ဝေးလံခေါင်ဖျားရာအရပ်တွင် လူသားအကျိုးပြုသူ ဆရာကြီး ဒေါက်တာနာဂသိန်းလှိုင် ကွယ်လွန်

ဝေးလံခေါင်ဖျားရာအရပ်တွင် လူသားအကျိုးပြုသူ ဆရာကြီး ဒေါက်တာနာဂသိန်းလှိုင် ကွယ်လွန်

ဩဂုတ် ၁၀

မြန်မာနိုင်ငံမြောက်ဘက် သွားလာရခက်ခဲသည့် နာဂတောင်တန်း ဒေသ လူနာများကို မေ့ဆေးမပါပဲ ထုံဆေးဖြင့် လည်ပင်းကြီးရောဂါများ ကို ခွဲစိတ်ခြင်း ဖြင့် ထင်ရှာသည့် ဆရာဝန်ကြီး ဒေါက်တာ နာဂသိန်းလှိုင် ကွယ်လွန်သွားပြီးဖြစ်ကြောင်း မိသာစု၀င်တချို့က လူမူကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားကြသည်။

သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ၁၅ မိနစ်အချိန့်ခန့်တွင် ကွယ်လွန်သွားခဲ့ ခြင်းဖြစ်သည်။

မွန်ပြည်နယ် သထုံမြို့ ဇာတိဖွား ရွှေဓားဗိုလ်၊ နတ်ဆရာဝန်၊ နာဂနတ် ၊ နာဂသိန်းလှိုင် စတဲ့က‌လောင်နာမည်များနှင့် ထင်ရှာခဲ့သူ ဆရာဝန်ကြီး ဒေါက်တာ နာဂသိန်းလှိုင်သည် အသက် ၈၈ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဆရာကြီး နာဂသိန်းလှိုင်သည် ၁၉၅၇ ခုနှစ်တွင် ဆေးကောလိပ်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၆၀ တွင် မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA)ကို တည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုကာလကအလုပ်သင်ဆရာဝန်ဘဝတွင် အစိုးရထောက်ပံ့ကြေးမရသည့် အလုပ်သင်ဆရာဝန်များအတွက် ဦးဆောင်သပိတ်မှောက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် မြိတ်မြို့နယ် လက်ထောက် ဆရာဝန် အဖြစ်တာ၀န်ထမ်းဆောင်ပြီး ၁၉၆၅ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ခန္တီးအရပ် နာဂါဒေသသို့ သွားရောက်တာ၀န်ထမ်း‌ဆောင်ရသည်။

နာဂတောင်တန်း ဒေသတွင် အဖြစ်များသည့် လည်ပင်းကြီးရောဂါ ၊ အကျိတ် ရောဂါများအတွက် မပြည့်စုံသည့် ဆေးဝါး၊ ပစ္စည်းကိရိယာများဖြင့် ကုသပေးခဲ့သူဖြစ်သည်။

ထိုသို့ ကုသရာတွင်မေ့ဆေးအသုံးပြု၍ ခွဲစိတ်ကုသရန် အခွင့်မသာသည့်အတွက် ထုံဆေး‌ပေး၍သာ လူနာများအား ခွဲစိတ်ရာတွင် အစွမ်းထက်သူတစ်ဦးအနေဖြင့် နာမည်ကျော်ကြားခဲ့သူ တစ်ဦးဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် အစိုးရဝန်ထမ်းဘ၀မှ အငြိမ်းစားယူခဲ့ပြီး ဖြုးမြို့နယ် ၊ ပုသိမ်မြို့နယ် ၊ နမ့်ခမြို့နယ် ၊ မန္တလေးမြို့၊ သာယာဝတီမြို့နယ် ၊ ပြင်ဦးလွင် မြို့နယ် ၊ တောင်ကြီးမြို့ နှင့် ရန်ကုန်မြို့တို့တွင် လူနာများအတွက် ဆေးကုသပေးမှုများ လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။

စာရေးဆရာညီပုလေးက 'ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်' အမည်ဖြင့် ဒေါက်တာသိန်းလှိုင်ရဲ့ ဘဝဇာတ်ကြောင်းကို လုံးချင်းရေးသားခဲ့ပြီး အဆိုပါစာအုပ်ဟာ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု ကိုရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly