ဆုံးရှုံးမှုများရှိနေသော်လည်း မြန်မာနိုင်ငံကနေ ထွက်ခွာရန် စီစဉ်နေခြင်း မရှိဟု ဂျပန်၏ Kirin ကုမ္ပဏီ ပြော

ဆုံးရှုံးမှုများရှိနေသော်လည်း မြန်မာနိုင်ငံကနေ ထွက်ခွာရန် စီစဉ်နေခြင်း မရှိဟု ဂျပန်၏ Kirin ကုမ္ပဏီ ပြော

ဩဂုတ် ၁၀

ဂျပန် အဖျော်ယမကာလုပ်ငန်း ကုမ္ပဏီ Kirin Holdings အနေဖြင့် ယခုနှစ်အစောပိုင်း မြန်မာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် ကုမ္ပဏီတစ်ခုနှင့်အကြား ဘီယာလုပ်ငန်း ဖက်စပ်လုပ်ကိုင်နေမှုကို ဖျက်သိမ်းရန် ဖိအားပေးခံနေရသော်ငြား မြန်မာနိုင်ငံကနေ ထွက်ခွာရန် စီစဉ်နေခြင်း မရှိဟု အဆိုပါ ဂျပန်ကုမ္ပဏီ၏ အမှုဆောင်အရာရှိတစ်ဦးက သြဂုတ် ၁၀ ရက်တွင် ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများမှာ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း Kirin ၏ အကြီးတန်းအမှုဆောင်အရာရှိ တိုရူ ယိုရှီမူရာက ပြောသည်။

ကုမ္ပဏီသည် အစောပိုင်းက မြန်မာလုပ်ငန်းနှင့် ဆက်နွယ်ပြီး ဒုတိယသုံးလပတ်တွင် တန်ဖိုးလျော့ဆုံးရှုံးမှုတစ်ရပ်အဖြစ် ဒေါ်လာ ၁၉၃ ဒသမ ၇၉ သန်း (ယန်း ၂၁ ဒသမ ၄ ဘီလီယံ) စာရင်းပြခဲ့သည်။

ဖေဖေါ်ဝါရီလတွင် ဖြစ်ပျက်ခဲ့သည့် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ ဖရိုဖရဲ အခြေအနေများနှင့်အတူ စွန့်စားရမှုအန္တရာယ် မြင့်တက်မှု၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဝန်းကျင်တွင် မသေချာမရေရာမှု လယ်ဗယ် ဆက်လက်မြင့်တက်နေမှုတို့၏ အလားအလာကို ထောက်ဆလျက် ယခု ဆုံးရှုံးမှုစာရင်းပြခဲ့ခြင်းဖြစ်ဟု ဂျပန် ဘီယာလုပ်ငန်းကုမ္ပဏီက ပြောသည်။

Kirin သည် မြန်မာတွင် ဘီယာထုတ်လုပ်သည့် ကုမ္ပဏီနှစ်ခုဖြစ်သည့် Myanmar Brewery နှင့် Mandalay Brewery တို့၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုစလုံး၏ ကျန်ရှယ်ယာများကို မြန်မာစစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပိုင်ဆိုင်သည်။ အဆိုပါ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အပါအဝင် အာဏာသိမ်းစစ်တပ် အကြီးတန်းခေါင်းဆောင်များ၊ စစ်တပ်နှင့် ဆက်စပ်သည့် အခြားသော ကုမ္ပဏီများသည် အမေရိကန်နှင့် အခြားသော နိုင်ငံများ၏ အရေးယူဒဏ်ခတ်မှုများကို ခံထားရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ Myanmar Brewery သည် သပိတ်မှောက်ဆန့်ကျင်မှု၏ ပစ်မှတ်တစ်ခုဖြစ်ခဲ့ပြီး စားသောက်ဆိုင် အများအပြားသည်လည်း အဆိုပါ အမှတ်တံဆိပ် တည်ခင်းရောင်းချမှုကို ရပ်ဆိုင်းထားခဲ့သည်။ ဆန္ဒပြသူများကို စစ်အုပ်စုလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းနှိမ်နင်းခြင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်းတို့ကြောင့် ယခုနှစ် ပထမခြောက်လတွင် ရောင်းအားပိုင်းသည် ဒေါ်လာ ၉၂ ဒသမ ၃ သန်း (ကျပ် ၁၅၂ ဘီလီယံ) အထိ ကျဆင်းမှု ဖြစ်စေခဲ့ပြီး ယင်းသည် အစောပိုင်းတစ်နှစ်ကထက် ၂၈ ရာခိုင်နှုန်း ကျဆင်းခြင်းလည်း ဖြစ်သည်။

Myanmar Brewery သည် ဒီဇင်ဘာတွင် ကုန်ဆုံးမည့် နှစ်အတွက် ယင်း၏ ဝင်ငွေခန့်မှန်းချက်ကို ကျပ် ၄၈၉ ဘီလီယံကနေ ကျပ် ၂၉၀ ဘီလီယံကို လျှော့ချပြင်ဆင်ခဲ့သည်။ ပုံမှန်လုပ်ငန်းလည်ပတ်မှု အကျိုးအမြတ်ကိုလည်း ကျပ် ၂၀၂ ဘီလီယံကနေ ကျပ် ၈၇ ဘီလီယံကို လျှော့ချပြင်ဆင်သတ်မှတ်ခဲ့သည်။

ဂျပန်ဘီယာကုမ္ပဏီ Kirin က ယင်းအနေဖြင့် ရွေးချယ်စရာ မရှိတော့ကြောင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်အကြား လက်ရှိဖက်စပ်လုပ်ငန်းများကို အဆုံးသတ်ဖျက်သိမ်းရမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီလက ကြေညာထားခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှု ရရှိထားခဲ့ခြင်း မရှိပေ။ Kirin အနေဖြင့် မြန်မာ့စီးပွား‌ရေးဦးပိုင်၏ ရှယ်ယာများကို Kirin ထံသို့ ဖြစ်စေ သို့မဟုတ် စစ်တပ်နှင့် ဆက်နွယ်မှုမရှိသည့် ပြည်တွင်းကုမ္ပဏီများထံသို့ဖြစ်စေ ရောင်းချစေရေးအတွက် တိုက်တွန်းရန် စီစဉ်ထားသော်လည်း “တရားဝင် ဆွေးနွေးမှုစားပွဲသို့ မရောက်ရှိသေး” ဟု ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသူတစ်ဦးက ပြောခဲ့သည်။

Kirin သည် ပြည်တွင်း ဝယ်လိုအားပိုင်း ရှေ့ကာလ တိုးတက်မှု ရနိုင်မည်ဟု မျှော်မှန်းလျက်ဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ယင်း၏ နိုင်ငံရပ်ခြားလုပ်ငန်းချဲ့ထွင်မှု၏ အရေးကြီးသော ဒေါက်တိုင်တစ်ခုကို ထူထောင်ဖွဲ့စည်းထားခဲ့သည်။ ဈေးကွက်သည် အတော် သေးငယ်သော်လည်း ၂၀၂၀ ဒီဇင်ဘာတွင် ကုန်ခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အကျိုးအမြတ် ရရှိမှုက ယန်းငွေ ၁၃ ဒသမ ၈ ဘီလီယံ ရှိခဲ့ရာ ယင်းက Kirin ၏ စုစုပေါင်းဝင်ငွေ၏ ၉ ရာခိုင်နှုန်းခန့်အထိ စာရင်းပေါက်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly