ဒုတိယကမ္ဘာစစ်ကာလ တရုတ်လိင်ကျွန်ဟောင်း ဂျပန်ထံမှ နစ်နာကြေးရရန် ဆက်လက်တိုက်ပွဲဝင်သွားမည်

ဒုတိယကမ္ဘာစစ်ကာလ တရုတ်လိင်ကျွန်ဟောင်း ဂျပန်ထံမှ နစ်နာကြေးရရန် ဆက်လက်တိုက်ပွဲဝင်သွားမည်

ပေကျင်း၊ ဒီဇင်ဘာ-၁၃ ။          ။ နောက် ၄နှစ်ဆိုရင် အသက်၁၀၀ပြည့်တော့မယ်ဟု ဝေရှောက်လန်းက ရှုံ့တွနေသည့် လက်လေးချောင်းကို ဝှေ့ယမ်းပြလျှက် ဂုဏ်ယူသောအပြုံးဖြင့် ပြောနေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက လိင်ကျွန်ဖြစ်ခဲ့သည့် မဒမ်ဝေမှာ တရုတ်သမိုင်း၏ အမှောင်မိုက်ဆုံးကာလတွင် သူမခံစားခဲ့ရသော ဒုက္ခသုက္ခများအတွက် ဂျပန်ထံမှ နစ်နာကြေးရရန် ကြိုးစားနေသည်။

သူမမှာ ယခုလက်ရှိတွင် အသက်၇၀အရွယ် သားဖြစ်သူနှင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကူလင်းမှ နှစ်နာရီကြာ ကားစီးသွားလျှင်ရောက်သည့် လီပုခရိုင်အတွင်းရှိ ကျေုးရွာလေးတစ်ရွာမှ နှစ်ပေါင်း ၅၀ခန့်သက်တမ်းရှိပြီဖြစ်သည့် ခပ်မွဲမွဲ ရွှံ့အိမ်ကလေးတွင် နေထိုင်နေသည်။ ၂၀၁၀ခုနှစ်က သူမတို့သားအမိမှာ တရားမျှတမှုကို ရှာဖွေရန် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ဂျပန်ရုံးတော်များက သူမတို့အမှုကို ပယ်ချခဲ့သည်။ မဒမ်ဝေကို မတော်မတရားပြုကျင့်ခဲ့သည့် အရာရှိက သူ၏ အပြစ်ကို ဝန်ခံရန် ငြင်းဆန်ခဲ့သည်။  

သူမမှာ ကျမရှေ့တွင်ပင် ဂျပန်စစ်သားများက သူမကို ခေါ်ဆောင်သွားပြီး လိင်ကျွန်တစ်ယောက်အဖြစ် ဖမ်းဆီးထားခဲ့ပုံကို သတင်းထောက်များကို အကြိမ်ကြိမ် ပြောပြနေသည်။ ကျမမှာ သူမကို မကူညီနိုင်သော်လည်း နာကျင်ပင်ပန်းသည့် အချိန်ကာလများကို ဖြတ်သန်းနေထိုင်လာခဲ့သည့် သူမ၏ ဘဝအားမာန်ကိုမူ အံ့သြလေးစားနေမိသည်။

သူတို့လုပ်ခဲ့သမျှအတွက် သူတို့ ပြန်ပေးဆပ်တာကို မြင်နိုင်တဲ့အထိတော့ အသက်ရှင်ချင်နေသေးတယ်။ သူ့မျက်နှာကို အခုထိ မှတ်မိနေသေးတယ်။ အခုရှေ့မှာ ပေါ်လာရင်တောင် သူမှန်း ခွဲခြားသိနိုင်   သေးတယ်။ ဓားထုတ်ပြီး အဲဒီလူကို နုတ်နုတ်စင်းပစ်မယ်ဟု သူမက ဘယ်လိုခွန်အားမျိုးနှင့် ရှေ့ဆက်နိုင်သလဲဟု မေးမြန်းသည့်အခါတွင် ပြောကြားခဲ့သည်။

အဲဒီလူဆိုသည်မှာ သူမကို ရက်သတ္တပတ်ပေါင်းများစွာကြာအောင် အုပ်စုလိုက် အဓမ္မပြုကျင့်ကျပြီးနောက် မဒမ်ဝေကို တစ်ဦးတည်းပိုင် လိင်ကျွန်အဖြစ် သိမ်းပိုက်ခဲ့သည့် အရာရှိကို ရည်ညွှန်းပါသည်။ ထိုစဉ်က သူမနှင့်အတူ အဖမ်းခံခဲ့ရသည့် တစ်နှစ်အရွယ် သမီးငယ်ကိုမူ အရာရှိများက သကြားလုံးများကျွေးကာ တိတ်တိတ်နေခိုင်းထားခဲ့သည်ဟု ဆိုသည်။

သူမကို ရေအိမ်သွားလျှင်ပင် အစောင့်များနှင့် အနီးကပ်စောင့်ကြည့်နေသည့်ကြားမှ တစ်ရက်သားတွင် ရှောင်ကွင်းကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု ဆိုသည်။ သူမ အိမ်ပြန်ရောက်တော့   ယောကျာ်းဖြစ်သူက ကြဉ်ထားခဲ့ရာ၊ သူမတွင် ကိုယ်ဝန်ရှိနေမှန်း သိရှိလာသည့်အခါတွင် အခြေအနေမှာ ပိုဆိုးသွားခဲ့သည်ဟု ဆိုသည်။

ယခု အသက်၇၀ရှိပြီဖြစ်သည့် သူမ၏ သားဖြစ်သူ လျိုရှန်ရှူးမှာ ဂျပန်ကပြားတစ်ယောက်အနေဖြင့် ရွာထဲတွင် ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ မိခင်နှင့်မတူ ခြားနားစွာပင် လျိုမှာ သိမ်ငယ်နေပြီး နစ်နာကြေး မျှော်လင့်ချက်ကိုလည်း စွန့်လွှတ်ထားသည်။ ဂျပန်များက သူတို့၏ ရာဇဝတ်မှုများကို ဘယ်တုန်းကမှ ဝန်မခံခဲ့ကြသောကြောင့် သူတို့ဇာတ်လမ်းကို ကမ္ဘာကြီးကို အထုတ်ဖြည်ပြနေ ၍လည်း အကြောင်းမထူးဟု သူက ပြောသည်။

သမိုင်းပညာရှင်များကမူ ဂျပန်တို့ တရုတ်နိုင်ငံကို ကျူးကျော်သည့် ကာလအတွင်း တရုတ်အမျိုးသမီးပေါင်း ၂၀၀၀၀၀နီးပါးခန့်ကို လိင်ကျွန်ပြုခဲ့ကြသည်ဟု ဆိုသည်။ အသက်ရှင်ကျန်ရစ်ခဲ့သည့် လိင်ကျွန်များ ပေါ်ထွက်လာရန်မှာ စိမ်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်ဟု ဇိမ်မယ်များနှင့် ပတ်သက်သည့် ပထမဆုံး သုတေသနစင်တာကို ထူထောင်ခဲ့သည့် ပါမောက္ခ ဆူ ရှီလျန်းက ပြောကြားခဲ့သည်။ စစ်ပြီးခေတ်တွက် အမျိုးသမီးအများစုမှာ ဂျပန်နှင့်ပေါင်းသူများဟု တံဆိပ်ကပ်ခံရမည်စိုးသောကြောင့် အသံတိတ်နှုတ်ဆိတ်နေခဲ့ကြသည်ဟု ဆိုသည်။

နေရာအတော်များများမှာ လိင်ကျွန်ပြုခံရသူတွေကို တွေ့ရပေမယ့်လည်း သူတို့က ဝန်မခံခဲ့ကြဘူး။ သူတို့ရဲ့ ယောကျ်ားတွေကလည်း ဒီလိုအတိတ်မျိုး ရှိခဲ့တယ်ဆိုတာကို ငြင်းဆန်ကြတယ်။ ဒဏ်ရာဟောင်းကို ပြန်မဖွင့်ချင်ကြတော့ဘူး။ ဒါက နာကျင်ရတယ်လေ။ တချို့ဆိုရင် မြေးတွေတောင် ရနေကြပြီဆိုတော့ ဂုဏ်သိက္ခာကို အထိခိုက်မခံချင်ကြတော့ဘူးဟု ပါမောက္ခဆူက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly