မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေး အစီအမံများ(၃)

မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေး အစီအမံများ(၃)

မြန်မာပြည် အရှေ့ပိုင်း

မေမြို့ငလျင် (၁၉၁၂)နှင့် ကျောက်ကြမ်း ပြတ်ရွေ့

လွန်ခဲ့သော နှစ် ၁၀၀ ခန့်က ရှမ်းကုန်းမြင့် အနောက်ခြမ်း ယခု ပြင်ဦးလွင်နှင့် နောင်ချိုမြို့များ အနီးတစ်ဝိုက်ကို ဗဟိုပြုကာ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခဲ့သည်။ ငလျင်လှုပ်ချိန်သည် ၁၉၁၂ မေ ၂၃၊ နံနက် ၉ နာရီခန့် ဖြစ်သည်။ ထိုငလျင်ကို အိန္ဒိယ နိုင်ငံ ကိုလံဘို ငလျင်စခန်းက မှတ်တမ်း တင်နိုင်ခဲ့သည်။ ငလျင်လှိုင်းပုံကို ပုံ (၁)၌ ကြည့်နိုင်သည်။

ပုံ (၁) ၁၉၁၂ မေ ၂၃ ငလျင်၏ ငလျင်လှိုင်းပုံ။ (Brown, 1917)

ထို ငလျင်လှိုင်းပုံအရ ငလျင်အရွယ်အစားသည် ရစ်ချတာတန်ဖိုး (၈.ဝ) Richter Magnitude (8.0) ဟု ဆိုသည်။ အာဘီနှင့် နိုဂူချီ (Abe and Noguchi, 1983) တို့က မြေပြင်လှိုင်း မှတ်တမ်းပုံ များကို ပြန်လည် ဆန်းစစ်ကာ ပမာဏ (၇.၇) ဟု ပြထားသည်။ ဘရောင်း (Brown, 1917) ၏ မှတ်တမ်းအရ ၁၉၁၂ မေလ ၁၈ နံနက် ၃ နာရီ လောက်က အင်အား အသင့်အတင့် ရှိသောငလျင် လှုပ်သည်ဟု ဆိုသည်။ ထို့နောက် ငလျင်လေးများ ကြိုးကြား ကြိုးကြား လှုပ်နေရာက မေလ ၂၁ နေ့လည် ၃ နာရီ ဝန်းကျင်၌ ငလျင်ပြင်း လှုပ်သည်။ တကယ်တန်း အင်အားကြီး ငလျင်က နောက် ၂ ရက်အကြာ မေလ ၂၃ နံနက် ၉ နာရီ ဝန်းကျင်၌ လှုပ်သည်။ မေမြို့မှ နောင်ချိုသွား ရထားလမ်း မိုင်တိုင် ၄၅၀ (မေမြို့မှ ၂၉ မိုင်)၊ ကျောက်ကြမ်းရွာအနီး ရထားလမ်းပိုင်း အချို့ကွေးကောက်ကုန် သည်။ တာပေါင်လည်း ပြိုကျကာ အရှေ့ဖက်သို့ ၅ပေခန့် လျောဆင်း သွားသည်။ ကျောက်လုံးများ (တန်ချိန် ၃၀၀ ခန့်ဟု ခန့်မှန်းကြသည်) ပြိုကျကာ ရထားလမ်း ပိတ်သွားသည်။

ငလျင်ဗဟိုချက်နှင့် အနီးဆုံးဟု ယူဆရသည့် နေရာသည် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာ၊ မြင်းဖြူရွာ များ ဖြစ်သည်။ မြင်းဖြူရွာ၏ အနောက်ဖက် ၂မိုင်ခန့်သွားလျှင် ကျောက်ကြမ်း ပြတ်ရွေ့ ကမ်းပါးကို တွေ့နိုင်ပြီး ထိုကမ်းပါးတစ်လျောက် နေရာအတော်များများ ပြိုကျကာ ချောင်းငယ်များ ပိတ်ဆို့ကုန်သည်ဟု ဆိုသည်။ ရေပွက်ခြင်း၊ မြေပျော်ခြင်း၊ သဲမှုတ်ခြင်း စသည့် ငလျင်ဗဟိုချက်နှင့် နီးသောနေရာများ၌ ဖြစ်လေ့ရှိသော ဖေါ်ပြချက်များကို မြင်းဖြူရွာ အနီး၌ တွေ့ရသည်။ ဤငလျင်သည် ကျောက်ကြမ်းပြတ်ရွေ့ လှုပ်ရှားမှုနှင့် ဆက်စပ်ပြီး ငလျင်ဗဟိုချက်မှာ မြေပြင်ထိခိုက်မှု အများဆုံး ရှိသော ကျောက်ကြမ်းရွာနှင့် မြင်းဖြူရွာ တစ်ဝိုက်အတွင်းသာ ဖြစ်နိုင်သည်။ ထိုစဉ်က အနီးဆုံး ငလျင်ဖမ်းစက်မှာ အိန္ဒိယနိုင်ငံ ကိုလံဘို ဖြစ်သဖြင့် ငလျင်ဗဟိုချက် ခန့်မှန်းချက် လွဲချော်မှု ရှိနိုင် သည်။ ငလျင်ဗဟိုချက်ကို တောင်ကြီးမြို့ အနောက် မြောက်ဖက် ၂၅ ကီလိုမီတာခန့်အကွာ အရှေ့ လောင်ဂျီတွတ် ၉၇ နှင့် မြောက်လတ္တီတွတ် ၂၁ ဟု ဖေါ်ပြ ထားသည်။ ဘရောင်း (Brown, 1917) ၏ ကွင်းဆင်း တိုင်းတာချက်များအရ လည်းကောင်း၊ မြေမျက်နှာ သွင်ပြင် ဖေါ်ပြချက်များအရ လည်းကောင်း၊ ငလျင်ဗဟိုချက်သည် မြင်းဖြူရွာအနောက်ဖက် တောင်ပြိုမှု အကြီးအကျယ် ဖြစ်ခဲ့သည့် နေရာဟုသာ ဆုံးဖြတ်သည်။

ဘရောင်း၏ မှတ်တမ်းအရ မေမြို့ (ယခု ပြင်ဦးလွင်) ၌ အတော် ထိခိုက်သည်။ ထိုစဉ်က အိမ်များသည် အုတ်စီ ဆောက်ထားပြီး ငလျင်ဒဏ် ခံနိုင်ရည် နည်းပုံရသည်။ အိမ်ခြေ အဆောက်အဦ အားလုံးနီးပါးပင် ထိခိုက် ပျက်စီးသွားပုံရသည်။ နောင်ချိုလည်း ထိုနည်းတူစွာပင် ထိခိုက်သည်။ ဘုရား စေတီ ၆၀ ကျော် ပျက်သည်။ မန္တလေး၌လည်း အတော်ပျက်သည်။ အုတ်နှင့် ဆောက်သော အဆောက်အဦများ အကြီးစား ပြင်ဆင်ရသည်ဟု ဆိုသည်။ ဈေးချိုတော် နာရီစဉ်၊ ရေစဉ်ကြီးများ တိမ်းစောင်း ကုန်သည်။ ဘုရားစေတီ အတော်များများလည်း ပျက်၍ ပြင်ရသည်။ မိုးကုတ်၊ သပိတ် ကျင်း၊ မိုးမိတ်၊ သီပေါ၊ ဆီဆိုင် မြို့များ၌လည်း အုတ်တိုက် အဆောက်အဦများ ပျက်သည်။ ဘုရား စေတီများ ပြိုသည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၌လည်း ပျက်စီး ထိခိုက်မှုရှိသည်။ အုတ်တိုက် များမှာ ပလာစတာ မခိုင် အက်ကွဲကုန်သည်ဟု ဆိုသည်။ စေတီတော် ထိပ်ပိုင်းများ ပြိုကျသည်။ ဟဲဟိုး၊ ညောင်ရွှေလည်း မလွတ်။ ညောင်ရွှေမြို့နယ်၌ အိမ်ပြိုကျ မှုများ ရှိသည်။

ညောင်ရွှေသည် ကျောက်ကြမ်း ပြတ်ရွေ့ပေါ်မှ မြို့ ဖြစ်သည်။ ထို့ကြောင့် ငလျင်ဗဟိုချက် နှင့် ဝေးသော်လည်း အခြားမြို့များထက်စာလျှင် ပိုခံရပုံ ရှိသည်။ အင်းလေးကန်၌ ရေလှိုင်းထသည်ဟု ဆိုသဖြင့် အသေးစား ဆူနာမီ ဖြစ်ပုံရသည်။ လွိုင်ကော်ဖက်၌လည်း အုတ်နှင့် ဆောက်သော အဆောက် အဦများ အက်သည်ဟု ဖေါ်ပြထားသည်။ ငလျင်အရှိန်ကို မြန်မာနိုင်ငံတွင်းသာမက ထိုင်းနိုင်ငံ၊ တရုတ်ပြည် ယူနန်နှင့် အိန္ဒိယ အရှေ့မြောက်ပိုင်း အရပ်များကပါ ခံစားကြရကြောင်း သိရသည်။ ငလျင်ပြင်းအား သက်ရောက်ပုံကို ဘရောင်းက ပုံ (၂) အတိုင်း ဖေါ်ပြထားသည်။

ပုံ (၂) မေမြို့ငလျင် ပြင်းအား သက်ရောက်ပုံ။ Brown (1917)

ထိုငလျင်သည် ကျောက်ကြမ်း ပြတ်ရွေ့နှင့် ဆက်စပ်ကြောင်း ဘရောင်းက ဆိုသည်။ မေမြို့ နောင်ချို မီးရထားလမ်းအတိုင်း မှတ်တမ်းတင်ခဲ့ပြီး အပျက်များသည် ကျောက်ကြမ်းရွာကို မီ၍ ကျောက်ကြမ်း ပြတ်ရွေ့ဟု အမည်ပေးခဲ့သည်။ ပြတ်ရွေ့အလျားကို ၆၀ ကီလိုမီတာခန့် ပြထားသည်။ ငလျင်နှင့် ဆက်စပ် သည့် အပိုင်းကို ပုံ (၃) ၌ ပြထားသည်။ ရှမ်းကုန်းမြင့်မှ အရှေ့အနောက် စီးလာ သော  မြစ်ငယ်မြစ်သည် ထိုပြတ်ရွေ့ကြောင့် တောင်-မြောက် အတိုင်း ခေါက်ကွေ့ပြီး စီးရသည်။ ထို ခေါက်နေသော အပိုင်းသည် ၄ကီလိုမှ ၆ ကီလိုမီတာခန့်အထိ ရှိသည်။ အင်ဝိုင်းချောင်းသည် ပြတ်ရွေ့အတိုင်း  ကျောက်ကြမ်းရွာဖက်မှ တောင်ဖက်သို့ စီး၍ မြစ်ငယ်မြစ်အတွင်းသို့ ဝင်သည်။ ပြတ်ရွေ့၏ ထိုအဆစ်ပိုင်းကို မယ်ဟုန်အပိုင်း MeHung Segment (Tint Lwin Swe et al, 2007) ဟု အမည်ပေးထားသည်။

ပုံ (၃) ၁၉၁၂ မေမြို့ ငလျင်နှင့် ဆက်စပ်သော ကျောက်ကြမ်းပြတ်ရွေ့ (မယ်ဟုန် အဆစ်ပိုင်း)

နောက်ပိုင်း လေ့လာမှုများအရ ကျောက်ကြမ်း ပြတ်ရွေ့သည် ၅၀၀ ကီလိုမီတာခန့် ရှိပြီး စစ်ကိုင်း ပြတ်ရွေ့ကဲ့သို့ပင် အလျားလိုက် ပြတ်ရွေ့မျိုး ဖြစ်သည်ကို တွေ့ရသည်။ ပြတ်ရွေ့တစ် လျောက် ဘူမိဗေဒ လေ့လာမှု များကို စိုးမင်းက တင်ပြထားသည်။ သူ၏လေ့လာမှုအချို့ကို ပုံ(၄)၌ ပြထားသည်။ ကျောက်ကြမ်း ပြတ်ရွေ့သည် အစောပိုင်းက လက်ဝဲရွေ့ left lateral ရွေ့ထား သည်။ မြစ်ငယ်မြစ်သည် လက်ဝဲဖက်သို့ ၆ ကီလို မီတာခန့် ရွေ့ထားသည်ကို တွေ့ရသည်။ ထိုနောက်တွင်မှ စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ လင်္ကျာရွေ့ right lateral ရွေ့ခဲ့သည်။ မယ်ဟုန်အပိုင်း၌ ရှိနေသော မြစ်ငယ် မြစ်သည် လကျာၤရွေ့အတိုင်း ၄.၅ ကီလိုမီတာ ရွေ့ထားခဲ့ပြီး ဖြစ်သည်။ ထိုရွေ့နှုန်းသည် စစ်ကိုင်းပြတ် ရွေ့ ရွေ့နှုန်း၏ တစ်ဝက်ခန့်ထက် မပိုဟု ယူဆထားသည်။

ပုံ (၄) ကျောက်ကြမ်းပြတ်ရွေ့ တစ်လျောက် ရွေ့လျားမှုများ ဖေါ်ပြချက်။ (Soe Min, 2010)

မေမြို့ငလျင် လှုပ်စဉ်မှတမ်း၌ တောင်ကြီး အင်းလေးဒေသများပါ ထိခိုက်ကြောင်း ပါသော် လည်း မြေပြင် လေ့လာမှုများကို ကျောက်ကြမ်းရွာ တစ်ဝိုက်၌သာ တွေ့ရသည်။ ဤကဲ့သို့သော အင်အားပြင်း ငလျင်ကြီး များသည် အတော်ရှည်သော ပြတ်ရွေ့ အက်ကွဲမှုမျိုး Rupturing နှင့် ဆက်စပ်တတ်ရာ မူလ ပြထားသော ၆၀ကီလိုမီတာ ထက် ၁၀၀ကီလိုမီတာထိ ဖြစ်နိုင်ကောင်းသည်။ ထိုအခါ အက်ရာသည် ယခု ဇော်ဂျီဆည် အထိ ရောက်ရှိနိုင်သည်။ ဇော်ဂျီတမံ ဆောက်စဉ်က ငလျင် ပြင်းအား မည်မျှခံနိုင်ရန် ထည့်သွင်း တွက်ချက်ခဲ့သည် မသိရသော်လည်း လိုအပ်ပါက ပြန်လည် စဉ်းစားစီစစ် နိုင်သေး သည်။ ဇော်ဂျီဆည် ငလျင်ကြောင့် အရေးပေါ် ကြုံရလျှင် ဆည်အောက်ဖက် အနီးဆုံးသည် ကျောက်ဆည်မြို့ ဖြစ်သည်။

အင်းလေးအပိုင်း၌လည်း ထင်ရှားသည့် ပြတ်ရွေ့ရာများ တွေ့ရသည်။ ရွှေညောင် မှ ညောင်ရွှေမြို့ဖက်သို့ လမ်းခွဲ ၃ ကီလိုမီတာခန့်၌ မြို့ဟောင်းတစ်ခု ရှိသည်။ ထိုမြို့သည် ပြတ်ရွေ့ကို ခွပြီး တည်ဆောက်ထားခဲ့ သောကြောင့် ပြတ်ရွေ့၏ အရှေ့နှင့် အနောက်ဖက် မြို့ရိုးတို့သည် အံလွဲနေကြသည်။ ပုံ (၅)။ နမ့်လတ် ချောင်းသည် ပြတ်ရွေ့နှင့် အပြိုင် အရှေ့ဖက်မှ အင်းလေးကန် တွင်းသို့ စီးဝင်သည်။ စိုးမင်း၏ အဆိုအရ ထိုမြို့ရိုးသည် ဘေးတိုက်၊ ထက်အောက် အံလွဲမှုများ ရှိထားပြီး ဘေးတိုက်အံလွဲမှုက ပိုများသည်ဟု သိရသည်။ ထိုမြို့ရိုးတည် သက်တမ်းနှင့် အံလွဲမှု သိရပါက ကျောက်ကြမ်း ပြတ်ရွေ့ ရွေ့နှုန်းနှင့် ငလျင်ကြီး တစ်ကြိမ်နှင့် တစ်ကြိမ် ကာလကို ခန့်မှန်း၍ ရနိုင်မည် ထင်သည်။

ပုံ (၅) ကျောက်ကြမ်း ပြတ်ရွေ့နှင့် မြို့ရိုးအံလွဲမှု။ (Soemin, 2010)

အင်းလေးဖက်၌ ၁၉၁၂ ငလျင်ကြီးဒဏ် ခံရခဲ့သည်ကို မှတ်တမ်းတင်ထားမှုများရှိသည်။ ပုံ (၆)၌ ပြထားသော ရွှေအင်းတိမ် စေတီများ ငလျင်ကြောင့် ပျက်စီးခဲ့ဘူးသည်။

ပုံ (၆) ရွှေအင်းတိမ် Photo: Courtesy of Khin Maung Maung (from his facebook post)

ဤသို့ဆိုလျှင် မြောက်ဖက် နောင်ချို၊ ပြင်ဦးလွင်မှသည် တောင်ဖက် ရပ်စောက်၊ တောင်ကြီး အင်းလေး အရပ်များအထိ အတိတ်က ငလျင်ကြီးများ ဒဏ် ခံခဲ့ရသည်မှာ အငြင်းပွါးစရာမရှိ။ သို့သော် ကျောက်ကြမ်း ပြတ်ရွေ့သည် ရွေ့နှုန်းနှေးသောကြောင့် ငလျင်တစ်ကြိမ်နှင့် တစ်ကြိမ် ကာလ အတော် ခြားတတ်ရာ အားလုံး မေ့လျော့ကြကုန်သည်ချည်း ဖြစ်သည်။

ပြတ်ရွေ့ပေါ်၌လည်း ဇော်ဂျီနှင့် မိုးဗြဲ ဆည် ၂ လုံး ဆောက်လုပ် ထားသေးသည်။ မိုးဗြဲဆည်ဆောက်စဉ်က ငလျင်အကြောင်း ထည့်သွင်း စဉ်းစားသည့် အနေအထား မရှိလောက်ဟု ယူဆသည်။ ဆည်အောက်ဖက်၌ လွိုင်ကော်၊ ဘော်လခဲ၊ ဖါးဆောင်းမြို့များ ရှိသောကြောင့် ပြန်လည်စီစစ်နိုင်ရန် အသိပေးလိုက်ပါသည်။

ပွန်ချောင်းပြတ်ရွေ့

၂၀၀၄ ဆူမတြား ငလျင်ကြီးနှင့် တစ်နေ့တည်း ၂၆-၁၂-၂၀၀၄ က တောင်ကြီး အရှေ့ဖက် နမ်စမ်မြို့ လေးနားမှာ ငလျင်လှုပ်သည်။ ပမာဏ ၅.၈ ရှိသည်။ (Tint Lwin Swe et al, 2006) နမ်စမ်၌ အပျက်အစီး ရှိခဲ့သည်။ နောက်ဆက်တွဲ ငလျင် အကြိမ် ၂၈၀ကျော် ၃လခန့်ထိ ဆက်တိုက် လှုပ်သည်။ လိုွင်လင်နှင့် မိုင်းပွန်ဖက်၌လည်း ထိခိုက်မှု ရှိနိုင်သည်။ ထိုငလျင်သည် ပွန်ချောင်း ပြတ်ရွေ့ လှုပ်ရှားမှုနှင့် ဆက်စပ်ပုံ ရသည်။ ပွန်ချောင်းပြတ်ရွေ့ တစ်လျောက် လေ့လာမှုများ ပြည့်စုံ အောင် ဆောင်ရွက်ထားခြင်း မရှိသေးပေ။ ကျောက်ကြမ်းနှင့် ပွန်ချောင်းသည် တစ်တွဲတည်း လေ့လာ ရမည့် ပြတ်ရွေ့များ ဖြစ်သည်။ ကျောက်ကြမ်း ပြတ်ရွေ့သည် ဘော်လခဲနေရာလောက်၌ ပွန်ချောင်း ပြတ်ရွေ့နှင့် ထိဆုံသည်။ ထို့နောက်ပွန်ချောင်းသည် တောင်ဖက်ဆက်သွားကာ ဖါးဆောင်း နေရာ၌ တောင်ငူအရှေ့မြောက်ဖက်မှ ထိုင်းနိုင်ငံအတွင်းထိအောင် ဖြတ်သွားသော ဖာပွန်ပြတ်ရွေ့နှင့် ဆုံသည်။

ပွန်ချောင်း ပြတ်ရွေ့နှင့် ဆက်စပ်သော ပြတ်ရွေ့များ လှုပ်ရှားမှုကို ပို၍လေ့လာသွားရန် လိုအပ် သည်။ တောင်ကြီး၊ နမ်စမ်အပါအဝင် ကွန်ဟိန်း၊ လွိုင်လင်၊ မိုင်းပွန်မြို့များကိုလည်း ငလျင်အန္တရာယ် ရပ်ဝန်း၌ ထည့်သွင်းထားရန် လိုသည်။

သံလွင် အရှေ့ခြမ်းက ပြတ်ရွေ့များသည်လည်း လှုပ်ရှားမှုရှိသော ပြတ်ရွေ့များ ဖြစ်သည်။ ၂၀၁၁ မတ်လ ၂၄က ရှမ်းပြည် အရှေ့ပိုင်း တာလေငလျင် အပါအဝင် ငလျင်များသည် ရွှေတြိဂံနယ် ပြတ်ရွေ့ အုပ်စုဟု ယေဘုယျ အမည်ပေးထားသော ပြတ်ရွေ့များ လှုပ်ရှားမှုနှင့် ဆက်စပ်သည်။ ထိုပြတ်ရွေ့များသည် အပိုင်း (၁) ဆိုခဲ့သလို စစ်ကိုင်းပြတ်ရွေ့နှင့် Red River တို့အကြား အလိုက် သင့် ရွေ့ကာ လှုပ်ရှား ကြရသဖြင့် ရွေ့နှုန်းနှေးသည်။ သို့သော် ငလျင်ပမာဏ ကြီးလေ့ရှိသည်။

References

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly