ဘင်္ဂလားဒေ့ရှ်ဖမ်းဆီးထားသူများနိုင်ငံသားဟုတ်မဟုတ် မြန်မာသံရုံးစုံစမ်းနေဟုဆို

ဘင်္ဂလားဒေ့ရှ်ဖမ်းဆီးထားသူများနိုင်ငံသားဟုတ်မဟုတ် မြန်မာသံရုံးစုံစမ်းနေဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁။           ။ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း ဒီဇင်ဘာ ၈ရက်နေ့တွင် တွေ့ရှိခဲ့သည်ဟုဆိုသည့် ရေလုပ်သား ၉၀မှာ မြန်မာနိုင်ငံသားများ ဟုတ်မဟုတ်ကို ယင်နိုင်ငံအခြေစိုက် မြန်မာသံရုံးကအချက်အလက် စုံစမ်းနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက ဒီဇင်ဘာ ၁၁ရက်တွင် မဇ္ဈိမကိုပြောသည်။

"သတင်းပဲထွက်တာ ကျွန်တော်တို့နိုင်ငံသားဟုတ်မဟုတ်ကစစ်ဆေးရဦးမယ်။ ဒါကာကမြန်မာသံရုံးကိုစုံစမ်း ခိုင်းထားတယ်။ ဘယ်လောက်ပဲနိုင်ငံသားကိုကူညီချင်ပေမယ့်တရားဝင်အချက်အလက်မရရင်တော့ ဘာမှ လုပ်လို့မရဘူး။ နိုင်ငံသားဟုတ်မဟုတ်၊ အခုသတင်းကဟုတ်မဟုတ်ဆိုတာရယ်နိုင်ငံသားဘယ်နှစ်ယောက် ပါလဲကိုစစ်ဆေးရမယ်။" ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၈ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း မြန်မာရေလုပ်ငန်း ၉၀ကိုဖမ်းဆီးရမိထားသည်ဟု ရိုက်တာအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သတင်းစာများကလည်း ဒီဇင်ဘာ ဒုတိယအပတ်အတွင်း ဖော်ပြခဲ့ ကြသည်။

ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း မြန်မာရေလုပ်သား ၉၀တွေ့ရှိသည်ဟုဆိုသည့်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ဘင်္ဂလားဒေံရှ် ကောင်စစ်ဝန်ချုပ်ရုံးတို့က ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသေးကြောင်းဦးအောင်လင်းကပြောသည်။

"ဒီနေ့မနက်ကျွန်တော်ရုံးတက်တဲ့အချိန်အထိတော့ ဘင်္ဂလားဒေ့ရှ်ဖက်ကဆက်သွယ်လာတာမရှိသေးဘူး။ အဲဒီဟာနဲ့ပက်သက်ပြီးတော့ စိစစ်ပေးဖို့၊ စိစစ်ရင်လည်း ဘင်္ဂလားဒေ့ရှ်ဖက်က အချက်အလက်တွေရပြီဆိုရင် ကိုယ့်နိုင်ငံသားဖြစ်ရင်တော့ ပြန်ခေါ်ဖို့လုပ်ရမှာပါ။ အခုချိန်ထိတော့ မြန်မာသံရုံးလည်း ပြန်ဆက်သွယ်လာတာ မရှိသေးဘူး။" ဟု၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်က တွေ့ရှိဖမ်းဆီးထားသည်ဟုဆိုသည့် သတင်းနှင့်ပက်သက်ပြီး အခြားဆက်စပ်သည့် အကြောင်း အရာများကိုမေးမြန်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးသို့ ယင်းကိစ္စနဲ့ပက်သက်ပြီး ဖုန်းဖြင့် ဆက်သွယ်ရာတွင် ရခိုင်ပြည်နယ်စစ်တွေသို့လူကိုယ်တိုင် သတင်းလာရောက်မေးမြန်း မှသာဖြေဆိုနိုင်မည်ဟု ၀၄၃၂၃၆၃၆ ဖုန်းမှတစ်ဆင့် ဖုန်းကိုင်သူက ပြန်လည်ဖြေကြားသည်။

ရခိုင်ပြည်နယ်သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဥပဒေချုပ်ဦးလှသိန်းကိုမေးမြန်းရာတွင်လည်း နိုင်ငံခြားခရီး စဉ်အတွက် ပြင်ဆင်နေရသဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်းမရှိပဲ၊ နောက်မှသာပြန်လည်ခေါ်ဆိုပါဟု ကိုယ်ရေး အရာရှိ မှတစ်ဆင့်ဖြေကြားသည်။

၂၀၁၅ခုနှစ်၊ မေလ ၂၁၊ ၂၉ရက် နှင့် ဇွန် ၁၅ရက်တို့ကလည်း မြန်မာရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှင့် မြန်မာနိုင်ငံသားစုစုပေါင်း ၈၅၃ဦးကို မြန်မာနိုင်ငံကကယ်တင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၇၉ဦးကို မူရင်းနိုင်ငံသို့ ၇ကြိမ်ထိခွဲကာ လွှဲပြောင်းပေးခဲ့သေးသည်။ ဒီဇင်ဘာ ၂ရက်နေ့ကမူ နောက်ဆုံးအကြိမ်လွှဲ ပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags