အိုင်အက်စ်တို့နှင့် ချိတ်ဆက်သည့် လူမှုမီဒီယာအကောင့်များကို ခြေရာခံပြီး ပိတ်ပစ်ရန် ဥရောပရဲတပ်ဖွဲ့ ဖွဲ့စည်း

အိုင်အက်စ်တို့နှင့် ချိတ်ဆက်သည့် လူမှုမီဒီယာအကောင့်များကို ခြေရာခံပြီး ပိတ်ပစ်ရန် ဥရောပရဲတပ်ဖွဲ့ ဖွဲ့စည်း

အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့နှင့် ချိတ်ဆက်သည့် လူမှုမီဒီယာ အကောင့်များကို ခြေရာခံကာ ပိတ်ပစ်ရန် ဥရောပအနှံ့မှ ရဲများ ပါဝင်သည့် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီဖြစ်သည်။

တွစ်တာပေါ်တွင် အိုင်အက်စ်အုပ်စုနှင့် ချိတ်ဆက်မှုရှိနေသည့် အကောင့်ပေါင်းမှာ အနည်းဆုံး ၄၆၀၀၀ ရှိနေပြီး အများစုက အိုင်အက်စ်အဖွဲ့သို့ လူသစ်စုဆောင်းပေးခြင်းကို လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း အမေရိကန်သုတေသနတစ်ရပ်က မကြာမီက ထုတ်ပြန်ခဲ့သည်။

ဥရောပရဲတပ်ဖွဲ့အေဂျင်စီ Europol က ယင်းသို့သောအကောင့်များကို ခြေရာခံနိုင်ရေးအတွက် အမည်မဖော်ထုတ်သည့် လူမှုမီဒီယာကုမ္ပဏီများနှင့် ပူးပေါင်းမှုကိုလည်း စတင်နေပြီဖြစ်သည်။

ယင်းအဖွဲ့သည် အိုင်အက်စ်နှင့် ချိတ်ဆက်လာသည့် အကောင့်သစ်များကို နှစ်နာရီအတွင်း ပိတ်သိမ်းပယ်ဖျက်ပစ်မည့် လုပ်ငန်းကို လုပ်ဆောင်သွားရန်အတွက် ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။

ဗြိတိန်၊ ပြင်သစ်၊ ဘယ်ဂျီယမ်နှင့် နယ်သာလန်တို့အပါအဝင် ဥရောပနိုင်ငံသားများ အိုင်အက်စ်ထိန်းချုပ်နယ်မြေများသို့ သွားရောက်သည့် ဦးရေသည် ၅၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း Europol ကခန့်မှန်းထားသည်။

Europol ညွန်းကြားရေးမှူးချုပ် ရော့ဘ်ဝင်းရိုက်က လုပ်ငန်းစဉ်ကို ဇူလိုင် ၁ ရက်တွင် စတင်မည်ဖြစ်ပြီး ယင်းစစ်ဆင်ရေးမှ အွန်လိုင်းလှုပ်ရှားသူများကို အတိအကျဖော်ထုတ်နိုင် မည်ဖြစ်ကြောင်း ဂါဒီးယန်းသတင်းဌာနသို့ ပြောခဲ့သည်။

သို့သော် အိုင်အက်စ်တို့နှင့် ချိတ်ဆက်မှုရှိထားသည့် လူမှုမီဒီယာအားလုံးကို ခြေရာခံနိုင်ရေးမှာ အလွန်ကြီးမားသည့် စမ်းသပ်ချက်ဖြစ်နေသည်ဟု ၎င်းကပြောသည်။

အိုင်အက်စ်တို့နှင့် ချိတ်ဆက်မှုရှိနေသည့် တွစ်တာအကောင့်ပေါင်းမှာ ၉၀၀၀၀ ကျော်မျှမက ရှိနေနိုင်ကြောင်းကို ဝါရှင်တန်ရှိ Brookings Institution အဖွဲ့မှ သုတေသီများက ပြောထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly