ရီးယဲလ်မက်မရစ်နောက်ခံလူ ရာမို့စ်ကိုမန်ယူအသင်းခေါ်ယူနိုင်ရန်နီးစပ်

ရီးယဲလ်မက်မရစ်နောက်ခံလူ ရာမို့စ်ကိုမန်ယူအသင်းခေါ်ယူနိုင်ရန်နီးစပ်

ဇွန် ၂၂၊ မန်ချက်စတာ။ ။ ဂိုးသမားဒီဂီယာ၏အပြောင်းအရွှေ့အလှည့်အပြောင်းတစ်ခုအဖြစ် ရီးယဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယိုရာမို့စ်ကို မန်ယူအသင်းခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြလိုက်သည်။

ရာမို့စ်သည် လက်ကျန်စာချုပ်သက်တမ်းနှစ်နှစ်သာကျန်သော်လည်း ရီးယဲလ်မက်ဒရစ်အသင်းက အလေးမထားမှုကို မကျေမနပ်ဖြစ်နေပြီး အသင်းမှထွက်ခွာလိုကြောင်းနှင့် အိုးလ်ထရက်ဖို့ဒ်မှာ အသင့်တော်ဆုံးဖြစ်ကြောင်း ၎င်း၏အကြံပေးများကို ပြောကြားထားသည်။

အကယ်၍မန်ယူအသင်းသာ ဒီဂီယာနှင့် ဆာဂျီယိုရာမို့စ်တို့ကို အလဲအလှယ်ပြုလုပ်ပြီး စာချုပ်နိုင်ခဲ့ပါက ၂၀၀၉ ခုနှစ်တွင် မန်ယူကစားသမား စီရော်နယ်ဒို ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းသွားပြီးနောက်ပိုင်း ကလပ်အသင်းနှစ်သင်းကြား အကြီးအမားဆုံး အပြောင်းအရွှေ့လုပ်ဆောင်နိုင်မှု ဖြစ်လာမည်ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင်ဆီဗီလာမှ ရီးယဲလ်မက်ဒရစ်သို့ပြောင်းလာသည့် ရာမို့စ်၏စာချုပ်ပါလျော်ကြေးသည် ယူရိုသန်း ၂၀၀ ရှိသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ကလပ်နှင့်ရောနိုင်ငံအသင်းတွင်ပါ အောင်မြင်မှုများရခဲ့သည့် ရာမို့စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း သာတောင်းဆိုဖွယ်ရှိနေသည်။

နည်းပြဟောင်းအန်စလော့တီကိုထုတ်ပယ်မှုကြောင့် မကျေမနပ်ဖြစ်နေသော အသက် ၂၉ နှစ်အရွယ်ရာမို့စ်သည် တစ်နှစ်ယူရို ၁၀ သန်း ထိုက်တန်သည်ဟု ၎င်းဘက်ကယူဆထားသော စာချုပ်သစ်ချုပ်ရန် အသင်းဘက်မှ ပျက်ကွက်နေမှုကြောင့် မကျေနပ်ချက်ပိုမိုကြီးမားလာနေသည်။

၎င်းအနေဖြင့်ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် နောက်ဆုံးမိနစ်ချေပဂိုးဖြင့် အချိန်ပိုဆက်ကစားစေနိုင်ခဲ့ပြီး အသင်းကိုဆယ်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရယူစေနိုင်ခဲ့သည့် ပြီးခဲ့သောနှစ်နွေရာသီကတည်းက စာချုပ်သက်တမ်းတိုးခံရမည်ဟု မျှော်လင့်ခဲ့သူဖြစ်သည်။ ရာမို့စ်၏ လက်ရှိစာချုပ်မှာ ၂၀၁၇ တွင်ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ယူရို ၆ သန်းရနေသည်။

ယင်းဗဟိုနောက်ခံလူသည် အသင်းဥက္ကဋ္ဌပီရက်ဇ်က အခြားကစားသမားများကို စာချုပ်သက်တမ်းတိုးနေမှုများကို စောင့်ကြည့်နေပြီး ဂါရတ်ဘေးလ်ပင်လျှင် လစာ ယူရိုတစ်သန်းတိုးသွားပြီး တစ်နှစ်လုပ်ခ ယူရို ၉ သန်းမှ ၁၀ သန်းရရှိသွားသည်။

ရာမို့စ်ကိုခေါ်ယူမည့်အရေးနှင့်ပတ်သက်ပြီး မန်ယူပရိသတ်အများအကြားတွင် ပျော်ရွှင်လှုပ်ခတ်နေပြီး တွစ်တာတွင်မှတ်ချက်များရေးသား လျှက်ရှိရာ ပရိသတ်တစ်ဦးဆိုလျှင် ရာမို့စ်ကိုခေါ်ယူဖြစ်ပါက အဝတ်ဗလာဖြင့်လမ်းပေါ်ထွက်မည်ဟု နောက်ပြောင်ခဲ့ကြောင်း talksport.com က ဖော်ပြခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly