ဘောလုံးလောကမှ အနားယူတော့မည်ဟု မီလီတို ကြေညာ

ဘောလုံးလောကမှ အနားယူတော့မည်ဟု မီလီတို ကြေညာ

ဘရူနိုအေးရိစ်၊ ဒီဇင်ဘာ ၁၁။            ။ အင်တာမီလန်တိုက်စစ်မှူးဟောင်း ဒီယေဂိုမီလီတိုက လာမည့်ခြောက်လ ဘောလုံးကစားပြီးနောက်တွင် ဘောလုံးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ယခုအချိန်တွင် မီလီတိုသည် ဘရူနိုအေးရိစ်မြို့အခြေစိုက် ရေးဆင်းကလပ်အသင်းတွင်ကစားလျက်ရှိပြီး ကိုပါလီဘာတာဒိုရက်စ်ပြိုင်ပွဲ ပြီးဆုံးမည့်အချိန်တွင် ဘောလုံးလောကမှ အနားယူရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ မီလီတိုက 'ရေးဆင်းကလပ်အတွက် နောက်ခြောက်လ ကစားပေးမယ်လို့ ပြောခွင့်ရတဲ့အတွက် ပျော်ပါတယ်။ ကိုပါလီဘာတာဒိုရက်စ်ပြိုင်ပွဲ ကစားဖို့ ဆက်ရှိနေဦးမှာပါ။

ဘောလုံးဆိုတာ ကျွန်တော့်ဘဝတစ်လျှောက်လုံးကစားလာတာပါ။ ဘောလုံးကစားတာကို ရပ်လိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ လာမယ့် ၂၀၁၆ ဇွန်လမှာတော့ ဘာပဲဖြစ်ဖြစ် ဘောလုံးလောက ကနေ အနားယူတော့မှာပါ။ လာမယ့်ခြောက်လက ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွက် နောက်ဆုံးပါပဲ' ဟု ပြောသည်။

မီလီတိုသည် အင်တာမီလန်အသင်းတွင် ကစားခဲ့သည့်ငါးနှစ်အတွင်း ပွဲပေါင်း ၁၇၁ ပွဲကစားပြီး ၇၅ ဂိုးသွင်းယူပေးခဲ့သည်။ အင်တာမီလန်နှင့်အတူ ချန်ပီယံလိဂ်ဖလား၊ စီးရီးအေဖလား၊ ကိုပါအီတာလီယာဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားစသည့် အဓိက ဆုဖလားအားလုံးကို ရယူနိုင်ခဲ့သည်။

ထို့နောက် ၂၀၁၄ ခုနှစ်အကုန်တွင် ၎င်း၏ငယ်မွေးခြံပေါက်ကလပ် ရေးဆင်းအသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီကျော်ကစားပြီးနောက် အနားယူတော့မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ မီလီတိုသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ပွဲပေါင်း ၅၈၀ ကျော်ကစားခဲ့ပြီး ဂိုးပေါင်း ၂၄၉ ဂိုးသွင်းယူထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly