေခံအကျဆုံး ဇစ်မြစ်တွေက ဘာတွေလဲဆိုတာပဲ။ အဲဒါတွေကိုသိမှ ဖြေရှင်းလို့ရမယ်’ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။  

 ‘ကျနော်တို့မှာရှိတဲ့ တစ်ခုတည်းသော သတင်းအချက်အလက်က အိုင်အက်စ်တွေက ပေးတာပဲ။ ခင်ဗျားတို့က ကျုပ်တို့ကို ဗုံးကြဲရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ကို တိုက်ခိုက်မယ်ဆိုတာပဲ’ ဟုလည်း ချောင်စကီးက ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် အထူးသဖြင့် အိုင်အက်စ်အုပ်စု၏ အကြမ်းဖက်မှုကို စစ်အင်အားတစ်ခုတည်းဖြင့် မနှိမ်နင်းနိုင်ကြောင်းလည်း ချောင်စကီးက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ချောင်စကီးက အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ်ပစ်မှတ်များကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်သည့် နည်းဗျူဟာမှာ ပါရီတွင်ဖြစ်ပျက်ခဲ့သည်နှင့် အလားတူ အကြီးစား အကြမ်းဖက်တိုက်ခိုက်မှုများကိုသာ တိုးတက်မြင့်မားလာစေသည်ဟုလည်း ဝေဖန်ခဲ့သည်။

ဇစ်မြစ်အကြောင်းတရားကို မဖြေရှင်းလျှင် အမေရိကန်နှင့် မဟာမိတ်များက အိုင်အက်စ်အုပ်စုကို ဖျက်ဆီးနိုင်ဦးတော့၊ နောက်ထပ် ပိုမိုကြောက်စရာကောင်းသည့် စစ်သွေးကြွအုပ်စုတစ်စု ပေါ်ထွက်လာမည်ဟုလည်း ချောင်စကီးက သတိပေးခဲ့သည်။

အနည်းဆုံး လူ ၁၃၀သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် နိုဝင်ဘာ၁၃ရက် ပါရီတိုက်ခိုက်မှုများအပြီးတွင် ချောင်စကီးက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

ဆီးရီးယားအစိုးရကို မငြိမ်မသက်ဖြစ်စေရန် ၂၀၁၂ခုနှစ်က ဂျော်ဒန်တွင် စီအိုင်အေက လေ့ကျင့်ပေးခဲ့သည့် အိုင်အက်စ်အကြမ်းဖက်သမားများက ပါရီတိုက်ခိုက်မှုများမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သို့ရာတွင် အိမ်ဖြူတော်အရာရှိဟောင်း ပေါ ခရိတ်လို တစ်သီးပုဂ္ဂလ ဝေဖန်သုံးသပ်သူများကမူ စက်တင်ဘာ၃၀ရက်နေ့ကတည်းက အိုင်အက်စ်အကြမ်းဖက်သမားများကို လေကြောင်းမှ တိုက်ခိုက်နေသည့် ရုရှကို တန်ပြန်ဟန့်တားရန်အတွက် ပြင်သစ်နိုင်ငံ ဆီးရီးယားစစ်ပွဲထဲ ဝင်လာစေရန် အမေရိကန်နှင့် နေတိုးတို့က ပါရီတိုက်ခိုက်မှုများကို ပုံမှားရိုက်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly