မုံရွာတွင်ပြည်ထောင်စု လမ်းမကြီးဖောက်ရန် အတွက် အိမ်ခြေ ၃၀ ခန့်ကိုရွေ့ခိုင်း၍ အခက်ခဲဖြစ်

မုံရွာတွင်ပြည်ထောင်စု လမ်းမကြီးဖောက်ရန် အတွက် အိမ်ခြေ ၃၀ ခန့်ကိုရွေ့ခိုင်း၍ အခက်ခဲဖြစ်
ဓာတ်ပုံ - မာန်ဇာမြေမွန်

မုံရွာ၊ ဒီဇင်ဘာ ၁၁ ။            ။ မုံရွာမြို့၊ ကွန်ပျူတာတက္ကသိုလ်အနီး၊ အိုးဘိုတောင်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ် ရှိနေအိမ်များကို လမ်းမကြီးဖောက်လုပ်ရန်မြေပေါ်တွင် ကျူးကျော်အိမ်ဆောက်လုပ် ထားသည်ဟု ဆိုကာမြို့နယ်စည်ပင်မှ ဖယ်ရှားခိုင်း သဖြင့်ဒေသခံများ အခက်အခဲတွေ့နေကြောင်း ရွှေ့ပြောင်းခံရသူများကပြောသည်။

ယင်းရွှေ့ပြောင်းခံရသူများကို ရှားပြေးကျေးရွာ ငုံးမွေးမြူရေးဇုန် အနီးတွင် မြေ(၂)ဧက တစ်အိမ်လျှင်ပေ(၄၀x၃၀) မြေကွက် တစ်ကွက်စီ နေရာပြန်လည်ပေး ခဲ့သော်လည်း နေအိမ်များပြန်လည်ဆောက်လုပ် ရန်အတွက် ငွေကြေးအခက် အခဲဖြစ်နေကြောင်း လမ်းဖောက်လုပ်မည်နေရာတွင် အနှစ်၄၀ခန့်နေထိုင်လာသူ ဒေါ်မိုးကဆိုသည်။

" လမ်းဖောက်ဖို့အတွက်ဆိုပြီးပြောင်းရွေ့ခိုင်းလို့ပြောင်းရွေ့ခဲ့ရတာပါ၊အိမ်ဆောက်ဖို့အတွက်ကတော့ စရိတ်လည်းမရှိဘူး၊ မိုးကာလေးတွေပဲ မိုးထားရတယ်၊အလုပ်ကလည်းမလုပ်ရဘူး။ အိမ်မဆောက်ရသေးပဲနဲ့ အလုပ်ထွက်လုပ်လို့ကလည်းအဆင်မပြေဘူး၊ ဒါ့ကြောင့်မို့ အိမ်ဆောက်ဖို့အတွက် အစိုးရက အကူညီပေးဖို့တောင့်တမိတာတော့အမှန်ပါပဲ။" ဟု ဒေါ်မိုးကပြောသည်။

အဆိုပါအိုးဘိုတောင်ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးဖောက်လုပ်ရန် သတ်မှတ်ထားသောနေရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ခန့်ကနေထိုင်ခဲ့ကြသောလည်း ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတရာမရှိဘဲ နားလည်မှုဖြင့် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောင်းရွေ့ခံရသူများက ပြောသည်။

"  ရွေ့ရမယ် ဆိုတော့လည်း ရွေ့ခဲ့ရတာပေါ့။ အခက်ခဲကတော့ပေါင်းစုံဖြစ်နေတာပဲ။ ထမင်းတောင် တစ်နပ်ပဲ စားနေရတယ်။ အခုချိန်တစ်အိမ်လုံးပေါင်းလို့ပိုက်ဆံ ၁၅၀ တောင် မရှိဘူး။" ဟု အသက်(၄၅)နှစ်အရွယ် ဒေါ်တာကပြောသည်။

ပြည်ထောင်စုလမ်းမကြီး အသစ်ထပ်မံဖောက်လုပ်ရန် လျာထားသည့်အတွက် မြို့နယ်စည်ပင်မှ ၂၀၁၄ဒီဇင်ဘာ ၁၆ရက်နေ့ကတည်းက ပြောင်းရွှေ့ရန်နှင့် မပြောင်းရွေ့ပါက စည်ပင်သာယာရေးဥပဒေပုဒ်မ (၇၁)၊(၇၅)အရအရေးယူခြင်းခံ ရမည်ဟု စာပို့ထားပြီး မြေနေရာကိုလည်း သတ်မှတ်ထားပေးပြီးဖြစ်ကြောင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ  သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly