အိုင်အက်စ်တို့၏ ရေနံများမှာ တချို့က အာဆတ်နှင့် တူရကီသို့ရောက်ရှိသွားဟု အမေရိကန် ဘဏ္ဍာရေးအရာရှိ ပြော

အိုင်အက်စ်တို့၏ ရေနံများမှာ တချို့က အာဆတ်နှင့် တူရကီသို့ရောက်ရှိသွားဟု အမေရိကန် ဘဏ္ဍာရေးအရာရှိ ပြော

လန်ဒန်၊ ဒီဇင်ဘာ - ၁၁ ။           ။ အမေရိကန် အကြီးတန်း ဘဏ္ဍာရေးအရာရှိ တစ်ဦး၏ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားချက်အရ အိုင်အက်စ်စစ်သွေးကြွများမှာ ဆီးရီးယားသမ္မတ ဘာရှား အယ်လ အာဆတ်၏ အစိုးရထံ ရေနံပမာဏ အတော်များများကို ရောင်းချပြီး အချို့ကို တူရကီနိုင်ငံသို့ တင်ပို့ခြင်းများမှတစ်ဆင့် ကန်ဒေါ်လာ သန်း၅၀၀ကျော် ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။

၎င်းတို့ ထိန်းချုပ်ထားသည့် ဆီးရီးယားနှင့် အီရတ်၏ ကြီးမားသော အစိတ်အပိုင်းများတွင် ရက်စက်ကြမ်းကြုတ်မှုများကို တရားမျှတသယောင် အစွန်းရောက် အစ္စလာမ်သဘောတရားများကို အသုံးချ ကျူးလွန်နေသည့် အိုင်အက်စ်အကြမ်းဖက်သမားများကို အပြုတ်တိုက်သွားရန် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်နှင့် ရုရှတို့က သန္နိဌာန်ချထားသည်။

သဘောထားတင်းမာသည့် ဆွန်နီအုပ်စုကို အမေရိကန်ခေါင်းဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့က ဗုံးကြဲနေသကဲ့သို့၊ အာဆတ်၏ တစ်ဦးတည်းသော အင်အားကြီးထောက်ခံသူ ရုရှကလည်း တိုက်ခိုက်နေရာ တစ်ဖက်က အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ ခေါင်းဆောင်များကို သတ်ဖြတ်ရန် ကြိုးစားနေသလို၊ ၎င်း၏ အုပ်စိုးမှုနှင့် ပြည်ပတိုက်ခိုက်မှုများကို မတည်ထောက်ပံ့ရာတွင် အသုံးပြုနေသည့် ရေနံတွင်းများ ကိုလည်း ဖျက်ဆီးပစ်ရန် ကြိုးစားနေကြသည်။

အိုင်အက်စ်တို့၏ ရေနံကုန်သွယ်မှုနှင့် ပတ်သက်သည့် အသေးစိတ် ရှင်းလင်းချက်ထဲတွင် စစ်သွေးကြွများမှာ တစ်လလျှင် ရေနံ ကန်ဒေါ်လာ သန်း၄၀ဖိုးမျှ ရောင်းချနေရပြီး ထရပ်ကားများဖြင့် သယ်ဆောင်ကာ ဆီးရီးယားပြည်တွင်းစစ် နယ်နိမိတ်ကို ဖြတ်ကျော်နေကြသည်ဟု အမေရိကန် ဘဏ္ဍာရေးဌာနအရာရှိ အဒမ် ဇူဘင်က ပြောကြားခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စုဟာ အာဆတ်အစိုးရထံ ရေနံအမြောက်အများ ရောင်းချနေပါတယ်ဟု ဇူဘင်က လန်ဒန်ရှိ Chatam House တွင် ပရိသတ်များအား ပြောကြားခဲ့သည်။
အိုင်အက်စ်နဲ့ အာဆတ်အစိုးရအား အပြန်အလှန် သတ်ဖြတ်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ ဒေါ်လာသန်းချီပြီး အရောင်းအဝယ် လုပ်နေကြပါတယ်ဟု ဇူဘင်က ပြောကြားခဲ့သည်။

အိုင်အက်စ်တွေရဲ့ ကြီးမားလှတဲ့ ရေနံပမာဏဟာ အာဆတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ လမ်းဆုံးသွားသလို၊ အချို့ကိုတော့ အိုင်အက်စ် ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာ သုံးစွဲတယ်။ အချို့က ကာ့ဒေသတွေကို ရောက်သွားတယ်။ တချို့က နယ်စပ်ဖြတ်ကျော်ပြီး တူရကီထဲကို ရောက်သွား တယ်ဟု ဇူဘင်က ပြောကြားခဲ့သည်။

ကျနော်တို့ဆိုလိုတာက အိုင်အက်စ်အကြမ်းဖက်သမားတွေဟာ ရေနံတွင်းဝမှာတင် အကျိုးအမြတ်ရနေကြတော့ ဝင်ငွေအရင်းမြစ်ကို ဖြတ်တောက်ပစ်ဖို့ဆိုရင် သူတို့ရဲ့ အခြေခံဆောက်အအုံတွေကို ဖြိုဖျက်ပစ်ရမယ်ဆိုတာပါပဲဟုလည်း ဇူဘင်က ပြောကြားခဲ့သည်။

တစ်နှစ်ကျော်အချိန်အတွင်းတွင် အိုင်အက်စ်တို့၏ တစ်လ ဒေါ်လာ သန်း၄၀ ဝင်ငွေမှာ တိုးပွားလာသလား ကွဲကွဲပြားပြားမသိရသော်လည်း ရေနံရောင်းချမှုမှတစ်ဆင့် ကန်ဒေါ်လာ သန်း၅၀၀ကျော် ရရှိသွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly