ပါကစ္စတန်မြို့ကြီးတစ်ခု၏ စျေးတွင်ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား ၂၄ ဦးသေဆုံး

ပါကစ္စတန်မြို့ကြီးတစ်ခု၏ စျေးတွင်ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား ၂၄ ဦးသေဆုံး

ပါရာချီနာ၊ ဒီဇင်ဘာ ၁၄ ။             ။ ဒီဇင်ဘာ ၁၃ က ပါကစ္စတန်အနောက်မြောက်ပိုင်း ပါရာချီနာမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ၂၄ဦးသေဆုံးခဲ့ပြီး လူ ၇၀ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ပိတ်ပင်ခံထားရသည့် ဆွန်နီအစ္စလာမ္မစ်အုပ်စုတစ်ခုက ဆိုသည်။

ဒီဇင်ဘာ ၁၃က တိုက်ခိုက်မှုမှ ဈေးတစ်ခုရှိ လူအုပ်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ပါရာချီနာဒေသဆိုင်ရာအစိုးရအရာရှိတစ်ဦးဖြစ်သူ ရီးယက်ဇ်ဟူစိန်က ပြောသည်။ "သေဆုံးသူဦးရေ ၂၄ဦးအထိရောက်ရှိခဲ့ပြီး လူ ၇၀ ဒဏ်ရာရရှိခဲ့ပါတယ်"ဟု ကာရမ်အေဂျင်စီ၏ နိုင်ငံရေးဆိုင်ရာအကြီးအကဲ အမ်ဂျက်အလီခန်က ပြောသည်။ ပါရာချီနာသည် ကာရမ်တောင်ကြားဒေသ၏ မြို့တော်ဖြစ်သည်။ သေဆုံးသူအရေအတွက်မှာ ပြင်းထန်စွာဒဏ်ရာရရှိသူများကြောင့် တိုးလာနိုင်သည်ဟု အရာရှိများက ပြောသည်။

"ဒါဟာ ဆီးရီးယားသမ္မတနဲ့ အီရန်က မွတ်စလင်တွေကို သတ်ဖြတ်မှုအတွက် ဂလဲ့စားချေလိုက်တာပါ"ဟု ပိတ်ပင်ခံရသည့် အစ္စလာမ္မစ်အုပ်စုတစ်ခုဖြစ်သော Lashkar-e-Jhangvi (LeJ) မှ အလီဘင်ဆူဖီယန်ကပြောသည်။ ၎င်းအဖွဲ့၏ ဂိုဏ်းဂဏသဘောတရားရေးမှာ အိုင်အက်စ်နှင့် အလွန်နီးစပ်သည်။ ယခုသီတင်းပတ်အစောပိုင်းက ဇေနာဘီယောင်ဟု ခေါ်ဆိုသော ရှီယိုက်ပါကစ္စတန်တိုက်ခိုက်ရေးသမားများအဖွဲ့တစ်ခုက ဆီးရီးယားရှိ အိုင်အက်စ်တို့ကို စစ်ကြေညာမှုတွင် ပါဝင်လာခဲ့သည်။

ဆွန်နီမွတ်စလင်အများစုရှိသော ပါကစ္စတန်တွင် ပါရာချီနာတွင် ရှီးယိုက်မွတ်စလင်အများအပြားရှိသည်။ ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ ဆီးရီးယားတွင် တိုက်ခိုက်နေသော ပါကစ္စတန်လူမျိုးရာပေါင်းများစွာရှိသည်ဆိုသည်။ ပါရာချီနာတွင် နေထိုင်သူများသည် ရှီးယိုက်များကိုယ်စား စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ပေးရန် အီရန် သို့မဟုတ် ဆီးရီးယားသို့ မသွားရောက်သင့်ဟု မစ္စတာဆူဖီယန်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly