တောင်-မြောက်ကိုရီးယား အဆင့်မြင့်ဆွေးနွေးပွဲ သဘောတူညီမှု မရရှိဘဲ ပြီးဆုံး

တောင်-မြောက်ကိုရီးယား အဆင့်မြင့်ဆွေးနွေးပွဲ သဘောတူညီမှု မရရှိဘဲ ပြီးဆုံး

ဆိုးလ်၊ ဒီဇင်ဘာ ၁၃ ။         ။ နယ်စပ်တင်းမာမှု လျော့ပါးရေးအတွက် ရည်ရွယ်ကျင်းပသည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား အဆင့်မြင့်အရာရှိကြီးများ၏  နှစ်ရက်တာရှားပါး အစည်းအဝေးသည် သဘောတူညီမှုတစ်စုံတစ်ရာ မရရှိဘဲ ပျက်ပြယ်သွားပြီး နောက်ထပ်ဆွေးနွေးပွဲများအတွက်လည်း စကားကမ်းဆိုထားနိုင်ခြင်း မရှိကြောင်း သိရသည်။

နှစ်နိုင်ငံပူးပေါင်းလည်ပတ်နေသည့် ကီဆောင်စက်မှုဇုန်အတွင်း ဒီဇင်ဘာ ၁၁ ရက်က စတင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲများ၌ မြောက်ကိုရီးယားဖက်က ခေါင်းမာမှုများရှိ၍ ဒီဇင်ဘာ ၁၂ ရက်တွင် နိဂုံးချုပ်သွားရကြောင်း တောင်ကိုရီးယား ကိုယ်စားလှယ်ခေါင်းဆောင် Hwang Boo-Gi ကပြောသည်။

လာမည့်သီတင်းပတ်အတွင်း ဆွေးနွေးပွဲများ ပြန်စရန် အကြံပေးခြင်းကိုလည်း မြောက်ကိုရီးယားက ငြင်းဆန်ကြောင်း ၎င်းက ဆိုသည်။

ဒုတိယဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးသည့် ယခုအစည်းအဝေးသည် နှစ်နှစ်နီးပါးအတွင်း ပထမဆုံးအဖြစ် ကျင်းပခြင်းဖြစ်ပြီး ယေဘုယျကိစ္စရပ်များကို ဦးစွာကိုင်တွယ်ရန် သဘောတူကျင်းပခဲ့သည့် ဆွေးနွေးပွဲဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုကို ရလဒ်ကြီးကြီးမားမား မျှော်လင့်ကာ ကျင်းပခြင်းမဟုတ်သော်လည်း နှစ်နိုင်ငံနှင့်ဆိုင်သည့် စီမံကိန်းများ ပြန်စနိုင်ရေးကို ဦးတည်ထားခဲ့ခြင်းဖြစ်သည်။

ငွေကြေးချွတ်ခြုံကျနေသော မြောက်ကိုရီးယားက ၎င်း၏ ငွေဝင်ပေါက်ဖြစ်သည့် မောင့်ကမ်ဂန်း သဘာဝဥယာဉ်သို့ ခရီးသွားလာမှုကို တောင်ကိုရီးယားနိုင်ငံဖက်က ပြန်ဖွင့်ပေးစေလိုသည်။

၂၀၀၈ ခုနှစ်အတွင်းက တောင်ကိုရီးယားခရီးသွား ဧည့်သည် အမျိုးသမီးတစ်ဦးအား မြောက်ကိုရီးယား အစောင့်တပ်သားတစ်ဦးက ပစ်သတ်လိုက်ပြီးနောက် တောင်ကိုရီးယားက ခရီးသွားခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံကလည်း ကိုရီးယားစစ်အတွင်း ကွဲကွာခဲ့ကြရသည့် မိသားစုများ ပြန်လည်တွေ့ဆုံမှုကို ပုံမှန်ပြုလုပ်ပေးရေး မြောက်ကိုရီးယားဖက်က သဘောတူစေလိုခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly