ရေကျ နောက်စိုက်စပါး အထွက်တိုးဖို့ ဘာတွေလိုအပ်သလဲ

11 December 2015
ရေကျ နောက်စိုက်စပါး အထွက်တိုးဖို့ ဘာတွေလိုအပ်သလဲ

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကတော့ တောင်သူသမားတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံတိုးတက်ဖို့အတွက်ကတော့ မြေယာကဏ္ဍဟာ အလွန်ပဲ အရေးပါလှပါတယ်။ မြန်မာ နိုင်ငံမှာတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ဟာ ဆန်စပါးကို အများဆုံးစိုက်ပျိုးတဲ့နေရာတွေပဲ ဖြစ်ကြပါတယ်။

စပါးစိုက်ပျိုးတော့မယ်ဆိုရင် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ စပါးမျိုးကို ရွေးချယ်စိုက်ပျိုးတာဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။ ဘာကြောင့်ရွေးချယ်ရသလဲဆိုတော့ သီးနှံပင်သန်စွမ်းဖို့ အထွက်နှုန်းကောင်းဖို့ ဈေးကွက်ရဖို့နဲ့ ကြိတ်ခွဲရာမှာ ဆန်ထွက်ကောင်းဖို့အတွက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ပိုးမွှားဒဏ်ခံနိုင်မယ်။ ရေကြီးနစ်မြုပ်ဒဏ်နဲ့ မိုးခေါင်ဒဏ်ကိုခံနိုင်တဲ့ စကားမျိုးတွေကိုသာ ရွေးချယ်ရမှာပါ။

အခုအခါမှာဆိုရင် စပါးကို မိုးစပါး၊ နွေစပါးအဖြစ် တစ်နှစ်မှာ ၂ ကြိမ်ခန့်စိုက်ပျိုးလျက် ရှိကြပါတယ်။ စပါးစိုက်ပျိုးရာမှာတော့ စပါးမျိုးပေါင်း များစွာရှိတဲ့အထဲက မိမိဒေသနဲ့ သင့်တော်ရာစပါးမျိုးကိုသာ ရွေးချယ်စိုက်ပျိုးရမှာပါ။ စပါးစိုက်ပျိုးရမယ် ဆိုရင်တော့ မျိုးစေ့အကောင်းတွေကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ မျိုးစေ့ကောင်းတွေကို ရွေးချယ်စိုက်ပျိုးခြင်းအားဖြင့် အပင်ကြီးထွားနှုန်းမြန်ဆန်ခြင်း၊ ပိုးမွှားရောဂါဒဏ်တွေကို ခံနိုင်ခြင်းတို့ ကြောင့် သာမန်စပါးမျိုးစေ့နဲ့ စိုက်ပျိုးခြင်းထက် အထွက်နှုန်းမှာ ၅% မှ ၂၀% အထိ ပိုမိုထွက်ရှိနိုင်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရဲ့ ရေကြီးနစ်မြုပ်မှုဧရိယာ ဧကတစ်သိန်းကျော်ခန့်ရှိခဲ့ပေမယ့် ခုနှစ်သောင်းကျော်သာ ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် ရေကြီးနစ်မြုပ်တဲ့နေရာတွေမှာ အချိန်မီစိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေး ဦးစီးဌာနက ဘယ်လိုပြန်လည်လုပ်ဆောင်နေတယ်ဆိုတာကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ ဦးစိန်အောင်မြင့်က အခုလိုပြောပြပါတယ်။

ဒီ ရေကြီးနစ်မြုပ်သွားပြီး ထိခိုက်တဲ့နေရာတွေမှာပေ့ါနော်။ ဘယ်နေရာတွေမှာ အဓိကထားပြီး ဖြစ်တာလဲဆိုတာကို သိဖို့အတွက်တော့ မြို့နယ်မှာ ရှိတဲ့ စိုက်ပျိုးရေးဦးစီးဌာနမှာရှိတဲ့ ဝန်းထမ်းတွေက ကွင်းဆင်းဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ မြို့နယ်မှာ ရှိတဲ့စိုက်တိုးမြှင့်အဖွဲ့တွေ ဦးဆောင်ပြီး ကျေးရွာအလိုက်ကွင်းဆင်းပြီးတော့ စာရင်းဇယားတွေကို ကောက်ရပါတယ်။ ကောက်ပြီးတဲ့အခါကျတော့မှ သက်ဆိုင်ရာ ဒီတာဝန်ရှိသူများနဲ့ ပူးပေါင်းပြီးတော့ ဒီကွင်းဆင်းပညာပေးတဲ့ လုပ်ငန်းကိုလုပ်ပါတယ်။

နောက်တစ်ခုက ရေကြီးပြီးတဲ့ အခါမှာ ကျွန်တော်တို့က ပျက်စီးတဲ့ဧက  ခုနှစ်သိန်းကျော်ရှိတယ်လို့  နောက်ဆုံးမှာ ဖိုင်နယ်စာရင်းကောက်ရတာပေ့ါနော်။ ပထမပိုင်းမှာ ကျွန်တော်တို့က ပုသိမ်ခရိုင် ဒေသဟာ နှစ်စဉ်နှစ်တိုင်းကလည်း ရေကြီးမှုပုံမှန်ခံနေရပါတယ်။ များသောအားဖြင့် ပုသိမ်ခရိုင် အတွင်းမှာရှိတဲ့ သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်း၊ ကန်ကြီးတောင့်၊ ပုသိမ် ဒီမြို့တွေ ဟာ နှစ်စဉ်ရေကြီးမြုပ်ဒဏ်ကိုခံရတဲ့အတွက်ကြောင့်မို့လို့ ဒီတောင်သူတွေမှာတော့ ဒီရေမြုပ်တဲ့ အတွေ့အကြုံဟာ ရရှိပြီးတော့ ဒီတောင်သူတွေမှာ စနစ်တစ်ကျ မျိုးစေ့တွေကို အဆင်သင့်အရန်သင့် သိုလှောင်ထားပြီး ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့က လက်ရှိကျွန်တော်တို့ ဒီနေရာမှာ နှစ်သီးစိုက်နိုင်တဲ့နေရာတွေ မှာ နှစ်သီးမီအောင် ပထမ ကျွန်တော်တို့က စိုက်ရမယ့်စပါးတွေကို ရာသီအချိန်မီ   နောက်တစ်သီးအချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြတဲ့ဟာတွေ စောပြီးတော့  အရန်မျိုးတွေ စပြီးပျိုးထောင်ခိုင်းတဲ့လုပ်ငန်းတွေ ကျွန်တော်တို့က လုပ်ပါတယ်။ အရင်ဆုံးတော့ ပျိုးထောင်မှုတွေလုပ်ရ ပါတယ်။

အဲဒီပျိုးထောင်မှုတွေ မလုပ်ခင်မှာပဲ ဒီ မျိုးတွေကို သေချာတယ်။ အထွက်နှုန်းတွေ လျော့ကျမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အထွက်နှုန်း မလျော့အောင်ဆိုပြီးတော့ ကျွန်တော်တို့က ဒီစိုက်ပျိုးရေးဦးစီးဌာန မှာရှိတဲ့ နယ်မှာရှိတဲ့ ကွင်းဆင်း ဝန်ထမ်းတွေ နောက်တစ်ခါ သက်ဆိုင်ရာ စိုက်တိုးမြှင့်အဖွ့ဲတွေ ဦးဆောင်မှုတွေနဲ့ ဒီမျိုးတွေကိုလည်း မျိုးစေ့မှန်ကန်မှုရှိမရှိ၊ မျိုးပင်မျိုးပေါက်နှုန်း ရာခိုင်နှုန်း၊ ကျွန်တော် တို့က စစ်ဆေးရေးတွေရှိပါတယ်။

အဲဒီတော့  ဒီနေရာမှာ နှစ်ချက်စဉ်းစား ပါတယ်။ ဒီနေရာဟာ ဒုတိယတစ်သီးပြန်ရနိုင်သလား၊ မရနိုင်ဘူးလား၊ ရနိုင်မယ်ဆိုလို့ရှိရင် ဒုတိယသည် ပြန်ရနိုင်တဲ့ သီးနှံသည် စပါးဖြစ်သလား။ ထိုနည်းမဟုတ် နောက်တစ်နည်းသည် ပဲဘဲရတော့မလား ဒါတွေကို ကျွန်တော်တို့က ကွင်းဆင်းပြီး့ သုံးသပ်ရပါတယ်။

 အခုကျွန်တော့်ဒီပုသိမ်ခရိုင်ထဲမှာရှိတဲ့ မြို့နယ်ထဲကနေပြီးတော့ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်ရယ်ဆိုလို့ရှိရင် နှစ်မြုပ်မှု ဧရိယာပမာဏထဲမှာဆိုရင် ကျုံပျော်ဆိုရင် ဧရိယာရဲ့ ၅ ချိုး ၂ ချိုး လောက်ပဲ စပါးပြန်စိုက်နိုင်ပြီးတော့ ကျန်တဲ့ ၃ ချိုး ကျွန်တော်တို့ ပဲမျိုးစုံးသီးနှံကို ပြောင်းလဲသွားတာရှိ ပ ါတယ်။ ဒါတွေကလည်း ကျွန်တော်တို့က ကွက်လပ်မကျန်ပြန်လည်စိုက်ဖို့အတွက်ကို ကျွန်တော်တို့ က အခုချိန်မှာလည်း ကျွန်တော်တို့ဆီမှာရှိတဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေလည်း၊ နယ်ဝန်ထမ်းတွေလည်း အကုန်လုံးကွင်းဆင်းဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့က တိုင်းခရိုင်ရဲ့ အပေါ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညွှန်ကြားချက်တွေနဲ့ အချိန်နဲ့တစ်ပြေးညီ ကွင်းဆင်းပြီးတော့  ကျွန်တော်ဆောင်ရွက်နေပါတယ်။

စပါးပင်ရဲ့အပင်ကြီးထွားပြောင်းလဲမှုကိုတော့ အပိုင်းသုံးပိုင်း ပိုင်းနိုင်ပါတယ်။ စပါးစေ့အပင်ပေါက်မှာ မှိုကပ်သည့်အချိန်အထိ အပင်ကြီးထွားမှုအပိုင်း မှိုကပ်သည့်အချိန်မှ အနံှအပွင့်ပွင့်တဲ့အထိ သန္ဓေကြီး ထွားမှုအပိုင်း အနှံအပွင့်ပွင့်သည့်အချိန်မှ ရင့်မှည့်သည့်အချိန်အထိ သုံးပိုင်းခွဲခြားထားပါတယ်။

အပင် ကြီးထွားမှုအပိုင်းမှာတော့ ပျိုးထောင်ခြင်းလုပ်ငန်း၊ ပျိုးနုတ်ခြင်းလုပ်ငန်း၊ ကောက်စိုက်ခြင်းလုပ်ငန်းတို့ ကို ပြုလုပ်ပေးရပါတယ်။ ပျိုးပင်များကိုတော့ စတင်ပျိုးသည့်နေ့မှစပြီး၊ ရက် ၂၀ နဲ့ ၂၅ အတွင်းထဲမှာ စိုက်ပျိုးနိုင်ပါတယ်။

ကောက်ပင်စိုက်ရန်အတွက် သမန်းကို ထွန်ဖြင့်ညက်အောင် ထွန်ယက်ခြင်း၊ ကြမ်း တုံးတိုက်ခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ စိုက်ခင်းတမန်းညက်အောင်ပြုလုပ်ရာမှာ စိုက်ခင်းကို ထယ်ထိုးပြီး သုံးရက်ခန့် ရေလှောင်ထားပေးရပါတယ်။ ထွန်ရေးကိုတော့ အနည်းဆုံး ရှစ်စပ် နယ်ပေးရပါတယ်။ ဒါမှသာ စိုက်ပျိုးတဲ့အခါမှာ တမန်းကောင်းကိုရရှိပြီး အဆင်ပြေစေမှာ ဖြစ်ပါတယ်။  

ကောက်ပင်စိုက်ပျိုးတဲ့အခါမှာလည်း ငါးပွင့်ဆိုင်၊ လေးကွက်ကျား၊ ထောင့်မှန်စတုဂံ စတဲ့စနစ်တွကို အသုံးပြုပြီးစိုက်ပျိုးနိုင်ပါတယ်။ ကောက်ပင်တစ်ပင်နဲ့တစ်ပင် အနှောက်အယှက်မဖြစ်စေရန်အတွက် အကွာအဝေးကိုတော့ ချန့်ချိန်စိုက်ပျိုးပေးရမှာပါ။

ကောက်ပင်စိုက်ပျိုးပြီး ဒုတိယအပတ်မှစပြီး အပင်ပွားနှုန်းဟာ မြန်ဆန်လာပါတယ်။ ကောက်ပင်စိုက်ပြီး ရက် ၃၀ အတွင်းမှာတော့ ပေါင်းမြက် ကင်းစင်အောင် ဆောင်ရွက်ရမည့်အပြင် ကျောက်ဆူးပိုး၊ ရွက်လိပ်ပိုးတို့ကိုလည်း သတိပြုသင့်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရဲ့ စပါးစိုက် ဧရိယာများမှာ ကျရောက်တတ်တဲ့ရောဂါပိုးတွေကို ကြိုတင် ကာကွယ်ဖို့နဲ့ ဘယ်လိုကြိုတင်ကာကွယ်ရမယ်ဆိုတဲ့ အကြောင်းကို ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်လဲ့လဲ့ခိုင် က အခုလိုပြောပြခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး စပါးသီးနှံမှာ အဓိကကျရောက်တာကတော့ ဖြုတ်၊ ဂျပိုး၊ စစ်ပိုး၊ နောက်တစ်ခါကျတော့ ရွက်လိပ်ပိုးတွေ ကျရောက်ပါတယ်။ ရောဂါအနေနဲ့ကတော့ ဘက်တီးရီး ယား နဲ့ဆိုင်တဲ့ရောဂါ  ဆက်တိုက်ကျရောက်တတ်တယ်နော်။

ဒါကြောင့်မို့လို့ မစိုက်ခင်ကတည်းက ကြိုတင်ပြီးတော့ ရိုးပြတ်တွေကိုမီးရှို့တာ နောက်တစ် ခါကျတော့ တမန်းပုတ်အောင်လုပ်တာ။ နောင်ဖယ်ခွဲမြေလှန်တာ ဒီကိစ္စတွေကို ဆောင်ရွက်ရပါတယ်။   နောက်တစ်ခါကျတော့ ဒီမြေအခံအနေနဲ့ ဒီမြေကြီးထဲမှာ ပိုတက်တို့ ကျောက်မှုန့်တို့ ထည့်ပေးရ ပါတယ်။

နောက်တစ်ခါ ဒီစိုက်ပြီး တစ်လကြာအရောက်လို့ရှိရင် စတင်ပြီးတော့ အဲဒီအချိန်မှာ ပိုးကို သေသေချာချာစစ်ဆေးရပါတယ်။ ရေပြင်အထက်မှာရှိတဲ့ ရောဂါပိုးစတင်ကျရောက်တဲ့ လက္ခဏာကို တွေ့တဲ့အခါမှာ ကြိုတင်ကာကွယ်နိမ်းနင်းနိုင်မယ်ဆိုလို့ရှိရင် ထိထိရောက်ရောက်ကာကွယ်နိုင်ပါတယ်။ အဲလိုမှမဟုတ်ပဲနဲ့နောက်ပိုင်းကျတော့မှ အရွက်တွေ တွန့်လာမှ အနှံတွေလိပ်လာမှဆိုလို့ရှိရင်လည်း မထိရောက်ပါ။ ပြီးတေ့ာ ဒီရောဂါမျိုးက ရေနဲ့မိုင်ပေါင်းများစွာ ကူးဆက် တတ်ပြီးတော့ ပြန့်နှံ့တတ်တဲ့အတွက်ကြောင့် တကယ်လို့ရေလွှမ်းသွားမယ် ဒီရေဝင်သွားတယ် ဆိုလို့ရှိရင်တော့ အဲဒီနှစ်ကတော့ သိပ်ပြီးတော့ မသေချာပါဘူး။ ကြိုတင်ကာကွယ်ထားပေမဲ့လည်း ကူးချင်ရင်လဲ ကူးစက်သွားနိုင်ပါတယ်။ အဲဒါတိုက်ရိုက်ပြဿနာပါ။
စပါးပင်မှာတော့ ကျရောက်တတ်တဲ့ ရောဂါပိုးတွေကတော့ ငါးမြောင်တောင်၊ စစ်ပိုး၊ နံှဖြတ်ပိုး၊ ရွက်လိပ်ပိုး၊ ရွက်ဖြတ်ပိုး၊ ခိုမွေးစုတ်၊ လောင်မီးပိုး၊ ကြက်သွန်မြိတ်ပိုး၊ ရွက်ကပ်ပိုး၊ နှံစုတ်ပိုး၊ ဖြုတ်ဆီပိုး၊ တိုင်းပိုးတို့ ကျရောက်တတ်တဲ့အပြင် မှိုရောဂါများကိုလည်း သတိထားပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စပါးပင်မှာ ပိုးမွှားတွေမကျရောက်နိုင်အောင် ကြိုတင်ကာကွယ်ခြင်းနဲ့ ပိုးမွှားကာကွယ်ခြင်း တွေကိုလည်း အထူးဂရုပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။

စပါးသီးနှံအောင်မြင်ဖြစ်ထွန်းစေဖို့အတွက် သီးနှံကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက် ထားရှိပုံများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်လဲ့လဲ့ခိုင်က ဆက်ပြီး ရှင်းပြပါတယ်။

ကျွန်မတို့ကတော့ အဓိကပညာပေးလုပ်ငန်းကို ဦးစားပေးပြီး ဆောင်ရွက်ပါတယ်။ ကျွန်မတို့ဒီ တိုင်း၊ ခရိုင်မြို့နယ်အလိုက်ပေ့ါနော်။ ပညာပေးတွေကို ကျေးရွာအရောက်သွားရောက်ပြီးတေ့ာ ဆောင်ရွက်ပါ တယ်။ ဒီဧရာဝတီတိုင်းဆိုလို့ရှိရင် farmar free school ဆိုတဲ့ ရာသီတစ်လျှောက် ဘက်စုံကာကွယ် ရေးသင်တန်းကိုလည်း တစ်နှစ်ကို ၂ ကြိမ်ဆောင်ရွက်ပါတယ်။ နောက်တစ်ခါကျတော့ ရက်တို ၂ ရက်သင်တန်းဆိုလို့ရှိရင်လည်း မိုးတစ်ခါ၊ နွေတစ်ခါ။ ကောက်ပဲမျိုးစုံရာသီတစ်ခါ အဲလိုဆောင်ရွက်ပေး ပါတယ်။

အဲလိုဆောင်ရွက်ပေးတာတော့ ဆွေးနွေးပွဲနဲ့မတူဘူးပေ့ါ။ ဆွေးနွေးပွဲတွေကတော့ အချိန်ပြည့် နီးပါးပဲ။ ရောက်တဲ့နေရာမှာ တောင်သူတွေနဲ့ လက်ဘက်ရည်ကြမ်းဆွေးနွေးဝိုင်းပဲ ဖြစ်ဖြစ်၊ တောင်သူတွေကို ရသလောက် စုစည်းတဲ့ ဆွေးနွေးဝိုင်းပဲဖြစ်ဖြစ် အမျိုးစုံလုပ်ပါတယ်။ ဒါပေမဲ့ သင်တန်းအနေနဲ့ဆိုရင် ကျွန်မတို့က အနည်းဆုံး နှစ်ရက်သင်တယ်ဆိုရင် ပထမတစ်နေ့က စာတွေ့။
စာတွေ့တွေကို တောင်သူတွေနဲ့ဆွေးနွေးတယ်။ တောင်သူတွေရဲ့ ဒေသပြဿနာတွေကို မေးမြန်းတယ်။ တောင်သူကို ပေးရမယ့် information တွေ message တွေကို ပေးတယ်။ နောက် တစ်နေ့ကြတော့ တောင်သူတွေနဲ့အတူ ကွင်းဆင်းတယ်။ ကွင်းဆင်းပြီးတော့ ကွင်းထဲမှာ တောင်သူ တွေ တွေ့နေကြဟာ သူတို့မြင်နေပေမဲ့ သူတို့ဘာမှန်းမသိဘူး။ ဘာလုပ်ရမှန်းမသိဘူးဆိုတာ   တောင်သူတွေက ကျွန်မတို့ထက်ပိုပြီးတော့ ကွင်းကို ကျွမ်းကျင်တယ်။ သို့သော်ဘာမှန်းကိုမသိတာ။ အဲဒီအခါကျတော့ တောင်သူတွေနဲ့ ကျွန်မတို့ ဆွေးနွေးတာ ကွင်းဆင်းပြီးတော့ တောင်သူတွေကို နည်းပညာပေးတယ်။ သေသေချာချာ ဆွေးနွေးတိုင်ပင်ပြီးတော့ ဒီဥစ္စာကို ဘယ်လိုနိမ်နှင်းရမလဲ ပေ့ါနော်။ အဲဒီဟာလေးလုပ်တဲ့အခါ တော်တော်လေးအောင်မြင်ပါတယ်။

အဲလို နှစ်ရက်သင်တန်းမျိုး ကျွန်မတို့ နွေတစ်ခါ မိုးတစ်ခါ ဆောင်းရာသီပဲနုတ်ချိန်မှာ တစ်ခါလုပ်ပါတယ်။ နောက်ရာသီတစ် လျှောက် farmar free school ကတော့ တစ်ရာသီလုံးမှာ ၈ ကြိမ်လုပ်တာရှင့်။ ၁၅ ရက်ခြား တစ်ကြိမ် ပေ့ါ။ ပထမတစ်နေ့က အဲဒီလိုပဲ စာတွေ့၊ ဒုတိယနေ့ကျတော့ ကွင်းလက်တွေ့ ကွင်းဟာကို ပြန်ပြီးတော့ ကျွန်မတို့ discus လုပ်တယ်။

သင်တန်းတစ်ကြိမ်ကို ကျွန်မတို့ တောင်သူ ၃၀ ပဲ လုပ်တာ။ တောင်သူ ၃၀ ကို Group လေးတွေခွဲပြီးတော့ သေသေချာချာ အနီးကပ်ကြီးကြပ်တဲ့ ဝန်ထမ်းတွေနဲ့ စနစ်တစ်ကျ  တောင်သူတွေကို   လေ့ကျင့်ပေးလိုက်တဲ့အခါကျတော့ အဲဒီတောင်သူတွေက ဝန်ထမ်းလောက် ကို နားလည် တတ်ကျွမ်းသွားတယ်။ သူ့ရဲ့စပါးသီးနှံလည်း စပါးသီးနှံနဲ့ ဆိုင်လို့ရှိရင် ဝန်းထမ်းလောက် ကို တတ်ကျွမ်းသွားတဲ့အခါကြတော့ သူတို့ သူ့ရဲ့ရွာမှာ ပြန်ပြီးတော့ ဦးဆောင်နိုင်သွားတယ်။

ဒီပိုးမွှား ရောဂါနဲ့ ပြဿနာနဲ့ ပတ်သက်လို့ နောက်မို့လို့ရှိရင် တောင်သူတွေက တစ်ခုခုဆိုရင် ပိုးမှန်းမသိဘူး။ ပိုးမွှားရောဂါလား မခွဲတတ်ဘူး။ မခွဲတတ်တော့ သူတို့တွေက ဆေးဆိုင်သွားမယ်။   ဆေးဆိုင်ကလည်း ကိုယ့်ဆီရောက်တဲ့ ဈေးဝယ်သူကို ပြန်မလွှတ်ချင်ဘူးပေ့ါနော်။ သင့်တော်တဲ့ ဆေးပေမဲ့လည်း သွယ်ဝိုက်ပြီးသင့်တော်တဲ့ ဆေးတွေနဲ့လည်း သူတို့ရောင်းတာပေ့ါ။ ဒါပေမဲ့ သင်တန်း သေသေချာချာပေးထားပြီးတဲ့ တောင်သူကတော့ အဲလိုမျိုး မဖြစ်တော့ဘူး။ ကျကျနနခွဲခြား တတ်မယ်။ ဒါပိုးသတ်ဆေးသုံးရမှာလား ဘက်တီးရီးယားဆေးသုံးရမှာလား ဒါမှမဟုတ်ရင် ဒါအာဟာရ ပြဿနာဖြစ်တဲ့အတွက်ကြောင့် ဆေးမသုံးရပဲနဲ့ တစ်ခြားနည်းတွေ လုပ်ရမှာလား။ မြေသြဇာသုံးရမှာ လား အဲဒါတွေကို သေသေချာချာ ခွဲခြားတတ်ပြီးတော့ သူတို့ စနစ်တကျဆောင်ရွက်နိုင်ပါတယ်။ ဘေးပတ်ဝန်းကျင်က တောင်သူတွေလည်း ပြန်ပြီးတော့ ပြောလို့ရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းမှာ ရှိတဲ့ ရေကျနောက်စိုက် လယ်သမားတစ်ဦးဖြစ်တဲ့ ဦးမြသောင်းကလည်း ရေကြီးနစ်မြုပ်မှုနှင့် ပတ်သက်ပြီး ဖြစ်ပေါ်ခံစားရပုံများကို အခုလိုပြောပြလာပါတယ်။

ကျွန်တော်ရဲ့ လက်ရှိအနေအထားအရဆိုလို့ရှိရင် ကျွန်တော် ဧက ၃၀ စိုက်ပျိုးပါတယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံတော်က ချမှတ်တဲ့ နည်းစနစ်တွေနဲ့ တစ်ချို့ တစ်ဝက်ပါသလို မိမိရဲ့ မိရိုးဖလာနဲ့ပဲ မိမိလယ်နဲ့ ကိုက်ညီအောင် စိုက်ပျိုးရတဲ့ အခြေအနေလည်း ရှိပါတယ်။ နွားနဲ့မနိုင်တဲ့အတွက် အခြားစက်ယန္တရား ကိုလည်းပဲ အခုခေတ်ပေါ်နေတဲ့ ဒိန်းဒေါင်းတို့ ဂွန်ဒေါင်း ငှါးပြီးတော့ ထွန်ယက်စိုက်ပျိုးရပါတယ်။ ကွာခြားမှုပုံသဏ္ဍာန်ကတော့ မိမိ၏နွားနဲ့ တစ်နေ့လုပ်ရတဲ့ လုပ်ငန်းတစ်ခုကို စက်နဲ့ကတော့ နာရီဝက် အတွင်း ပီးစီးနိုင်တဲ့အတွက် စက်ယန္တရားနဲ့လုပ်ရတာကတော့ ပိုပြီးတော့ ထိရောက်မှုပိုရှိပါတယ်။ စိုက်ပျိုးရေးနည်းပညာများကတော့ လာပြီးတော့ သူတို့ကတော့ တစ်နှစ်ကို ဒီနေရာမှာ နှစ်ထပ် လေးထပ်အပြင် စိုက်ပျိုးနိုင်ရန်သူတို့ လာရောက်ပြီးတော့ ပို့ချပေးပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ စိုက်ပျိုးတဲ့နေရာမှာ ကျွန်တော်တို့ရဲ့ မြေအနေအထားအရ ရေကြီးနစ်မြုတ်တဲ့အတွက် ကျွန်တော်တို့ဆီမှာက တစ်သီးသာစိုက်လို့ရတဲ့အတွက် ယခုလက်ရှိ မြင်တွေ့နေရတာကတော့ ရေကျ နောက်စိုက်စနစ်အပြင် မိမိတို့ရဲ့ နည်းပညာနဲ့ တစ်ချို့လည်းပဲ စိုက်ပျိုးပါတယ်။ အခုလက်ရှိအနေအထား အရ ရေကျနောက်စိုက် စိုက်ပျိုးနေရတဲ့အတွက် မိမိရဲ့ မိရိုးဖလာအရ အထွက်ကောင်းအောင် ကြဲခင်းတစ်ချို့ စိုက်ခင်းတစ်ချို့နဲ့ပဲ အကောင်အထည်ဖော်ဆောင်ရပါတယ်။

အခက်အခဲကြုံမှုကတော့ ကျွန်တော်တို့ ဒီမိုးဦးကျ ဆိုလို့ရှိရင် အခုလက်ရှိ အချိန်မှာ နောက်ပိုင်း တစ်သီးထပ်မှီပါတယ်။ ကျွန်တော်ဆိုလို့ရှိရင်အခု ပထမတစ်ခါ မိုးဦးကျ စိုက်ပျိုးလိုက်ပါတယ်။   နောက်ရေတစ်ခါလျှော့သွားတဲ့အတွက် ကြဲခင်းတစ်ခါ ထပ်ပြီးတော့ ကြဲလိုက်ပါ တယ်။ နောက်ထပ်တစ်ခါ ဒုတိယရေ ထပ်မံပြီးမြုတ်တဲ့အတွက် ကြဲခင်းမြုပ်သွားတဲ့အတွက် အဲဒီ ကြဲခင်းနဲ့ စိုက်ခင်းနေရာကိုတော့ စပါးစိုက်လို့ မမှီတဲ့အတွက် အစားထိုး မတ်ပဲကို ထပ်မံပြီးတော့ အစားထိုးစိုက်ပျိုးရပါတယ်။

အမှန်တကယ် ကြီးထွားမှုအပိုင်းမှာတော့ မြေသြဇာ ပြည့်စုံစေခြင်း၊ ရေထိန်းပေးခြင်း၊ ပိုးမွှားအန္တရာယ် ကာကွယ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးရပါတယ်။ အပွင့်၊ အသီး၊ ရင့်မှည့်တဲ့ ခူးဆွတ်တဲ့ အပိုင်းမှာတော့ မြေသြဇာအသစ်ထည့်ပေးခြင်း၊ ပိုးမွှားကာကွယ်ခြင်း၊ ရာသီဥတုဒဏ်ကို ခံနိုင်ခြင်း၊ ရေထုတ်ခြင်း၊ ရိတ်သိမ်းနယ်ထုတ်ခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးတောင့်မြို့နယ်မှာရှိတဲ့ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံမှ ရေစုန်များထုတ်လုပ်မှုကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီနေတဲ့အကြောင်းကို လယ်သမားတစ်ဦးဖြစ်တဲ့ ဦးမြသောင်းကလည်း အခုလိုပြောပြပါ တယ်။

ကျွန်တော်တို့ ယခုတွေ့ကြုံနေရတဲ့အခက်အခဲကတော့ ကျွန်တော်တို့ ကျေးရွာဒေသမှာရှိတဲ့ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံမှ ညစ်ညမ်းတဲ့ စွန့်ပစ်ရေများဟာ ကျွန်တော်တို့ရဲ့တောင်သူလယ်သမား များ လယ်ယာကွင်းတွေမှာ ထိခိုက်မှု အင်မတန်မှ ဆုံးရှုံးမှု တစ်ခါတစ်ရံ သေကြေပျက်စီးတဲ့အထိ ဖြစ်ပေါ်လာတယ်။

ဒီလိုပျက်စီးမှု ဖြစ်ပေါ်လာတဲ့ ဒီညစ်ညမ်းမှု ထုတ်လွှတ်လိုက်တဲ့ အညစ်အကြေး တွေကို နည်းစနစ်မှန်မှန်နဲ့  နိုင်ငံတော်မှ နေပြီးတော့ ထုတ်ပေးမယ် စနစ်ကျကျ ဒီရေလွှတ်မြောင်းများ လုပ်ပေးမယ်ဆိုလို့ရှိရင်ဖြင့် ကျွန်တော်တို့ အနေနဲ့ မျှော်လင့်ချက်တွေ အများကြီး ရှိမယ်လို့ ခံယူပါတယ်။

အခုအခါမှာဆိုရင်တော့ တောင်သူလယ်သမားအများစုဟာ စက်မှုလယ်ယာကို ကူးပြောင်းနေကြ ပြီ်ဖြစ်ပေမဲ့ ခေတ်မှီစက်မှုလယ်ယာအတွက်ကိုတော့ အချိန်ယူဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ကို ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ ဦးစိန်မောင်မြင့်က အခုလိုရှင်းပြပါတယ်။

စနစ်တကျလယ်ယာမြေ ဖော်ဆောင်မူကတော့ ကျွန်တော်တို့က အားနည်းပါသေးတယ်။ တစ်မြို့နယ် မှ တစ်ရာ၊ နှစ်ရာလောက်ပဲ ဖော်ထုတ်နိုင်ပါသေးတယ်။ စက်ကိရိယာသုံးစွဲမှု အပိုင်းကတော့ တစ်တိုင်းလုံးအနေနဲ့ တော်တော်များများ တိုးတက်နေတဲ့အနေအထားရှိပါတယ်။ ဥပမာဖြင့် ထွန်ယက် ရေးကိစ္စမှာ ကျွန်တော်တို့က ဒီသမဝါယမ လုပ်ငန်းထဲကကော စက်မှုလယ်ယာက လုပ်ငန်းကကော ပုဂ္ဂလိက လုပ်ငန်းရှင်များကကော အရစ်ကျစနစ်နဲ့ စက်တွေထုတ်ပေးထားတာတွေ တော်တော်များပါ တယ်။ တောင်သူတော်တော်များများဟာ စက်ကရိယာကိုပဲ တော်တော်များများဟာ လုပ်ကိုင်နေတဲ့ အပိုင်းတော့ ရှိပါတယ်။ သို့သော်လည်းပဲ အခုနလို ပြည့်ဝတဲ့ စက်မှုလယ်ယာစနစ်ကြီးတော့ မရောက်သေးပါဘူး။

အခုနပြောတဲ့ စနစ်ကျလယ်မြေတွေ ဖော်ထုတ်နိုင်မယ် ကျွန်တော်တို့ လက်ရှိက ရေသွင်းမြောင်းတွေ ရေထုတ်မြောင်းတွေ စနစ်တကျမရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အထွက် နှုန်းတွေကလည်း နည်းနည်းလေး နည်းတွေတာရှိတယ်။ တကယ်လို့သာ ဒီစနစ်တကျ လယ်ယာမြေဆိုတာ အထွက်နှုန်းလယ်ပယ်တွေ ညီမယ် ရေသွင်းမြောင်းတွေ ရေထုတ်မြောင်းတွေ ရှိမယ်ဆိုလို့ရှိရင်တော့ ပိုကောင်းလာမယ့် အနေအထားရှိပါတယ်။

ကျွန်တော်တို့ တိုင်းရဲ့ရေမြေ သဘာဝအရ ကျွန်တော်တို့က နိမ့်လိုက်မြင့်လိုက်နဲ့ ရေထဲမှာ တော်တော်များများက ရှိနေတဲ့ အတွက် ကြောင့်မို့လို့ ဒီလိုမျိုး စနစ်တကျလယ်ယာမြေ မရှိတဲ့အတွက်ကြောင့်မို့လို့ မြင့်နေတဲ့နေရာတွေက လမ်းနဲ့နီးတဲ့နေရာတွေက နိမ့်နေတယ်၊ လမ်းနဲ့ဝေးတဲ့ နေရာတွေက မြင့်နေတယ်။ ဒီနေရာတွေမှာ ကုန်ထုတ်လမ်းမရှိတဲ့အတွက်ကြောင့်မို့လို့ အဲဒီက ဟာလေးတွေကတော့ နည်းနည်း အခက်အခဲ ရှိတဲ့အပိုင်း ရှိပါတယ်။

အဲဒီအပိုင်းတွေမှာတော့ အခုနက စနစ်တကျလယ်ယာမြေတွေ ဖော်ဆောင်ပေးမယ်ဆိုရင်တော့ ဒါတွေက ပိုကောင်းလာမယ့်အနေအထားပါ။ တောင်သူတော်တော်များများက တော့ စက်ကိရိယာနဲ့ သုံးစွဲတာနဲ့ ပုံမှန်သမရိုးကျ နွားနဲ့လုပ်တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။ များသောအားဖြင့် ၆၅၊ ၇၀% လောက်အထိကတော့ တော်တော်များများတော့ စက်ကိရိယာအပိုင်း သုံးစွဲနေတာတော့ ရှိပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များနဲ့အတူ နိုင်ငံတော်ရဲ့ အားပေးကူညီမှု   တောင်သူလယ်သမားကြီးများရဲ့ ကြိုးစားအားထုတ်မှုနဲ့ သက်တမ်းတိုစပါးမျိုးများ၊ စိုက်က်စပါးမျိုးများကို ဦးစားပေး စိုက်ပျိုးခြင်းဖြင့် နိုင်ငံတော်ရဲ့ ပြည်တွင်းဝမ်းစာ ဖူလုံစေရုံသာမက   နိုင်ငံခြားဝင်ငွေကိုပါ ရရှိစေတဲ့အတွက်ကြောင့် စိုက်ပျိုးရေး ကဏ္ဍအားထုတ်မှုဟာ အလွန်အကျိုးများလှပါတယ်ခင်ဗျား။

Mizzima Weekly