အမုန်းစာကြောင့် အမေရိကန်မွတ်စလင်အဖွဲ့ကြီး ဋ္ဌာနချုပ်ကို ရွှေ့ပစ်ခဲ့ရ

အမုန်းစာကြောင့် အမေရိကန်မွတ်စလင်အဖွဲ့ကြီး ဋ္ဌာနချုပ်ကို ရွှေ့ပစ်ခဲ့ရ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ။             ။ မုန်းတီးမှုစာသားများနှင့် အဖြူရောင်အမှုန့်များပါ စာအိတ်တစ်ခု လက်ခံရရှိပြီးနောက် အမေရိကန်ရှိ ဦးဆောင်မွတ်စလင်အဖွဲ့အစည်းကြီးတစ်ခုသည် ဝါရှင်တန်ရှိ ၎င်း၏ဋ္ဌာနချုပ်ကို နေရာရွှေ့ပစ်ခဲ့ရသည်။

အမေရိကန်အစ္စလာမ္မစ်ဆက်ဆံရေးကောင်စီ Council on American Islamic Relations ( CAIR ) မှ ဝန်ထမ်းနှစ်ဦးကို မူလက ရုံးတွင် သီးခြားနေရာချထားကာ စောင့်ကြည့်ခဲ့သေးသည်။

အဖြူရောင်အမှုန့်များနှင့် အတူ စာအိတ်ရှိ စာတွင် မွတ်စလင်တွေ နာကျင်စွာ သေပါစေ ဆိုသည့် စာသားပါသည်ဟု အဖွဲ့၏ရှေ့နေက ပြောသည်။ ကနဦးစမ်းသပ်ချက်များအရ အမှုန့်များမှာ အန္တရာယ်မရှိကြောင်း တွေ့ရှိပြီးနောက် စောင့်ကြည့်မှုကို ရုပ်သိမ်းခဲ့သည်။

ယခုအခါ စာပါအထုပ်ကို နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရိုသို့ ပေးလိုက်သည်ဟု ဘီဘီစီမှ ဂျိမ်းရီးဗဲလ်က ပြောသည်။

အန္တရာယ်ရှိပစ္စည်းများဆိုင်ရာအမှုထမ်းများက ဒေသစံတော်ချိန် ၁၄ နာရီမတိုင်မီအချိန်လေးတွင် ဋ္ဌာနချုပ်အဆောက်အဦနှင့် အနီးဝန်းကျင်ကို ပိတ်ဆို့လိုက်သည်။ CAIR မှ ဝန်ထမ်းများက အပြင်ဘက်တွင် စောင့်နေခဲ့ရသည်။

မကြာသေးမီရက်များအတွင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘာဒီနိုတွင် ကြောက်မက်ဖွယ်အကြမ်းဖက်တိုက်ခိုက်မှုအပြီး မွတ်စလင်ဆန့်ကျင်ရေးစိတ်ဓါတ်မထားရန် သတိပေးခဲ့သေးသည်။

\ခြိမ်းခြောက်မှုများမှာ ရှားရှားပါးပါးမဟုတ်ဘဲ လွန်ခဲ့သည့်တစ်လက ပါရီတွင် တိုက်ခိုက်မှုများဖြစ်ပွားပြီးကတည်းက ပို၍များပြားလာခဲ့သည်ဟု အဆိုပါမွတ်စလင်အဖွဲ့၏  ခေါင်းဆောင်များက   ပြောကြားခဲ့သည်။

အမုန်းစကားများနှင့်အတူ မသင်္ကာဖွယ်အမှုန့်များပါသော စာအိတ်လက်ခံရရှိပြီးနောက် ရုံးချုပ်ကို DC Fire Dept က ဘေးလွတ်ရာသို့ ရွှေ့ပေးခဲ့သည်ဟု သိရသည်။

ယင်းသို့သော အမုန်းတရားများကြေညာချက်မှ အမှန်တကယ်ဖြစ်လာပါက ထိတ်လန့်စရာကောင်းသော်လည်း ယခုကဲ့သို့ခြိမ်းခြောက်မှုက အမေရိကန်အားလုံး၏ ပြည်သူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို တားဆီးနိုင်မည်မဟုတ်ဟု အဖွဲ့၏ရှေ့နေက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly