ကမ္ဘောဒီးယား၏ ယခုနှစ် ပြည်ပဆန်တင်ပို့မှု လျာထားသတ်မှတ်ချက် မပြည့်မီခဲ့

ကမ္ဘောဒီးယား၏ ယခုနှစ် ပြည်ပဆန်တင်ပို့မှု လျာထားသတ်မှတ်ချက် မပြည့်မီခဲ့

ဖနွမ်ပင်၊့ဒီဇင်ဘာ ၁၀ ။           ။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန် တစ်သန်း တင်ပို့ရန် ရည်မှန်းထားမှု ပြည့်မီခဲ့ခြင်းမရှိခဲ့ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

လယ်သမားများထံမှ ဆန်ဝယ်ယူရာတွင် ဘက်ဂျက်လိုငွေပြခဲ့ခြင်းနှင့်အတူ ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးကပ်ဆိုက်မှု၊ ဆန်ထုတ်လုပ်မှုပိုင်းတွင် အထူးသဖြင့် ထိုင်း၊ဗီယက်နမ်၊မြန်မာနှင့် လာအိုတို့ကဲ့သို့  ဒေသတွင်း ပြိုင်ဆိုင်မှုပြင်းထန်ခြင်း စသည့် အကြောင်းအချက်များက မိမိတို့ နိုင်ငံအတွက် ယခုကဲ့သို့ လျာထားချက် မပြည့်မီခဲ့ရခြင်း ဖြစ်ကြောင်း ဟွန်ဆန်က ဖနွမ်ပင်ရှိ စိုက်ပျိုးရေး ညီလာခံတစ်ရပ်တွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် ၎င်းတို့ နိုင်ငံတွင်လည်း စက်ပစ္စည်းပိုင်းကောင်းစွာတပ်ဆင်ထားသော ဆန်စက်အရေအတွက် နည်းပါးမှု နှင့် ဆန်သိုလှောင်ရန် ဂိုထောင် နည်းပါးမှု များ ရှိနေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

ကမ္ဘောဒီးယားသည် ယခုနှစ်မှစ၍ ကြိတ်ခွဲပြီး ဆန်တန်ချိန် တစ်သန်း ပြည်ပတင်ပို့ရန် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ကတည်းက လျာထားခဲ့ခြင်းဖြစ်သည်။ အစိုးရ၏ စာရင်းအင်းများအရ ယခုနှစ်ပထမ ဆယ်လအတွင်း နိုင်ငံသည် ကြိတ်ခွဲပြီး ဆန်တန်ချိန်ပေါင်း ၄၀၀,၀၀၀ တန် ကျော် တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။

သို့သော် ပြည်ပတင်ပို့မှု ပမာဏသည် ယမန်နှစ်က ထက် ပိုမိုမြင့်တက်လာခဲ့ပြီး ယမန်နှစ်၂၀၁၄ တစ်နှစ်လုံးအတွက် ဆန်တန်ချိန်ပေါင်း ၃၇၀,၀၀၀ ကျော် တင်ပို့ထားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍသည် အဓိကကျလျက်ရှိနေပြီး နိုင်ငံ၏ ပြည်သူ ၁၅ သန်းမှာလည်း လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly