ဗန္ဓဝဂီရိ တောင်တက်ခရီး

12 December 2015
ဗန္ဓဝဂီရိ တောင်တက်ခရီး
(ဓာတ်ပုံ- မဇ္စျိမ)
 

ကရင်ပြည်နယ်ဟာ မြန်မာပြည်အတွက်တော့ ထူးခြားအံ့သြစရာတွေနဲ့ လှပတဲ့ သဘာဝအခင်းအကျင်းတွေ ရှိနေတဲ့  ပြည်နယ်တခုဖြစ်ပါတယ်။ ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေနဲ့အတူ သဘာ၀ ပတ်ဝန်းကျင်ကြီးကလည်း ဂုဏ်ယူစရာတွေနဲ့ ပြည့်နေပါတယ်။

တောတောင်စိမ့်စမ်းရေတံခွန်တွေ၊ မြင့်မားမတ်စောက်တဲ့ တောင်ကုန်းတောင်တန်းကြီးတွေလည်း ရှိနေတာကြောင့် ခရီးသွားလာ လည်ပတ်သူတွေနဲ့ စည်ကားလှတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့်တော့ ကရင်ပြည်နယ်ရဲ့ မြို့တော်ဘားအံ အနီးဝန်းကျင်ဟာ မြေပြင်ကနေ ထိုးထွက်နေတဲ့ တောင်ကုန်းတောင်စွယ်တွေနဲ့ လှပတဲ့ သဘာ၀ ပတ်ဝန်းကျင်ရှိရာ ဒေသဖြစ်ပါတယ်။ အဲဒီတောင်ကုန်းတွေရဲ့ ကြားမှာတော့ ကရင်တိုင်းရင်းသားတို့အတွက် ဂုဏ်ယူစရာ ထင်ရှားလှတဲ့ ဇွဲကပင်တောင်ကြီး ရှိနေပါတယ်။

ဇွဲကပင်တောင်တက်လမ်းဆီသွားရင် တောင်ခြေကိုရောက်ရင်တော့ ဗုဒ္ဓရုပ်ပွားတော်ပေါင်း တစ်ထောင်ကျော် စံပါယ်နေတဲ့ ဗန္ဓဝဂီရိ လုမ္ဗိနီဥယျာဉ်တော်ကြီးကို တွေ့ရမှာဖြစ်ပါတယ်။ လုမ္ဗိနီဥယျာဉ်ကြီးအတွင်းမှာတော့ အစီအစဉ်တကျ တည်ထားတဲ့ ဆင်းတုရုပ်ပွားတော်တွေကိုဖူးတွေ့ရမှာဖြစ်သလို တောင်တန်းကြီးနဲ့အတူ စိတ်ကြည်နူးစရာ ကောင်းတဲ့ မြင်ကွင်းတွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

ဇွဲကပင်တောင်ဟာ အမြင့်ပေ ၂၇၃၄ ပေမြင့်ပါတယ်။ ဒီပေပေါင်း ၃၀၀၀ နီးပါး မြင့်တဲ့ တောင်ပေါ်ကို မကြာခင် ကျွန်တော်တို့ တက်ပါတော့မယ်။ ဒီတောင်ထိပ်ပေါ်ကို ရောက်ဖို့ဆိုရင် ပုံမှန်အားဖြင့် ၂ နာရီဝန်းကျင်ကြာ တက်ရပါတယ်။ ပြန်ဆင်းတဲ့ အချိန်ကတော့ ၁နာရီပါ။ စုစုပေါင်း ၃နာရီ လောက်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တောင်ပေါ်စတက်မယ့် အချိန်က နေရှိန်ပြင်းတဲ့အချိန်   ဖြစ်တာမို့် နည်းနည်းတော့ စွန့်စွန့်စားစား ပင်ပင်ပမ်းပမ်း တက်ရမယ် ထင်ပါတယ်။

ဇွဲကပင်တောင်ဟာ မြို့တော်ဘားအံရဲ့ တောင်ဘက် ၄ မိုင်ကျော်အကွာလောက်မှာရှိပါတယ်။ ဇွဲကပင်တောင်ဒေသဟာ တချိန်တုန်းက ကရင်လူမျိုးတို့ တစ်ထီးတစ်နန်းနိုင်ငံထူထောင်ခဲ့ရာ ဒေသဖြစ်သလို ဇွဲကပင်တောင်ကြီးဟာလည်း ရာဇဝင်ဇာတ်လမ်းတွေရှိနေတဲ့နေရာဖြစ်ပါတယ်။

ဇွဲကပင်တောင်ကို တက်တော့မယ်ဆိုရင် တောင်ရဲ့ အနောက်ဘက် လုမ္ဗိနီဥယျာဉ်ရှိရာ တောင်တက်လမ်းအပြင် တောင်ရဲ့ အရှေ့ဘက်မှာလည်း  တောင်တင်လမ်းရှိတာကြောင့်    တောင်တက်လမ်း   နှစ်လမ်းရှိတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် အနောက်ဘက်တောင်တက်လမ်းက တောင်တက်လမ်းကြောင်းရှည်ပြီး ဆင်ခြေလျှော ပြေပြစ်တာကြာင့် တောင်တက်လမ်းအဖြစ် အသုံးပြုသူပိုများတယ်လို့ သိထားပါတယ်။ အရှေ့ဘက်တောင်တက်လမ်းကတော့ မတ်စောက်ပြီး လမ်းကြောင်းတိုတာကြောင့် အဆင်းမှာတော့ အဲဒီ အရှေ့ဘက်လမ်းကနေ ကျနော်တို့အဖွဲ့ ပြန်ဆင်းကြမှာဖြစ်ပါတယ်။

အခုတော့ လုမ္ဗိနီဥယျာဉ်ကို ကျော်လွန်ပြီး ကျနော်တို့ရဲ့ ဇွဲကပင်တောင်တက်ခရီးစဉ် စတင်ပါပြီ။ ခုဆိုရင် နေ့လည် ၁၁ နာရီ ၄၅ ရှိနေပါပြီ။ တောင်တက်လမ်းရဲ့ အစမှာ တွေ့ရမှာကတော့ ကရင်မောင်နှမ နတ်နန်းဖြစ်ပါတယ်။ ဇွဲကပင်တောင် ဘုရားဖူးတက်ကြတဲ့ ခရီးသွားပြည်သူတွေ ဒေသခံတွေဟာ ကရင်မောင်နှမ နတ်နန်းမှာ ဦးခိုက်ပူဇော်လေ့ရှိကြပြီး အဲဒီလို ဦးခိုက်ပူဇော်ကြဖို့လည်း  နှိုးဆော်စာ   ရေးပေးထားတာလည်း တွေ့ခဲ့ရပါတယ်။

ဒီနေရာမှာ ကရင်မောင်နှမ နတ်နန်းရှိနေတာကလည်း ဇွဲကပင်တောင်တော်သမိုင်းထဲက စိတ်ဝင်စားစရာ ဇာတ်လမ်းတပုဒ်လည်းဖြစ်ပါတယ်။ ကျနော် လေ့လာသိခဲ့ရတဲ့ ကရင်မောင်နှစ်မှ ဇာတ်လမ်းကတော့ စပ်စေ့ဖိုးနဲ့ နော်မူးဖန်တို့ ကရင်မောင်နှစ်မ နှစ်ယောက်အကြောင်းဖြစ်ပါတယ်။

တချိန်က ဇွဲကပင်တောင်အနီးမှာ နေထိုင်ခဲ့ကြတဲ့ သူတို့မောင်နှစ်မဟာ ရုတ်တရက် ဖခင်ဆုံးပါးသွားပြီးတဲ့နောက် ပထွေးဖြစ်သူနဲ့ နေထိုင်ခဲ့ကြရပါတယ်။ အဲဒီနောက် ပထွေးဖြစ်သူဟာ သူတို့နှစ်ယောက်ကို သတ်ဖို့အထိ ကြိုးစားခဲ့ပေမယ့် သူတို့မောင်နှစ်မ နှစ်ယောက်စလုံး ကံကောင်းစွာနဲ့ လွတ်မြောက်သွားခဲ့ပြီး ပထွေးရန်ကို ဆက်လက်ရှောင်တိန်းပုန်းအောင်းနေရာကနေ တန်ခိုးအစွမ်းထက်တဲ့ ရသေ့တပါးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီရသေ့ကြီးရဲ့ ကူညီမစမှုနဲ့ပဲ ကရင်မောင်နှစ်မနှစ်ယောက်ဟာ တန်ခိုးအစွမ်းတွေရခဲ့ပြီး ဒီနေ့အချိန်အထိ သာသနာတော်ကိုစောင့်ရှောက်ရင်း ဇွဲကပင်တောင် ဘုရားဖူးဧည့်သည်တွေကိုစောင့်ရှောက်နေတယ်ဆိုတဲ့ ယုံကြည်မှုက ရှိနေဆဲပါ။

ဒါဟာ ဒဏ္ဍာရီလာ ပုံပြင်တပုဒ်သဘောဆောင်ပေမယ့် ကရင်ပြည်နယ်က အထင်ကရ ဇွဲကပင်တောင်ကြီးရဲ့အကြောင်းပြောရင် ဒီကရင်မောင်နှစ်မနှစ်ယောက်အကြောင်းကလည်း လွမ်းမောဖွယ် ပါလာရမြဲဖြစ်ပါတယ်။

နေ့လည် ၁၁ နာရီကျော်ကျော်မှာ ကျနော်တို့ တောင်ပေါ်ကို စပြီး တက်ကြပါတယ်။  ဒီဇင်ဘာလ နေရောင်က တော်တော်ပူပါတယ်။ အမှန်တော့ တောင်တက်ခရီးသည်တွေဟာ မနက်စောစောတက်မှသာ အဆင်ပြေမယ်ထင်ပါတယ်။  အခုတော့ နေကလည်းပူ သွားရမယ့်ခရီးကလည်း မိုးမျှော်တိုက်တစ်လုံးပေါ်ကို လှေကားနဲ့ တက်နေရသလိုပါပဲ။ ဒါပေမယ့် လေနုအေးအေးတွေကိုတော့ မကြာခဏ ထိတွေ့ခွင့်ရတာကြောင့် အနည်းအကျဉ်းတော့ သက်သာသလိုရှိပါတယ်။

ကျနော် အစောပိုင်းက ပြောပြခဲ့တဲ့အထဲမှာ ဇွဲကပင်တောင်ကိုတက်မယ်ဆိုရင် ပုံမှန်အားဖြင့် ၂ နာရီလောက် ကြာမယ်ဆိုတာ သိထားပါတယ်။ ဒါက တကယ့်ကို အမြန်ဆုံးနှုန်းနဲ့ တက်ရမယ့် ကြာချိန်ဖြစ်ပါတယ်။ ၃ နာရီလောက် ကြာသူတွေလည်းရှိပါတယ်။ ကျနော်တို့အဖွဲ့ဆိုရင် ပိုကြာမယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က တောင်ပေါ်ရောက်အောင် တက်နေရုံသက်သက်မဟုတ်ပဲ ဗွီဒီယိုမှတ်တမ်းတွေကို တခါတည်းရိုက်ကူးကြရသလို အသုံးအဆောင်ပစ္စည်းတွေကိုလည်း သယ်ထားရလို့ဖြစ်ပါတယ်။

ပင်ပမ်းတဲ့ခရီးရှည်အတွေ့အကြုံမရှိသူတွေအတွက်တော့ ဇွဲကပင်တောင်ကိုတက်ဖို့ သေသေချာချာ ကြိုတင်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ အဓိကကတော့ သောက်ရေ အလုံအလောက် လိုပါမယ်။ နောက်ပြီး ခြေထောက်တွေလည်း ကျန်းကျန်းမာမာရှိဖို့ လိုပါမယ်။ ဒူးနာတာမျိုးမဖြစ်ဖို့ လိုသလို အမှတ်မထင် ခြေချော်မလဲအောင်လည်း အထူးဂရုစိုက်ရမှာပါ။

ကျနော်တို့ အထက်ရေတံခွန်ကျောင်းဆိုတာ တွေ့ပါပြီ ဒီနေရာမှာ ခဏ နားရအုံးမယ်ထင်ပါတယ်။

ကရင်ပြည်နယ်ဟာ ခရီးသွားလုပ်ငန်းအတွက်တော့ သဘာဝအရင်းအမြစ်တွေ ပေါများတဲ့ ဒေသတခုဖြစ်ပါတယ်။ ဒါတွေက ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အရာတခုဖြစ်သလို ဂုဏ်ယူစရာ ဒေသတွင်း အလှအပရှုခင်းတွေကိုပါ ပြသခွင့်ရကြမှာဖြစ်ပါတယ်။

တချိန်ကတော့ ဒီနေရာတွေဟာ အမဲရောင်နယ်မြေလို့ ပြောလို့ရတဲ့ နယ်မြေအေးချမ်းမှုမရှိတဲ့ကာလတွေ ရှိခဲ့ဖူးပါတယ်။ ဒီနေ့အချိန်မှာတော့ ကျနော်အပါအဝင် ခရီးသွားပြည်သူတွေဟာ အေးအေးချမ်းချမ်းနဲ့ ဇွဲကပင်တောင်ကြီးပေါ်ကို တက်ရောက်လေ့လာနေကြပါပြီ။

ဇွဲကပင်တောင်ဟာ တောင်နဲ့မြောက် သွယ်တန်းနေတဲ့ တောင်တန်းကြီးပေါ်က တောင်ထွဋ်ကြီးတစ်ခုဖြစ်ပါတယ်။ သမိုင်းဝင်ဆံတော်ရှင်စေတီကို ဖူးတွေ့နိုင်သလို သဘာ၀ ကျောက်တောင်လှိုဏ်ဂူတွေ တည်ရှိရာ နေရာလည်းဖြစ်ပါတယ်။

အထက်ရေတံခွန်ကျောင်းမှာ ခဏလောက် အနားယူပြီး ကျနော်တို့ရဲ့ တောင်တက်ခရီးစဉ်ကိုဆက်ပါအုံးမယ်။

ဒီတခါတော့ ကျနော်တို့နဲ့အတူ ခရီးသွားဖော် လူငယ်တချို့လည်း ပါလာပါပြီ။ အထက်ရေတံခွန်ကျောင်းကို လွန်သွားတာနဲ့ တောင်တက်လမ်းဆိုပြီး အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားတဲ့ လမ်းညွှန်တိုင်တစ်ခုကို တွေ့ပါတယ်။ အတွေ့အကြုံရှိပြီးသား လူငယ်တချို့ကတော့ လမ်းညွှန်ထားတဲ့အတိုင်း မသွားပဲ ဘယ်ဘက်လမ်းခွဲဖြစ်တဲ့ ဖြတ်လမ်းကနေ သွားကြမှာဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့လည်း သူတို့သွားတဲ့ ဖြတ်လမ်းအတိုင်း သွားခဲ့ပါတယ်။

အဲဒီဖြတ်လမ်းဆိုတာက ပုံမှန်တက်လာခဲ့တဲ့ ကွန်ကရစ်လှေကားလမ်းမဟုတ်ပဲ သဘာ၀ ကျောက်တုံးကျောက်ခဲတွေပေါ်  သွားရတဲ့လမ်းဖြစ်ပါတယ်။ လမ်းကြမ်းတယ်လို့ ပြောရမှာပါ။ ခြေချော်မလဲဖို့ ဂရုစိုက်ပြီး သွားရမယ့်လမ်းပါ။ သူတို့ ဘာကြောင့် ဖြတ်လမ်းကသွားသလဲ ကျနော်မသိသေးပါဘူး။ သေချာတာကတော့ ပိုနီးတဲ့လမ်းဖြစ်ဖို့များပါတယ်။
ပိုပြီးတော့လည်း စိတ်ဝင်စားစရာကောင်းပါတယ်။

လောလောဆယ်မတော့ အေးအေးစိမ့်စိမ့်ခံစားမိသလို စောစောကလောက်လည်း မမောဘူးလို့ ပြောရမှာပါ။
အဲဒီဖြတ်လမ်း လမ်းခွဲကနေ တက်လာတဲ့အခါ သစ်ပင်တွေ အုံမှိုင်းပြီး အရိပ်လည်း ကောင်းပါတယ်။ ဒါကြောင့်တကယ်လို့ နေရှိန်ပြင်းတဲ့အချိန်မှာ တောင်ပေါ်တက်မယ်ဆိုရင် အထက်ရေတံခွန်ကျောင်းအပေါ်မှာ ရှိတဲ့ ဖြတ်လမ်းလေးကို ရွေးချယ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနားမှာတော့ မျောက်ကလေးတွေကို တွေ့ရပါတယ်။  မုန့့် အိတ်ခွံတော်တော်များများကိုလည်း တွေ့ပါတယ်။ ဒီမှာတက်တဲ့လူတော်တော်များများက ဒီနေရာမှာ မျောက်တွေကို အစာကျွေးတယ် ထင်ပါတယ်။  ရှုရှိုက်လိုက်ရတဲ့လေကလည်း ပိုပြီးလတ်ဆတ်နေပါတယ်။ ဒါကြောင့်မို့ ဒီလမ်းက ဖြတ်လမ်းဆိုပေမယ့် လူသွားများတဲ့လမ်းဖြစ်ပါတယ်။

လူတွေ ဒီနေရာရောက်လာရင် သူတို့အတွက် အစာစားရမှန်း သိထားကြတော့ ကျနော်တို့ရဲ့ ဘေးပတ်လည်မှာ မျောက် တော်တော်များတာ တွေ့ပါတယ်။
တောင်ပေါ်တက်လာခဲ့တာ ကြာပါပြီ။ လှေကားတွေကလည်း မဆုံးနိုင်သေး။ တကယ်တော့ ပင်ပန်းပေမယ့် ဒီခရီးဟာ ကျနော့်အတွက် အသစ်အဆန်းဖြစ်နေတော့ ပျော်စရာကောင်းပါတယ်။
---------------------------------------
ကရင်ပြည်နယ်က ထင်ရှားတဲ့ ဇွဲကပင်တောင်ကို လူသိများပြီးဖြစ်ပါတယ်။ ဇွဲကပင်တောင်အလှ ဓါတ်ပုံတွေကိုကြည့်လိုက်ရင် ဘားအံမြို့ ကန်သာယာ ရေပြင်နဲ့အတူ တွဲပြီး တွေ့ရတာ များပါတယ်။ မတ်စောက်တဲ့ တောင်ကမ်းပါးကြီးနဲ့ တောင်ကလပ်ပုံစံတွေ့ရပေမယ့် တကယ်တော့ အဲဒီတောင်ရဲ့ နောက်ဘက်ဆီမှာ သွယ်တန်းနေတဲ့ တောင်တန်းကြီးလည်း ရှိနေပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့အနီး မြေပြန့်ဒေသမှာ ထိုးထွက်နေတဲ့ ဇွဲကပင်တောင်ကို အခြားဘက်ကနေကြည့်မယ်ဆိုရင်တော့ ပုံစံအမျိုးမျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ရှုဒေါင့်အမျိုးမျိုးကနေ ပုံစံအမျိုးမျိုးနဲ့တွေ့နိုင်လို့ တချို့ဆိုရင် မာယာများတဲ့တောင်လို့တောင် ခေါ်ကြပါတယ်။

ကျနော်တို့ရဲ့ တောင်တက်ခရီးစဉ်ဟာ အချိန်တော်ကြာ တရွေ့ရွေ့တက်လာပြီးတဲ့နောက်မှာတော့ ဆံတော်ရှင်စေတီရှိရာ ဇွဲကပင်တောင်ထိပ်ကို ရောက်ဖို့ နီးကပ်လာပြီဖြစ်ပါတယ်။
အမြင့်ပိုင်းကို တဖြည်းဖြည်းရောက်လာလေလေ အံ့သြစရာ အလှအပတွေ ပိုပြီး များလာလေဖြစ်ပါတယ်။ မြေပြန့်ကျယ်ကြီးပေါ်မှာ ထိုးထွက်နေတဲ့ တောင်ကုန်းတောင်စွယ်တွေဟာ ဇွဲကပင်တောင်ရဲ့ အရှေ့ဖက်ဆီမှာ ရှုမျှော်မဆုံး ခံစားကြည့်ရှုစရာတွေ အတိုင်းသား တွေ့နေရပါပြီ။ အနောက်ဘက်ဆီမှာတော့ ကရင်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ကြောင်းကြီးကို တပိုင်းတစ လှမ်းမြင်နေရပါပြီ။

ကျနော်တို့ တောင်တက်ခရီးစဉ်ဟာ အခုဆိုရင် ၃ နာရီလောက်တောင် ကြာခဲ့ပါပြီ။ ပုံမှန်ထက် အချိန်တော်တော်ကြာအောင် နောက်ကျသွားပြီလို့ ပြောရမှာပါ။ နေက အကျဘက်ကို ဦးတည်နေပြီဆိုတော့ သဘာဝရဲ့ အလှအပတွေကို အကောင်းဆုံးခံစားနိုင်မယ့် အချိန်လည်းဖြစ်ပါတယ်။

တောင်တက်ခရီးကြမ်းမှာ မောပန်းခဲ့သမျှဟာ အမြင့်ဘက်ကိုရောက်လေလေ ပိုပြီး သက်တောင့်သက်သာ ရှိလေလေဖြစ်နေပါပြီ။ အခုဆိုရင် ကျနော်တို့ရဲ့ ဇွဲကပင်တောင်တက်ခရီး အစပြုခဲ့တဲ့ တောင်ခြေက လုမ္ဗိနီဥယျာဉ်ကြီးကို လှမ်းမြင်နေရပြီဖြစ်သလို ဆံတော်ရှင်စေတီရှိရာ ဇွဲကပင်တောင်ထိပ်ကိုရောက်ဖို့ အရမ်းကို နီးကပ်လာပါပြီ။

ဒီတောင်ကုန်းဟာ အတိတ်သမိုင်းအရဆိုရင်တော့ သဘောၤချည်တိုင်လို့ အဓိပ္ပါယ်ရတဲ့ “ဇွဲကဘောင်” ဆိုတဲ့အမည်ကို မွန်လူမျိုးတို့က ပေးခဲ့တာလို့ ဆိုပါတယ်။ တချိန်က အနိမ့်ကိုင်း အဝေးမှာမြင်နေရတဲ့ မြေပြန့်လွင်ပြင်ကြီးဟာ ပင်လယ်ပြင်ကြီးဖြစ်ခဲ့ဖူးပြီး ဇွဲကပင်တောင်ထိပ်နေရာဟာ သင်္ဘောတွေ ဆိုက်ကပ်ရပ်နား ချည်နှောင်ထားရာ သဘောၤချည်တိုင်ရယ်လို့ သတ်မှတ်ခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ထပ် အမည်တစ်ခုကတော့ လှေ သင်္ဘောတွေချည်တဲ့တောင်လို့ အဓိပ္ပာယ်ရတဲ့ “ဗန္ဓဝဂီရိ” တောင် ဖြစ်ပါတယ်။ အချိန်ကာလတွေ ရွေ့လျားပြီး အမည်တွေအမျိုးမျိုးရှိခဲ့ဖူးတဲ့ ဇွဲကပင်တောင်ဟာ သဘောၤချည်တိုင်လို့ ဆိုရလောက်အောင် မြင့်မားထိုးထွက်နေတဲ့ ကျောက်တိုင်ကြီးသဖွယ် ရှိနေတာကို ကျနော်တို့ တွေ့ခဲ့ရပါပြီ။

ဇွဲကပင်တောင်ဟာ ကျနော်တို့နိုင်ငံသားတွေ ဆံတော်ရှင်စေတီကို ဖူးမျှော်နိုင်ရုံတင်မကပဲ ကမ္ဘာလှည့်ခရီးသွားဧည့်သယ်တွေကိုလည်း ဆွဲဆောင်မယ့် နေရာတစ်ခု ဖြစ်လာဖို့ အစီအစဉ်သစ်တွေရှိနေပါပြီ။   တောင်ခြေကနေ တောင်ထိပ်အထိ သံမဏိကြိုးသွယ်တန်းပြီး လိုက်ပါစီးနင်းလို့ရတဲ့ ကေဘယ်ကား စီမံကိန်းလည်း စတင်နေပါပြီ။

အဲဒီစီမံကိန်းသာ အောင်မြင်ခဲ့ရင် မြန်မာနိုင်ငံမှာ ပထမဆုံး ကေဘယ်ကား အသုံးပြုတဲ့နေရာ ဖြစ်လာမှာဖြစ်သလို ခရီးသွားလုပ်ငန်း ဝင်ငွေအမြောက်အများ ရဖို့လည်းမျှော်မှန်းထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။

တောင်ထိပ်ကိုရောက်ပြီ။

သဘာဝမြင်ကွင်းကြီးက ပန်းချီကားတစ်ချပ်လို့လည်း ပြောနိုင်ပါတယ်။ ဒီလိုမြင်ကွင်းမျိုး အလွယ်တကူခံစားခွင့်၊ မြင်နိုင်ခွင့် ရဖို့တော့ မလွယ်လှပါဘူး။  ဇွဲကပင်တောင်ထိပ်ကို အရောက်တက်ပြီးမှသာ တွေ့မြင်ရမယ့် အင်မတန်လှပတဲ့ သဘာ၀ မြင်ကွင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly