မဟာသန္တိသုခကျောင်းမှ ဆရာတော်များကို တရားရှင်လွှတ်ပေးလိုက်ပြီ

မဟာသန္တိသုခကျောင်းမှ ဆရာတော်များကို တရားရှင်လွှတ်ပေးလိုက်ပြီ
(ဓာတ်ပုံ- မဇ္စျိမ)
 

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ။              ။ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်မှ ဆရာတော် ငါးပါးသည် သာသနာညှိုးနွမ်းစေမှုပုဒ်မ၊ သံဃာတော် အဆင့်ဆင့် စကားမနာခံမှုပုဒ်မများဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေခဲ့ရာမှ ယနေ့ (ဒီဇင်ဘာ ၁၀ရက်)တွင် တရားရှင်လွှတ်ပေးလိုက်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မဇ္ဈိမသို့ မိန့်သည်။

တရားလိုအဖြစ်တိုင်ကြားခဲ့သော တိုင်းသာသနာရေးဦးစီးမှူး ဦးစိန်မော်က တရားရုံးသို့လာရောက်ရန် နှစ်ကြိမ်ပျက်ကွက်ခဲ့ပြီး ဆရာတော်များကလည်း လွှတ်ပေးရန် တောင်းဆိုခဲ့သောကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးက တရားရှင်လွှတ်ရန် အမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

လန်ဒန်ဆရာတော် အပါအဝင် တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်မှ ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် ၂၉၅(က)၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဥပဒေ (သို့မဟုတ်) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးမမှုကို နားမထောင်ဟုဆိုကာ ၂၀/၉၀ တို့ဖြင့် ၂၀၁၄ခုနှစ် ဇွန်လမှ စတင်၍ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

တရားဆွဲဆိုခံရသော ဆရာတော် ငါးပါးလုံးအား ၂၀/၉၀ဖြင့် စွဲဆိုခြင်းနှင့် ပတ်သက်၍ ယင်းဆရာတော်များကို မည်သည့်သံဃနာယက အဖွဲ့စည်းကမှ သြဝါဒပေးထားခြင်းမရှိကြောင်း နှင့် ပုဒ်မ ၂၉၅(က)ဖြင့် စွဲဆိုခံရသည့် အပေါ်ကိုလည်း သာသနာညှိုးနွမ်းစေရန် မည်သည့်ပြုလုပ်မှုမျိုးမျှ မရှိခဲ့ဘဲ မိမိ၏ ကျောင်းတွင်သာ သီတင်းသုံးနေခြင်းဖြစ်၍ ယင်းပုဒ်မ နှစ်ခုဖြင့် စွဲဆိုမှုသည် မတရား   ပြစ်ဒဏ်ပေးသည့် ပုံစံဖြစ်နေသည်ဟု လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်သည်။

ယင်းအပြင် တရားစွဲခံခဲ့ရသည့် ဆရာတော် ဦးပညာစာရ(ထားဝယ်)ကလည်း တရားစွဲဆိုခံရသည့် ပုဒ်မများ နှင့် ပတ်သက်၍ မိမိအနေဖြင့် နားမလည်သော်လည်း မိမိကိုယ် မိမိ အပြစ်ရှိသည်ဟု ယူဆခဲ့ခြင်း မရှိဟု မဇ္ဈိမကို မိန့်သည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၁ ရက် ညသန်းကောင်အချိန်က အာဏာပိုင်များ နှင့် သံဃာ့မဟာနာယက ဆရာတော်အချို့ ဝင်ရောက်စီးနင်းကာ ချိတ်ပိတ်ခဲ့ပြီး ဇွန်လ ၁၃ ရက်တွင် အင်္ဂလန် ဆရာတော် ဦးဥတ္တရ၊ ဦးပညာစာရ(ထားဝယ်)၊ ဦးတေဇိန္န၊ ဦးသုန္နာသီရိ နှင့် ဦးနန္ဒိရတို့ကို လူဝတ်လဲကာ ဖမ်းဆီးခဲ့သည်။

ဇွန်လ ၂၀ရက်တွင်မူ ဆရာတော်များကို တစ်ပါးလျှင် ကျပ်သိန်းတစ်ထောင်ဖြင့် အာမခံကာ ပြန်လွှတ်ပေးခဲ့ပြီး သင်္ကန်းပြန်စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly