နန်ကျင်းအစုလိုက် အပြံုလိုက်သတ်ဖြတ်မှု အထိမ်းအမှတ်ပွဲကို ကြီးမားစွာမပြုလုပ်ဘဲ တရုတ်ကျင်းပ

နန်ကျင်းအစုလိုက် အပြံုလိုက်သတ်ဖြတ်မှု အထိမ်းအမှတ်ပွဲကို ကြီးမားစွာမပြုလုပ်ဘဲ တရုတ်ကျင်းပ

ပေကျင်း၊ ဒီဇင်ဘာ - ၁၄ ။           ။ ဒုတိယမြောက် နိုင်ငံအဆင့် နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အထိမ်းအမှတ်နေ့ကို ကြီးမားစွာမပြုလုပ်ဘဲ တရုတ်က ကျင်းပခဲ့သည်။ သမ္မတရှီကျင်ပင်းမှာ ယင်းပွဲသို့မတက်ရောက်ခဲ့ဘဲ အခမ်းအနားကို ယခင်ကပွဲနှင့် နှိုင်းယှဉ်လျင် အငယ်တန်းအရာရှိတစ်ဦးကသာ ဦးဆောင်ကျင်းပခဲ့သည်။

နာကျင်ဖွယ်အတိတ်သမိုင်းကြောင့် တရုတ်နှင့် ဂျပန်တို့အချင်းများနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။၁၉၃၇ခုနှစ်က ထိုစဉ်က တရုတ်၏မြို့တော်ဖြစ်သော နန်ကျင်းတွင် ဂျပန်တပ်ဖွဲ့ဝင်များက တရုတ်လူမျိုး ၃၀၀,၀၀၀ကို သတ်ဖြတ်ခဲ့သည်ဟု တရုတ်က ၎င်း၏ပြည်သူများကို အစဉ်တစိုက်သတိပေးခဲ့သည်။ စစ်ပြီးခေတ် မဟာမိတ်ခုံရုံးက ၁၄၂,၀၀၀သေဆုံးခဲ့သည်ဟု သတ်မှတ်ခဲ့သည်။ သို့သော်လည်း ကွန်ဆာဗေးတစ် ဂျပန်နိုင်ငံရေးသမားတစ်ချို့နှင့် ပညာရှင်အချို့က ယင်းသို့အစိုလိုက်အပြုံလိုက်သတ်ဖြတ်မှု လုံးဝမဖြစ်ပွားခဲ့ဟု ငြင်းဆိုထားသည်။

သို့သော်လည်း အိမ်နီးချင်းနိုင်ငံများသည် နာကျင်ဖွယ်အတိတ်သမိုင်း၏ အရိပ်မည်းကြီး ကြာရှည်စွာ ရှိနေလင့်ကစား ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်လျက်ရှိသည်။ လွန်ခဲ့သည့်လက တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် သုံးနှစ်အတွင်း သုံးပွင့်ဆိုင် ပထမဆုံးထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ လွန်ခဲ့သည့်နှစ်က တရုတ်၏ ပထမဆုံးတရားဝင်ပြုလုပ်သည့် နန်ကျင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အထိမ်းအမှတ်ပွဲသို့ ရှီကျင်ပင်းတက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် တရုတ်လွှတ်တော်ဆိုင်ရာအမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ မစ္စတာလီကျန်ကောင်းက အဓိကမိန့်ခွန်းပြော ကြားခဲ့သည်။

အခမ်းအနားတွင် နိုင်ငံပိုင်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်သော ပုံရိပ်များတွင် ဈာပနတေးကိုဖွင့်နေစဉ် စစ်သားများက အဓိကအထိမ်းအမှတ်အဆောက်အဦရှေ့တွင် နေရာယူခဲ့ကြသည်။ အခမ်းအနားတွင် ကျူးကျော်သူများ၏ ပြစ်မှုများကို တရုတ်က မည်သူ့ကိုမျှငြင်းဆိုခွင့် ပြုမည်မဟုတ်ကြောင်း စစ်သားများ၊ စစ်ပြန်များနှင့် ကျောင်းသားများပါဝင်သည့် ရာပေါင်းများစွာသော ပြည်သူများရှေ့တွင် မစ္စတာလီ က ပြောကြားခဲ့သည်။ အထိမ်းအမှတ်ကို တရုတ်က ကျင်းပနေခြင်းမှာ အမုန်းတရာကို ကြာရှည်စေလို၍ မဟုတ်ဘဲ ပိုမိုငြိမ်းချမ်းသော အနာဂါတ်တစ်ခုကို ခိုင်မာစေလို၍သာ ကျင်းပခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ကျူးကျော်စစ်ကို အလှဆင်ရန် ကြိုးပမ်းသူများ သို့မဟုတ် သမိုင်းကိုနောက်ပြန်ဆွဲသူများကို လုံးဝဆန့်ကျင်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly