အသင်းနည်းပြသစ်အပေါ် ယုံကြည်မှုအပြည့်ရှိဟု ရခိုင်ယူနိုက်တက်အသင်း မန်နေဂျာ ပြော

အသင်းနည်းပြသစ်အပေါ် ယုံကြည်မှုအပြည့်ရှိဟု ရခိုင်ယူနိုက်တက်အသင်း မန်နေဂျာ ပြော
ရခိုင်အသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးနှင့် အသင်း ကစားသမားအချို့။ (ဓာတ်ပုံ - သောကြာ)

ဒီဇင်ဘာ ၁၁၊ ရန်ကုန်။            ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဝင်ပြိုင်မည့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် နည်းပြချုပ် ရာထူးအပြောင်းအလဲ ပြုလုပ်ထားပြီး လက်ရှိအသင်းနည်းပြချုပ်အသစ်အပေါ် ယုံကြည်မှုအပြည့်အဝရှိသည်ဟု အသင်းမန် နေဂျာ ဦးထွန်းထွန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ တန်းဆင်းဇုန် အန္တရယ်မှ ရုန်းကန် ခဲ့ရသော်လည်း နည်းပြဟောင်း ဦးဝင်းတင်မှ အသင်းအား တန်းဆင်းဇုန်မှ လွတ်မြောက်နိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။

သို့သော် ရခိုင်ယူနိုက်တက်အသင်းသည် နည်းပြချုပ်ဟောင်း ဦးဝင်းတင်နှင့် လမ်းခွဲခဲ့ပြီး လူငယ်အသင်းနည်းပြချုပ်ဖြစ်သည့် ဦးအောင်ဇော်မျိုးနှင့် အစားထိုးခဲ့သည်။ ' မနှစ်က ဦးဝင်းတင် သူ့လဲ တတ်နိုင်သလောက် ကြိုးစားတယ်။ မဆိုးပါဘူး။ ဒါပေမယ့် အသင်းနဲ့ အံ့မဝင်ဘူးထင်လို့ ဒီနှစ်မှာ နည်းပြအပြောင်းရွှေ့လုပ်လိုက်တာပါ။ နည်းပြချုပ်အပေါ် ယုံကြည်မှု အပြည့်အဝရှိလို့
ပေးထားတယ်။ လောလောဆယ် ပွဲမစသေးဘူး။ သူ့ရဲ့ အိုင်ဒီယာ၊ ကစားကွက်တွေ ဘယ်လောက်ထိကောင်းမလဲဆိုတာတော့ ပွဲစမှပဲ သိရမှာပါ'ဟု ရခိုင်ယူနိုက်တက်ဘောလုံးအသင်း မန်နေဂျာ ဦးထွန်းထွန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

ရခိုင်ယူနိုက် တက်အသင်းသည် မကြာမီစတင်ကျင်းပမည့် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ဧရာဝတီအသင်း ကစားသမားဟောင်း ညီညီမင်း၊ ရတနာပုံအသင်း လူငယ်တိုက်စစ်မှူး ဒွေးကိုကိုချစ် တို့ကို ခေါ်ယူနိုင်ခဲ့သည်။ ထို့ပြင် အသင်း နောက်ခံလူ ဘားနက် နှင့် စာချုပ်သက်တမ်းတိုးခဲ့ပြီး GFA အသင်း နောက်ခံကစားသမားဟောင်း ဒွန်ဂိုကိုလည်း ထပ်မံခေါ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly