စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဟန့်အတား

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဟန့်အတား

ယခုတလော အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကြိုးပမ်းသူများအနေနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုဆိုင်ရာ မူကြမ်းဆိုတာမျိုး ရေးဆွဲကြ တယ်လို့ သိရပါတယ်။

တခါ အပစ်အခတ်ရပ်စဲဖို့ အစိုးရနဲ့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ များနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့များ တွေ့ဆုံ ဆွေးနွေးကြတယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါ တယ်။

တချိန်တည်းမှာပဲ အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ကြိုးပမ်းမှုခေါင်ဆောင် ဦးအောင်မင်းက ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံပြီး သူတို့ ရေးဆွဲထားတယ်ဆိုတဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုဆိုင်ရာ မူကြမ်းကိစ္စ ရှင်းလင်းတယ်ဆိုတဲ့ သတင်းကိုလည်း မိမိတို့ ကြားကြရပါတယ်။

ဒီလို အခြေအနေတွေကို ပေါင်းစုစဉ်းစားတဲ့အခါ ကြိုဆိုကြရ ဝမ်းသာကြရမယ့် ကိစ္စက ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို အာဏာရ အစိုးရကိုယ်တိုင်က လက်ခံသုံးစွဲလာတဲ့ ကိစ္စနဲ့ ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပါယ် ကို ပြည်သူတွေ ပိုမိုနားလည် သဘောပေါက် လက်ခံလာတဲ့အချက် ဖြစ်ပါတယ်။ ဒါကတော့ တကယ့် တိုးတက် ဖြစ်ထွန်းလာမှုကြီးပါပဲ။

တကယ်တော့လည်း ဖက်ဒရယ်ဆိုတာ ပြည်ထောင်စု ပြိုကွဲစေမယ့် ကိစ္စဖြစ်တယ်၊ ဖက်ဒရယ်ပြောသူ ဒို့ရန်သူဆိုတဲ့မူကိုသာ တလျှောက်လုံး လက်ကိုင်ထားခဲ့တဲ့ အုပ်စိုးသူ အဆက်ဆက်ရဲ့ ဖက်ဒရယ်ဆိုင်ရာ ပြောင်းလဲ သိမြင်လာမှုကိုယ်၌က ပြည်သူတို့ရဲ့ အောင်ပွဲ တစ်ခု ဖြစ်တယ်လို့ ဆိုကြရမှာပါ။ ဖက်ဒရယ် စကားလုံးအသုံးပြုလို့ ဖက်ဒရယ်တောင်းဆိုလို့ သွေးမြေ ကျခဲ့ကြရတဲ့ အဖြစ်တွေဟာ အချည်းနှီး မဖြစ်တော့တဲ့အတွက်လည်း ဂုဏ်ယူကြရမှာပါ။

ဒါပေမယ့်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ ပထမအဆင့်အနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ကြရမှာပါ။ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး မရှိပဲ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

နောက်တစ်ခါ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ဆိုရင်လည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့လည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မအချို့ဟာ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ ပြည်သူလူထုဆန္ဒကို မထင်ဟပ်တဲ့ ဥပဒေပုဒ်မများ ဖြစ်နေပါသေးတယ်။

ဥပမာအနေနဲ့ ပြောရရင် တပ်မတော်နဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်ပြီး လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေဟာ ပြည်သူကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များထက်ပိုပြီး အခွင့်အရေး ပိုရှိနေသလို ဖြစ်နေတဲ့အပြင် တိုင်းပြည်ရဲ့ အင်မတန် အရေးကြီးတဲ့ ဝန်ကြီးဌာနများကို အဲဒီ ပြည်သူ့ကိုယ်စားလှယ်များ လက်ထဲမအပ်ပဲ တပ်မတော်ကို အပ်နှင်းပေးထားတဲ့သဘော ဖြစ်နေတဲ့အတွက် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ မလွယ်ကူနိုင်ဘူးဆိုတာ အလွယ်လေးနဲ့ သိနိုင်ပါတယ်။

ဒါကြောင့်မို့ မိမိတို့အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာစေဖို့ဆိုရင် လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပါရှိနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ရေး အဟန့်အတားဖြစ်စေတဲ့ ပုဒ်မများကို ပြင်ဆင်နိုင်ကြမှသာ ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly