ဘဝမှာ ငယ်ငယ်က ရည်မှန်းချက်နဲ့ အနီးစပ်ဆုံးကိုက်ညီခဲ့တယ်ဆိုတဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်

10 December 2015
ဘဝမှာ ငယ်ငယ်က ရည်မှန်းချက်နဲ့ အနီးစပ်ဆုံးကိုက်ညီခဲ့တယ်ဆိုတဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်

မိုးလေဝသနဲ့ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်ဟာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ကုလဆိုတဲ့ရွာမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

အောင်မြင်မှုကို မရခင် သူရဲ့ဘဝမှာ မမျှော်လင့်တဲ့ ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ခဲ့ရပြီး လောကဓံကို ကြံံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူရဲ့ဘဝ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာ သိရှိနိုင်ဖို့ အောင်မြင်သူနဲ့ တွေ့ဆုံစကားပြောကြည့်ပါမယ်။

ဆရာ့ဘဝမှာ ငယ်ငယ်လေးကတည်းက မန္တလေးမှာ ကြီးပြင်းခဲ့ရတယ်ဆိုတော့ ဟိုးငယ်ငယ်လေးကတည်းက ဖြစ်ချင်ခဲ့တဲ့ ဆန္ဒက ခုဆရာလက်ရှိ ဖြစ်နေတဲ့ ဘဝနဲ့ ကိုက်ညီရဲ့လား ဆရာ။

ဘဝဆိုတာ ရာနှုန်းပြည့် ကိုက်ညီတယ်လို့တော့ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် ရာခိုင်နှုန်းတော်တော်များများတော့ ကိုက်ညီပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ လောဘ တစ်ခုတော့ရှိတယ်။ အဲဒီလောဘက  ပညာတတ်ဖြစ်ချင်တယ်။ ငယ်ငယ်လေးကတည်းကပေါ့နော်။ အဲတော့ နည်းနည်း သိတတ်တဲ့ အရွယ်ကတည်းက ကျွန်တော်ပညာရေး ပန်းတိုင်ဟာ ဘာရှိခဲ့လည်း ဆိုရင် ကျွန်တော် Ph.D ရတယ်။ ပါရဂူဘွဲ့ရတယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့ ပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါ ကျွန်တော်ရဲ့ ငယ်ဘဝပေါ့နော်။

ဆိုတော့ အဲတာနဲ့ စံထိုးလိုက်တဲ့ အခါမှာ တော်တော်များများတော့လည်း ကိုက်ညီပါတယ်။ ဒါပေမယ့် တော်တော်များများလည်း မကိုက်ညီဘူးပေါ့နော်။ ဆိုကြပါစို့ ကျွန်တော် Ph.D  ဘွဲ့ရချင်လည်း ရပြီ။ နည်းနည်းလည်း အထိုက်အလျောက် လူထုကို အကျိုးပြုနိုင်တဲ့ အနေအထားတစ်ခုလည်း ရပြီပေါ့နော်။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်က မျှော်လင့်ခဲ့တဲ့ သင်္ချာပညာရှင်တော့ ဖြစ်မလာဘူးပေါ့။ ဒါပေမယ့် ကျွန်တော်ဘာဖြစ်လာသလဲဆိုတော့ မိုးလေဝသ ပညာရှင်တော့ ဖြစ်လာတယ်။ ဒါကလည်း ဘဝလမ်းကြောင်းအရ ပြောင်းလဲလာတဲ့ သဘောပါပဲ။ အဲတော့ ကျေနပ်ပါတယ်။  ဖြစ်တယ်လို့ပဲ ကျွန်တော်သုံးသပ်ရမှာပါပဲ။

ဆရာက ငယ်ငယ်လေးကတည်းက ပညာတတ်တစ်ယောက် ဖြစ်ချင်ခဲ့တာဆိုတော့ ဆရာ့မိဘတွေက ဆရာ့ကို ဟိုငယ်ငယ်လေးကတည်းက ဘယ်လိုမျိုး အထောက်ပံ့တွေ ပေးခဲ့သလဲ။ ပြီးတော့ ဘဝမှာ ကြိုးစားချင်အောင် ဘယ်လိုမျိုး အမြဲတမ်း သွန်သင် ဆုံးမခဲ့သလဲ။

နံပါတ်တစ်ကပေါ့နော် နည်းနည်းလေး အကြမ်းဖျင်းပြောရရင် မန္တလေးရောက်လာတော့ ကျောင်းထားတဲ့ အရွယ်ရောက်တဲ့အခါမှာ ပထမ ဦးဆုံး မိရိုးဖလာအတိုင်း ကျွန်တော့်ကို ဘုန်းကြီးကျောင်းမှာပဲ ထားတယ်။ မန္တလေး ရောက်တာတောင် ဘုန်းကြီးကျောင်းမှာပဲ ထားတယ်။ အဲကျောင်းနာမည်က ကျွန်တော်မှတ်မိတယ် ပေါင်းလဲတိုက်လို့ ခေါ်တယ်။ ဘုန်းကြီးကျောင်းမှာ ထားတဲ့ခါကျတော့ အတန်းပညာ မရဘူးပေါ့။ အဲတော့ အတန်းပညာရဖို့အတွက် အဲဒီဘုန်းကြီးကျောင်းကနေပြီးတော့ ရပ်ကွက်ထဲမှာ ရှိတဲ့ မူလတန်းကျောင်းကို ပြောင်းတယ်။ အဲ မူလတန်းကျောင်းကနေပြီးမှ ကျွန်တော့်အမေက အဲဒီခေတ်က မန္တလေးမှာ လူကုံထံတွေမှ နေနိုင်တာပေါ့လေ။ ဘာကျောင်းတွေလဲ ဆိုတော့ သာသနာပြု ကျောင်းတွေပေါ့။ ရှိခဲ့တာပေါ့။ ဖ.ဆ.ပ.လ ခေတ်က။ အဲဒီတော့ သာသနာပြုကျောင်းတွေထဲမှာ နာမည်ကြီး ကျောင်းနှစ်ကျောင်းပေါ့ ဟိုအနောက် ပြင်မှာတော့ စိန်ပီတာ ဆိုတာ ရှိတယ်။ ကျွန်တော်တို့ အရှေပြင်၊တောင်ပြင် အဲဒီနှစ်ခုမှာတော့ နာမည်ကြီးကျောင်းက ဖါသားကြီးဘုန်ကြီးကျေင်းပေါ့ အဲဒီတော့ ကျွန်တော့်အမေက ကျွန်တော်တို့ကို ဇွတ် အဲဒီကျောင်းကို ပြောင်းပြီးတော့ ထားတယ်။

မန္တလေး မြို့ပေါ်မှာ ကျောင်းတက်နေစဉ် တစ်နေ့မှာတော့ သူရဲ့ဘဝမှာ ဆိုးဝါးတဲ့ ကံကြမ္မာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

ကျွန်တော်တို့ ကျောင်းမှာနေပြီးတော့ မူလတန်း ရောက်တယ်။ မူလတန်းရောက်ပြီးတော့ အလယ်တန်းလောက် မရောက်တစ်ရောက်ပေါ့ဗျာ။ ငါးတန်း ခြောက်တန်းလောက်မှာ စပြီးတော့ ကျွန်တော့်မိဘတွေက အိမ်ထောင်ရေး ပြဿနာ ဖြစ်လာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော့် အဖေက ဟိုအထက်အညာဒေသမှာ နောက်အိမ်ထောင်ကျသွားတယ်။ နောက်အိမ်ထောင်ကျသွားပြီး ကျွန်တော့်အမေဆီ သိပ်ပြန်မလာတော့ဘူး။ ပြန်မလာတော့ မန္တလေးမြို့ကြီးမှာ ကျွန်တော်တို့ သားအမိသုံးယောက်ပေါ့လေ ကျွန်တော့်မှာ ညီတစ်ယောက်လည်း ရှိတာကိုး။ ဒီသုံးယောက်ပဲ ကျန်ခဲ့တာပေါ့။ ကျန်ခဲ့တဲ့ အခါမှာ အဲဒီအလယ်တန်းလောက်ကနေပြီး ဆယ်တန်းအောင်တဲ့ထိ ကျွန်တော့်အမေက တော်တော်ကြီးကို ဆင်းရဲပင်ပန်းခံပြီးတော့ ကျွန်တော့်ကို ကျောင်းထားခဲ့ရတယ်။

ကျောင်းထားခါစ တုန်းကတော့ အိမ်ထောင်ရေး မုန်တိုင်း မတိုက်မီပေါ့လေ။ ကျွန်တော့် မိဘနှစ်ပါးစလုံးကတော့ စီးပွားရေးလည်း ဖြစ်တယ်ပေါ့နော်။ တောသူတောင်သားတွေဆိုတော့ ကြိုးစားတာလည်းပါတယ်။ နောက်ပြီးတော့ ရိုးသားပြီး လုပ်တတ်တဲ့ အခါကျတော့ စီးပွားရေးက ဖြစ်လာတော့ ကျွန်တော်တို့က မန္တလေးမှာ ကျွန်တော်တို့ နေတဲ့ ရပ်ကွက်ပေါ့။ အပ်ချုပ်ဝင်းလို့လဲ ခေါ်ပါတယ်။ အိမ်လေးငါးလုံးလောက် ပိုင်တဲ့ အဆင့်ဖြစ်လာတယ်။ နောက်တော့ ကုန်ဆုံဆိုင်ကြီးတစ်ခုလည်း ပိုင်လာတယ်။ ကျွန်တော့်အမေက ဈေးရောင်းပါတယ်။ ကျွန်တော့်အဖေက ကုန်သည် လုပ်တယ်ပေါ့နော်။ အထက်ကို သွားလိုက်လာလိုက်ပေါ့။

အဲလို လုပ်ရင်းနဲ့ စောစောကပြောသလို နောက်အိမ်ထောင်ကျသွားပြီး ပြန်မလာတဲ့ အချိန်မှာ အမေက ကုန်ဆုံဆိုင်ကြီးနဲ့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်နဲ့ လုပ်တဲ့အခါမှာ ဒါသဘာဝလည်း ကျပါတယ်။ ဘာပဲပြောပြော မိန်းမတစ်ယောက်ရဲ့ ဘဝမှာ ကိုယ့်ရဲ့အိမ်ထောင်ဦးစီးက ပစ်ပယ်ခြင်းခံရတဲ့ အခါမှာ သူရဲ့ရင်တွင်းမှာလည်း ခံစားရမှာပေါ့နော်။ ဒါပေမယ့် တစ်ဘက်မှာ ကြည့်လိုက်တော့လည်း အရွယ်မရောက်သေးတဲ့ သားနှစ်ယောက် ကျောင်းကလည်း တိုးလို့တန်းလန်းနဲ့ ဆိုတော့ ကျွန်တော့်အမေက တော့်တော့်ကို ချီးကျုးဖို့ ကောင်းပါတယ်။ အဲဒီကာလတွေမှာ အများကြီး ရုန်းကန်ပါတယ်။ ဒါပေမယ့် ရုန်းကန်ပေမယ့် ကံလည်း မကောင်းဘူးလို့ ပြောရမှာပေါ့ဗျာ။ စီးပွားပျက်တာပေါ့နော်။ စီးပွားပျက်တော့ ပိုင်ဆိုင်ထားတဲ့ အိမ်းလေးငါးလုံးလဲ တစ်ဖြေးဖြေးနဲ့ ကုန်တာပေါ့လေ။

ကုန်ပြီးတော့ ကျွန်တော်တို့ အဲဒီရပ်ကွက်ကနေ ဟို မျက်ပါးရပ်ဆိုတဲ့ ရပ်ကွက်ကို ပြောင်းရတယ်။ ကျွန်တော် ရှစ်တန်းလောက် ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ဘဝက အဆိုးဆုံး အချိန်ပဲ။ ကျွန်တော့် အမေက အလုပ်ကလည်း  ဘာမှ မရှိတော့ဘူး။ အဲဒီတော့ မန္တလေးမှာ ထီးချိုင့်နန်းဈေးဆိုတဲ့ ဈေးလေးမှာ  ဗန်းလေးနဲ့ ကြက်သွန်ထည့်ပြီး ရောင်းရတယ်။ ဒါပေမယ့် ကျွန်တော် ပြောနေတာက သူ့အဲလို ရုန်းကန်ပြီးတော့ လုပ်နေပေမယ့် ကျွန်တော်တို့ကို  ကျောင်းထုတ်မယ်။ ကျောင်းပြောင်းမယ် တစ်ခါမှ မပြောခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကျောင်းက ကျောင်းလခ ပေးရတဲ့ ကျောင်း။ မများပါဘူး ဒီခေတ်နဲ့ကြည့်ရင်ပေါ့။ အဲဒီတုန်းကတော့ တအားများတာပေါ့။ တစ်ယောက်ကို ၁၅ ကျပ်၊ ညီအစ်ကို နှစ်ယောက်ဆိုတော့ ၃၀ ပေါ့။

ကျွန်တော်တို့မှာ ရှစ်တန်းလောက်ကနေ စပြီးတော့ လကုန်တိုင်း ကျောင်းလခ ပေးရဖို့ အရေးဟာ တကယ့်ကို ကြီးမားတဲ့ အရေးပဲ။ ငွေရေးကြေးရေးက လတိုင်း အဆင်ပြေပြေ ပေးနိုင်တယ်လို့ မရှိဘူး။ ကျောင်းမှာ လကုန်လို့ ကျောင်းလခ မပေးရသေးတဲ့သူ မတ်တတ်ရပ်လို့ခိုင်းရင် ကျွန်တော့်အတန်းမှာ ကျွန်တော်ပဲ။ ကျွန်တော့်ညီ အတန်းမှာ ကျွန်တော့်ညီပဲ။ အမြဲတမ်း မတ်တတ်ရပ်လို့ ညီအစ်ကို နှစ်ယောက်ပေါ့နော်။ ကျွန်တော်တို့မှာ အလွန်မျက်နှာငယ်ပါတယ်။ ဒါပေမယ့် ကျွန်တော်အမေတစ်ခါမှ ကျောင်းလခ သက်သာတဲ့ အစိုးရကျောင်းကို ပြောင်းမယ်လို့ နောက် မင်းတို့ကို ကျောင်းထုတ်ပြီးရွာ ပြန်မယ်လို့ တစ်ခါမှ မပြောဘဲနဲ့ သူ့ဘဝကို ပင်ပန်းခံတာ ကြည့်ခြင်းအားဖြင့် ကျွန်တော်အမေဟာ ကျွန်တော်တို့ အပေါ်မှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်မျှော်လင့်တယ်ဆိုတာ ဘယ်လောက်အားပေးတယ်ဆိုတာ တကယ့် ကျေးဇူးရှင်ပါ။

မိခင်ကြီးရဲ့ ကျေးဇူးကြောင့် ဆယ်တန်းအထိ ပညာသင်ကြားခွင့်ရခဲ့သော်လည်း တက္ကသိုလ် ဆက်တက်ဖို့ အခွင့်အရေးကို တော့ ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ပညာတတ်တစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့ဘဝလမ်းကြောင်းဟာ ပြောင်းလဲသွားခဲ့ပြီးတော့ လုပ်ငန်းခွင်ထဲ ရောက်ရှိခဲ့ရပါတယ်။

ကျွန်တော် ဆယ်တန်းအောင်မယ်လည်း သိတာပဲ။ အောင်လည်း အောင်ပါတယ်။ အောင်ပြီး ကျွန်တော် တက္ကသိုလ် မတက်နိုင်ဘူးဆိုတာလဲ သိတယ်။ ကျွန်တော် Scholarship ရနိုင်တယ်။ ဒါပေမယ့် ကျွန်တော် Scholarship နဲ့ နေလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရရဲ့ Scholarship ကို ယူလိုက်ရင် ကျောင်းစရိတ်လေး ပေးနိုင်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော့်မိသားစု စားဝတ်နေရေး ကျတော့ မရှိဘူး။ အဲတော့ ကျွန်တော် အလုပ် လုပ်မှကို ရမယ်ဆိုပြီးတော့ အဲဒီဆယ်တန်းဖြေပြီးတဲ့ ၁၉၆၅ ပေါ့နော်။ မတ်လမှာ ဆယ်တန်း ကျွန်တော် ဖြေလိုက်တယ်။ အဲဒီဖြေပြီးတဲ့ အချိန်က စပြီးအလုပ်ရှာတယ်။ အလုပ်ရှာတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူညီနဲ့ အလုပ်ခေါ်တာကို သွားတွေ့တယ်။ ဘယ်အလုပ်ရယ်လို့ ကျွန်တော် ရည်ရွယ်ချက် မရှိဘူး။ အလုပ်ရရင် ပြီးရောပေါ့။ အလုပ်ရှာတယ်။ အဲဒီရုံးကို သွားလျောက်တယ်။ စာမေးပွဲ ဖြေရတယ်။ စာမေးပွဲ ဖြေတော့ ရေးဖြေထဲမှာ ပထမရတယ်ပေါ့နော်။

ဒုတိယ ရတဲ့သူနဲ့ ကျွန်တော်နဲ့က အမှတ် ၄၀ ကျော် ၅၀ လောက် ပြတ်တယ်။ လူတွေ့ခေါ်မေးတဲ့ ခါကျတော့ ပြဿနာ တက်တယ်။ ဘာပြဿနာ တက်လဲ ဆိုတော့ ဒီခေါ်တဲ့ အလုပ်က မန္တလေး မဟုတ်ဘူး လားရှိုး ဖြစ်နေတယ်။ ဆိုတော့ ကျွန်တော့် ရည်မှန်းချက်က အလုပ်လုပ်မယ် ညကျောင်းတက်မယ်ပေါ့။ လာရှိုးဆိုတော့ ကျွန်တော် တက်လို့ မရနိုင်တော့ဘူး။ အဲမှာမေးတဲ့ ဆရာကြီးက အဲလိုပဲဆိုတော့ ကျွန်တော် မလုပ်နိုင်ပါဘူးလို့ ပြောလိုက်တယ်။ ဘာလို့လဲလို့ မေးတော့ ကျွန်တော် ကျောင်းတက်ချင်လို့ အလုပ်လုပ်တာလို့။ အဲတော့ လာရှိုးကို သွားလိုက်ရင် ကျွန်တော် တက္ကသိုလ် တက်လို့ မတော့ဘူးပေါ့။ အဲကြောင့် မလုပ်နိုင်ဘူးပေါ့။ တော်တော်လေး စိတ်ဝင်းစားစရာ ကောင်းပါတယ်။

အဲဒီက မေးတဲ့ အရာလေးတွေက ဥပမာဆိုကြပါစို့။ အခြားရုံးက ရတယ်ကွာတဲ့ ဒီရုံးက မရဘူး ဘယ်ရုံးလုပ်မယ်မေးတော့ ရတဲ့ရုံး လုပ်မယ်လို့ ပြောလိုက်တယ်။ ဒါပေမယ့် အဲဆရာကြီးက ကျွန်တော့်ကို ကြည့်ပြီးတော့ သနားသွားတယ်နဲ့ တူပါတယ်။ အားပေးချင်တာလဲ ပါတယ်။ ဆရာသမား စိတ်ဓါတ် အပြည့်ရှိတော့ နာယကဂုဏ် ခြောက်ပါးနဲ့ ပြည့်တဲ့ ဆရာကြီးပါ။ ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံး ကျေးဇူးရှင်ပါ။ ဆရာကြီး ဦးလှလို့ ခေါ်ပါတယ်။ အဲတာနဲ့ သူက မန္တလေးမှာပဲ အလုပ်ကို ကျွန်တော့်ကို ပြန်ခန့်ပေးတယ်။ မိုးလေဝသ ရုံးမှာ ကျွန်တော် လုပ်ဖြစ်ပါတယ်။

အဲဒီလိုလုပ်တော့ ကျွန်တော့်အသက်ဟာ ၁၇ နှစ်နဲ့ လေးလပဲ  ရှိသေးတယ်။ အဲဒီကစပြီး ကျွန်တော် ဝန်းထမ်း ဖြစ်လာတယ်။ အဲကစပြီး ကျွန်တော် ဖြစ်ချင်တဲ့ သင်္ချာ တွေဆိုတာလဲ ခေါင်းထဲ မထည့်နိုင်တော့ဘူးပေါ့နော်။ လက်တွေ့ ဘဝထဲ ရောက်သွားတာကိုး။ မိုးလေဝသ ရုံးရောက်သွားတော့ မိုးလေဝသ ရုံးက နည်းနည်းလေး ရုံးမှာ လုပ်လိုက်တော့ မိုးလေဝသ ပညာရပ်နဲ့ ပတ်သက်တာဘာလဲ ဆိုတော့ ရူပဗေဒ ဖြစ်လာတယ်။ အဲတော့ ငါဒီရုံးမှာ လုပ်မယ်ဆိုရင် သချာၤဝါသနာ ပါပေမယ်လို့ တကယ်ကိုက်ညီတဲ့ ဘာသာဟာ ရှုပဗေဒ ဖြစ်တဲ့ အတွက် ကျွန်တော် အဲဒီမှာ ရှုပဗေဒ ဘာသာ အဓိက နဲ့ ကျောင်းတက်တယ်။ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုတော့ ပျက်သွားတာပေါ့နော်။

ကျွန်တော် အမြဲကြိုက်တဲ့ စကားလေး တစ်ခုရှိတယ်။ အဲဒီစကားလေးကို ပြောတဲ့သူက ကွယ်လွန်သွားတဲ့ စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ပါ။ ကျွန်တော် လူငယ်ဘဝက ဖတ်တဲ့စာအုပ်ထဲမှာ သူရေးထားတာလေးက " လောကကြီးမှာ ဖြစ်ချင်တာကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ နည်းနဲ့ ဖြစ်အောင်လုပ်နိုင်ခြင်းဟာ လူ့ဘဝရဲ့ အနုပညာ" အဲဒါ ဆရာ တက္ကသိုလ် ဘုန်းနိုင်ပြောတာပါ။ ကျွန်တော်တို့ ဘဝတွေမှာ ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ ဦးစားပေးကြရပါတယ်။ ဖြစ်ချင်တာတော့ လူတိုင်းရှိမှာပေါ့။ ဖြစ်ချင်တာတိုင်း ဖြစ်သွားတဲ့ ဘဝကတော့ အကောင်းဆုံးပဲပေါ့။ ဒါပေမယ့် လူတိုင်း အဲလို မဖြစ်နိုင်ပါဘူး။ သို့သော် ဖြစ်သင့် ဖြစ်ထိုက်တာကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ နည်းနဲ့ ဖြစ်ချင်တာကို ရအောင်လုပ်ခြင်းဟာ ဆိုတော့ ကျွန်တော် အဲလိုနဲ့ပဲ ကျွန်တော့်ရဲ့ ဖြစ်ချင်တာ သချာၤပါရဂူကနေပြီးတော့ မိုးလေဝသ ပညာရှင်အ ဖြစ်ပြောင်းသွားတယ်။

အမြဲတမ်း နောက်ကနေပြီတော့တွန်းအား အပြည့် ရှိနေတယ်။ အဲဒီတွန်းအားက င့ါမှာ အားကိုးရာ မရှိဘူး။ ငါရဲ့ဘဝထွက်လမ်း ဆင်းရဲတွင်းက လွတ်မြောက်ရာ အားကိုးရာသည် ပညာသာ ဖြစ်တယ်ဆိုတဲ့ အတွက်ကြောင့် ကျွန်တော် ဌာနမှာလုပ်တဲ့ ၆၅ မေလ ၃ရက်ကတည်းက ဌာနက အငြိမ်းစား ယူလိုက်တဲ့ ၂၀၀၉ ဧပြီလ ၂၉ နောက် ဒီဘက်ကို ရောက်လာတဲ့ အခါမှာ ၂၀၁၅ ဒီနေ့ အချိန်ထိပေါ့နော်။ ပညာနဲ့ ပတ်သက်ရင်တော့ ဒီနေ့အချိန်ထိ ကျွန်တော် လောဘကြီးဆဲပါပဲ။

နောက်တစ်ခုက ဆရာတွေရဲ့ တင်ပြမှုနဲ့ မိုးလေဝသ ခန့်မှန်းနည်းတွေကို အကြမ်းဖျင်းအားဖြင့် တွေ့လာတဲ့ အခါမှာ ဘာသာရပ်ကိုလည်း စိတ်ဝင်စားသွားတယ်။ အဲတာလဲ ကျွန်တော့်ကုသိုလ် ကံပဲ ဘာကြောင့်လဲဆိုတော့ ဆရာကောင်းတွေ တွေ့ရတယ်။ ကျွန်တော်ရုံးမှာလုပ်တုန်းက အတော် အသင်ပြကောင်းတဲ့ အလွန်စေတနာထားတဲ့ မိုးလေဝသ ဆရာကြီးတွေနဲ့ ကျွန်တော် တွေ့ခဲ့ရတယ်။ နံပါတ်တစ်ကတော့ ဆရာကြီး ဦးလှပေါ့။ နံပါတ်နှစ်က ဆရာကြီး ဦးဌေးအောင်ပေါ့။ နှစ်ယောက်လုံးတော့ ကွယ်လွန်သွားကြပါပြီ။ နောက်ပြီးတော့ ဆရာ ဦးချစ်စိန် အစသဖြင့် ဆရာဦးကျော်တင့် ဒီဆရာတွေကနေပြီးတော့  မိုးလေဝသတွေ ရှင်းရှင်း ပြတဲ့ အခါမှာ မိုးလေဝသဆိုတာ ငယ်ငယ်တုန်းက ကျွန်တော်ထင်တာ နံကြားထောက် ပြောတာမျိုးပဲ ကျွန်တော်ထင်နေတာ။ ဘယ်ဟုတ်မလဲ မိုးလေဝသက Science ပဲ။ Science တောင်မှ သူက သဘာဝနဲ့ ပတ်သက်တဲ့ Natural Science ပဲ။ အရမ်းစိတ်ဝင်းစားစရာ ကောင်းတာပဲ။

လုပ်ရင်း လုပ်ရင်း ဘာတွေတွေ့လာလဲဆိုရင် မိုးလေဝသနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ချင်တာ ဖြစ် လောလောတဆယ် အနေနဲ့တော့ Cause   နဲ့ Effect  ကို ရှင်းမပြနိုင်ဘူးထား။ ဒါပေမယ့် တစ်ချိန်မှာတော့ ရှင်းကို ရှင်းပြနိုင်ရမယ်။ အကျိုးအကြောင်း ဆက်စပ်မှု မရှိဘဲနဲ့ ဖြစ်တဲ့အရာ မိုးလေဝသမှာ မရှိဘူး။ ဆိုတော့ အဲတာ ကျွန်တော် အရမ်းသဘောကျတယ်။ နောက်ပြီးတော့ အလွန်ကျယ်ပြန့်တဲ့ သိပ္ပံပညာရပ် အဲဒီထက်ပိုပြီး ကျွန်တော့် နှစ်သက်တာက မိုးလေဝသ ပညာသည် Living Science ရှင်သန်နေသော ဘာသာရပ်ပဲ။ သူက တစ်နေရာမှာ ရပ်မသွားဘူး။ နေ့တိုင်းဖြစ်နေတာပဲ ခုလဲ ဖြစ်နေတာပဲ။ အဲအရာလေးတွေကို ကျွန်တော် အရသာ တွေ့တွေ့လာတဲ့ အခါမှာ ပြောရရင်တော့ မောင်မျိုးမင်းစကား ငှားပြောရမှာပေါ့လေ။ နောက်ပိုင်းတော့ ကျွန်တော်ရူးသွပ်လာတာပါပဲ။ ယနေ့အချိန်ထိ ရှုးသွပ်နေဆဲ ပါပဲ။

လူတစ်ယောက်ဟာ လမ်းကြောင်းတစ်ခုကို လျှောက်နေတဲ့ အချိန်မှာ ဆုံးဖြတ်ရခက်တဲ့ ရွေးချယ်မှုတွေလည်း ဘဝမှာ ကြုံတွေခဲ့ရပါတယ်။ သူရဲ့ဘဝမှာလဲ အဲလို အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။

ကျွန်တော် ဘယ်မှာ လာပြီးတော့ ဘဝမှာ အကြီးမားဆုံး ဆုံးဖြတ်ချက်ချဖို့ ကာလတစ်ခု ကြုံလာရလဲဆိုတော့ ဘွဲ့ရတဲ့ အချိန်ပဲ။ ဘာလို့ ဖြစ်လာလဲဆိုတော့ ကျွန်တော် ဘွဲ့ရတဲ့ အချိန်မှာ စောစောကပြောသလို ကျွန်တော့်ရဲ့ ပါမောက္ခ ဌာနမှုးက ဦးကျော်မြင့် ကျွန်တော်က သူ့ရဲ့ အချစ်ဆုံး တပည့် ဖြစ်နေတယ်။ ဆရာကလည်း သနားတာပေါ့နော်။ စာကလည်း တော်တာကိုး။ အဲတာနဲ့ ဆရာက အကြွေးမထားဘူး ကျွန်တော် ဘွဲ့ရတဲ့ ချိန်မှာပဲ ကျွန်တော့်ရုံးအထိလာပြီး ကျွန်တော့်ဆရာ ကြီးနဲ့ တွေ့။ ကျွန်တော့်ကို တက္ကသိုလ်မှာ  နည်းပြ လုပ်ဖို့ လာခေါ်တယ်။ အဲချိန်မှာ ကျွန်တော်က မိုးလေဝသ ရုံးမှာ အောက်တန်းစာရေးပဲ။ ကျွန်တော့်ကို အောက်တန်းစာရေးတော့ မခေါ်ဘူး။ junior officer ပေါ့ ဒါပေမယ့် အောက်တန်းစာရေးပါပဲ။ ရာထူးက နှစ်ဆင့်တောင် ကွာတယ်။ ကျွန်တော် အရမ်းလဲ သဘောကျတယ် ။ ကျွန်တော်အိမ်မက်က အရေးကြီးတယ် ဟိုရောက်ရင် ကျွန်တော် Ph.D  ရဖို့လဲ သိတယ်။ ဆရာလုပ်ရင်းနဲ့ ဖြစ်မယ်ပေါ့နော်။ နောက် တက္ကသိုလ်ကလည်း အရမ်းအကျယ်ကြီး။မိုးလေဝသက ကျဉ်းကျဉ်းလေးပေါ့နော်။ ရာထူးကလဲ နှစ်ဆင့်ကွာတယ်။

သာမန်အားဖြင့်ဆိုရင်တော့ သွားပြီပေါ့။ ဒါပေမယ့် ကျွန်တော် မသွားခဲ့ဘူး။ ဘာကြောင့်လဲ။ ကျွန်တော် ပြောခဲ့တဲ့ အချက်ပဲ။ မိုးလေဝသ ဌာနက ကျွန်တော်ငတ်တုန်းက ထမင်းကျွေးထားတာ။ မသွားဘူး ကျွန်တော် အဲတာကို စွန့်လွှတ်ပြီးတော့ ဒီမှာပဲ နေခဲ့တယ်။ အဲချိန်ကစပြီး ဆုံးဖြတ်ချက်က ပြတ်သွားပြီ ဒါပဲ ရှိတော့တယ်။ အဲတော့ နောက်ပိုင်းမှာ ကျွန်တော် စာဖတ်တယ်။ မိုးလေဝသ စာတွေဖတ်။ အိန္ဒိယ ကထုတ်တဲ့ မုတ်သုန် စာအုပ်တွေဖတ် ဆွေးနွေးပွဲတွေမှာ ဇွတ်ဝင်ပြော ဒီနေ့ စည်းဝေးပွဲလုပ်မယ် ညနေတစ်နာရီမှာ ရှင်း ရှိတယ်ပေါ့။ မိုးလေဝသ ဆွေးနွေးပွဲ ရှိတယ်ဆိုရင် သူများကတော့ ဒီလိုပဲ သွားတက်တယ်။ ကျွန်တော်ကတော့ စာတွေလိုက်ဖတ်တယ်။ ဘာဖတ်လဲဆိုတော့ ဖတ်တာတွေက နည်းနည်း များလာတဲ့ အခါကျတော့ ကိုယ်ကတော့ လောဘတကြီး ဖတ်နေတာပဲ။ ကိုယ့်ကိုကိုယ် ဘာဖြစ်နေတယ်ဆိုတာ မသိဘူးပေါ့နော်။ ဒါပေမယ့် ဘယ်တော့ မဆို စာများများ ဖတ်တဲ့သူဟာ သူမသိပေမယ့် သူ့ရဲ့ ပညာဝမ်းစာကတော့ တစ်ဖြေးဖြေး ပြည့်လာတာပါပဲ။

နောက် အောက်ခြေက လာတဲ့ အတွက် ဘယ်အလုပ်မဆို ကျွန်တော်က ကိုယ်တိုင်လုပ်တတ်တယ်။ ဥပမာအားဖြင့် လူကြီး ဖြစ်တယ်။ ညွန်ချုပ်ဖြစ်တယ် စာတစ်စောင် ရိုက်တယ်  ကျွန်တော်ကိုယ်တိုင် ရိုက်တယ်။ တစ်ချို့ကပြောတယ် မင်း ဆင်းရဲဇာတာ ပါလိုက်တာ။ မဟုတ်ပါဘူး ကျွန်တော်လုပ်တာ။ အဲလိုလေးတွေပေါ့နော် ကျွန်တော် ရည်ရွယ်ချက်ကလဲ မိုးလေဝသ လုပ်ရင်းနဲ့လဲ ပျောက်မသွားပါဘူး။ ကျွန်တော် တစ်ချိန်မှာ အတတ်ပညာရှင် တစ်ယောက်တော့ ဖြစ်ရမယ်ပေါ့နော်။

ကျွန်တော် တော်တော် စိတ်ကူးယဉ်တာ တစ်ခုရှိတယ် အဲတာ ဘာလဲဆိုတော့ ငါသေရင်ပေါ့ တစ်စုံတစ်ခုတော့ ကျန်ခဲ့ရမယ်။ ကျွန်တော် ကြိယာ(အလုပ်) ဆိုတဲ့ စကားကို သိပ်နှစ်သက်တယ်။ လူတစ်ယောက်မှာ အရေးကြီးဆုံးက ကြိယာ(အလုပ်) ပဲ။ သူကြိယာလေး တစ်ခု ကျန်ခဲ့ရမယ်။ ဘာလေးပဲ လုပ်လုပ်ပေါ့နော်။ ဥပမာ အားဖြင့် အရုပ်လေး ပဲလုပ်လုပ်။ ပန်းချီဆွဲတာပဲ လုပ်လုပ် နောက်စာရေးတာပဲ လုပ်လုပ်ပေါ့ဗျာ။ မိုးလေဝသမှာလဲ ဒါလေးပေါ့။ ထွန်းလွင် သေသွားပြီ ထွန်းလွင် မသေခင်က ဒါလေး လုပ်ခဲ့တယ်။ ကျွန်တော်က အဲတာလေးကို ကျန်ခဲ့စေချင်တာ။

ဘယ်အလုပ်မဆို ကောင်းမွန်တာတွေ လုပ်နေပေမယ့်လည်း တစ်ခါတစ်လေမှာ ပတ်ဝန်ကျင်ရဲ့ တိုက်ခိုက်မှုတွေ ရှိတတ်ပြန်ပါတယ်။ အဲဒီအချိန်မှာတော့ မိမိရဲ့ အလုပ်ကိုသာ အာရုံစိုက်ပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ခုဆရာပြောတာလဲ ပါတယ်ပေါ့နော်။ ဆရာရဲ့ လုပ်ငန်းကို ကြိုးစားခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဆရာစိတ်ညစ်စရာတွေ တိုက်ခိုက်မှုလေးတွေ ရှိခဲ့တယ် ဒါကိုလည်း ဆရာကျော်ဖြတ်ခဲ့တယ်။ အဲလိုမျိုး ဆရာ စိတ်ထဲမှာ စိတ်ညစ်နေရတဲ့ အချိန်မှာဆိုရင် ကိုယ်လုပ်နေတဲ့ လမ်းကြောင်းကို ပျောက်မသွားအောင် ဆရာစိတ်ကို ဘယ်လို အားမွေးပြီးတော့ ရှေ့ဆက်ခဲ့ရလဲ ဆရာ။

သိပ်တွေ့ဖူးတာပေါ့ဗျာ။ ဒါလဲ အရမ်းအရေးကြီးတဲ့ မေးခွန်းပါပဲ။ ကျေးဇူးတင်ပါတယ် ဒီမေးခွန်းကိုမေးတာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လို ဝန်ထမ်းဘဝမှာ လက်တွေနဲ့ အလုပ် လုပ်တဲ့သူတော်တော်များများဟာ ဒီပြဿနာ ရင်ဆိုင်ဖူးတာချည်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းဆိုတာ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဘဝပါပဲ။ ဆိုတော့ တစ်ချိန်မှာ ဌာနမှာ ကျွန်တော် အဲတာ မျိုး ကြုံဖူးပါတယ်။

အဲခေတ်ကာလ တစ်ခုမှာ ကျွန်တော်ဟာ ရုံးမှာ နေရတာ စိတ်အဆင်းရဲဆုံးပေါ့။ ဘယ်လောက်ထိ ကျွန်တော် စိတ်ဆင်းရဲသလဲဆိုရင် ဒီလောက် ရည်မှန်းချက်ကြီးကြီးနဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ အလုပ်တွေနဲ့ ခေါ်တာတောင် မသွားခဲ့တဲ့ ရုံးက အဲဒီတုန်းက ကျွန်တော် ထွက်ဖို့ထိ ဖြစ်သွားတယ်။ ကျွန်တော် တစ်ဖြေးဖြေး ကြည့်ရင်းနဲ့ ကျွန်တော့် ရည်မှန်းချက်ဖြစ်တဲ့ ပါရဂူ ဘွဲ့ သွားဖို့ကလည်း ဝေးသွားပြီ။ ဘာကြောင့်လဲဆိုတော့ ဦးစားပေးရမယ့် အရာတွေ မဟုတ်တော့ဘူး။ ကျွန်တော်ကလည်း အဲဒီတိုင်းလဲ လိုက်မလုပ်နိုင်ဘူး။ အဲတော့ ဒီမှာနေရင် မရနိုင်တော့ဘူး ဆိုတဲ့ စိတ်ဝင်လာတယ်။ ဝင်လာပြီး ကျွန်တော် တက္ကသိုလ်ကို ပြောင်းတော့မယ်ဆိုတဲ့ စိတ်မျိုး ဝင်လာတယ်။ မိုးလေဝသ ရုံးမှာ နေရတာ ငါ့ဘဝတော့ မတိုးတက်ဘူးဆိုတဲ့ စိတ်မျိုးလည်း ဝင်လာတယ်။ တကယ်ရှိခဲ့ဘူးပါတယ်။ အချိန်ကလေး တစ်ခု သိပ်တော့ အကြာကြီး မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော်  ကံကောင်းသွားတယ်။ ဘာကံကောင်းလဲ ဆိုတော့ ကျွန်တော်မှာ ဆရာတစ်ယောက်ရှိတယ်။ နောက်ဆရာ တစ်ယောက် သူကလည်း ကျွန်တော့်အကြောင်းသိတော့ ကျွန်တော့်ကို ခင်တယ်။ ကျွန်တော်ကလည်း သူ့အကြောင်းသိတော့ သူ့ကိုခင်တယ်။ ထက်မြက်တဲ့ ဆရာပါ။ တစ်ရက်ကျတော့ ဆရာ့ကို ကျွန်တော်ပြောမိတယ်။ အဲလိုပဲ စိတ်မှာ ခံစားနေရတယ်။ ကျွန်တော် အလုပ်က ထွက်ချင်တယ်။ထွက်စာတောင် ကျွန်တော် တင်လိုက်ပြီ။ အဲဆရာက စကားတစ်ခွန်း ကျွန်တော့်ကိုပြောတယ်။ ဟေ့ကောင် မင်းဟာ မင်းလုပ်ရမယ့် အလုပ်ကို မှန်မှန်လုပ်လေ။ ဒါတွေ ခေါင်းထဲ မထည့်နဲ့တဲ့ မင်းလုပ်ရမယ့် အလုပ်ကို မှန်မှန်လုပ်တဲ့။ တစ်ချိန်ကျရင် ဒါတွေဟာ အကျိုးပေးလာမှာပါ။ ကျွန်တော်အဲဒီမှာ စဉ်းစားတယ် ကဲဟုတ်ပြီ ဆိုပြီးတော့ အဲချိန်မှာ ကျွန်တော့်က အဲဌာနစုရဲ့ တာဝန်ခံ အရာရှိ ကျွန်တော့်ကို ရုံးခန်းလေး ပေးထားတယ်။ အဲရုံးခန်းလေးမှာ ထိုင်နေတယ်။ ထိုင်ပြီးတော့ အဲဒီနှစ်က ဘယ်မှ မထွက်တော့ဘူး။ ကျွန်တော့် အလုပ်ပဲ ကျွန်တော် လုပ်မယ် ဆိုပြီးတော့ သုတေသန လုပ်ငန်းကို ကျွန်တော့် ဇောက်ချ လုပ်လိုက်တာ ကျွန်တော့် ဘဝအတွက်လည်း မှတ်တမ်းပဲ။ မိုးလေဝသ အတွက်လည်း မှတ်တမ်းပဲ။ ဘာလဲဆိုတော့ အဲဒီနှစ်က ကျွန်တော်တစ်ယောက်တည်း သုတေသန စာတမ်း ၆စောင်ထွက်တယ်။ တစ်ယောက်တည်း ရေးတာ ၆စောင်ရတယ်။ အဲဒီ ၆ စောင်ထဲက ၃ စောင်က ပေါက်သွားတယ်။ ယနေ့ချိန်ထိ ဌာနမှာ လက်စွဲ ပြုနိုင်တဲ့ အဆင့်ရောက်သွားတယ်။ ကျွန်တော်လည်း ပညာတွေ အများကြီး ရသွားတယ်။

ခုကျွန်တော်တို့ Meet the Successful  အစီစဉ်ကို ကြည့်ရှုနေတဲ့ လူငယ်ပရိတ်သတ်တွေထဲမှာလဲ ဘဝမှာ အောင်မြင်ဖို့ အတွက် ကြိုးစားနေတဲ့ သူရှိပါတယ်။ အဲဒီလို ကြိုးစားရင်းနဲ့မှ ကျဆုံးပြီးတော့ စိတ်ဓါတ်ကျနေတဲ့သူတွေ တစ်ချို့အတွက်လည်း ဆရာ အနေနဲ့ အားပေး စကားလေး ပြောပြပေးပါလား။

ကျွန်တော် လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ ပြောချင်တဲ့ စကားလေးရှိပါတယ်။ များသောအားဖြင့်တော့ ကျွန်တော်က ဆောင်ပုဒ်လေးတွေကို ကိုးကားပြီးတော့ ပြောချင်တယ်။ ကျွန်တော်ကိုးကားချင်တဲ့ ဆောင်ပုဒ်က ကမ္ဘာမှာ ဒီနေ့ အောင်မြင်မှု အရဆုံး အဖွဲ့စည်းကြီး တစ်ခုဖြစ်တဲ့ နာဆာပေါ့နော်။ နာဆာရဲ့ ဆောင်ပုဒ်ပါ။ ဒါပေမယ့် လူငယ်တွေနဲ့ ဆိုင်တယ်ပေါ့။ ဒီဆောင်ပုဒ်က ဘာလဲဆိုတော့ ''ကိုယ့်မှာပါတဲ့ အတောင်ကို ဖြန့့်မကြည့်ပဲနဲ့ ဘယ်လောက်အမြင့်ထိ ပျံနိုင်မယ်ဆိုတာ မင်းဘယ်တော့မှ မသိနိုင်ဘူး" ။

အဓိပ္ပာယ်ကတော့ စွန့်စားပါ စွန့်စားတဲ့စိတ်က လူငယ်တွေမှာပဲ ရှိတယ်။ အဲတော့ လူငယ်ဆိုတာ စွန့်စားရမယ် လုပ်ကြည့်ပါ ကြိုးစားကြည့်ပါ။ ကိုယ့် အစွမ်းအစ ဘယ်လောက် ရှိလဲဆိုတာ ကြည့်ကြည့်ပါ။ အရေးကြီးဆုံးက လူငယ်မှာ နံပါတ်တစ် အဲတာပါပဲ။ သို့သော်ငြားလဲပဲ လူငယ်မှာ စွန့်စားလိုစိတ်ရှိတယ်။ ရိုးသားတဲ့ စိတ်ရှိတယ်။ သတ္တိရှိတယ်  မှန်တယ်။ ဒါပေမယ့် လူငယ်မှာ မရှိတာ တစ်ခုရှိတယ်။ အဲတာဘာလဲဆိုတော့ အတွေ့အကြုံ။ လူငယ်မှာ အတွေ့အကြုံ မရှိဘူး။ အတွေ့အကြုံမရှိတဲ့ အတွက် စွန့််စားလိုစိတ် ရှိလို့ ထပ်ပြီးတော့ ကြိုးစားလိုက်ပေမယ့်လို့ အဲဒီကြိုးစားမှုဟာ အရာထင်မယ် မထင်ဘူး ဆိုတာ ပြောလို့ မရဘူး။

ဒါပေမယ့် လောကရဲ့ သဘာဝအရတော့ လောကကြီးမှာ ရှုံးနိမ်မှုဆိုတာ ရှိနေမှာပဲ။ ဒါကြောင့် လူငယ်တစ်ယောက်ဟာ ကြိုးစားလိုစိတ်ရှိလို့ အတောင်တွေ ဖျန့်ကြည့်ပြီး ပျံကြည့်ပေမယ့်လို့ တစ်ခါတစ်ရံမှာ မအောင်မြင်ဘဲနဲ့ ရှုံးနိမ့်မှုဆိုတာ ရှိနိုင်တယ်။ အဲလို ရှုံးနိမ့်မှု ကြုံတွေ့တဲ့ အခါမှာ လူငယ်က အတွေ့ကြုံ မရှိတဲ့ အတွက်ကြောင့် ဒီရှုံးနိမ့်မှု ဒဏ်ကို ခံချင်မှ ခံနိုင်မယ်။ အဲတော့ သူက ရှုံးနိမ့်မှု ဒဏ်ကြောင့် သူ တွေဝေသွားမယ်။ ဒါမှ မဟုတ်ရင် စိတ်လေသွားမယ်ဆိုရင်လဲ ဒီခေတ်တွေက ထွက်ပေါက်တွေကလည်း အများကြီးပဲ။ သောက်တာ စားတာ ရှိတယ်။ မူးယစ်ဆေးဝါးတွေ ရှိတယ်။ လူငယ်ဘဝက စုံးစုံးမြှုပ်သွားမယ်။ ဒါကြောင့် လူငယ်က ဒုတိယ ဆောင်ပုဒ်ကို သိဖို့လိုတယ်။ အလွန်အောင်မြင်ပါတယ်ဆိုတဲ့ နာဆာ အဖွဲ့ကြီးဟာ အဲဒီအောင်မြင်မှု ကြီးကို လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့်သူက ဒုတိယ ဆောင်ပုဒ်ကို ဘာပြောလဲ ဆိုတော့ "လူတွေ လေ့လာသင်ယူတတ်မြောက်တယ်ဆိုတာ အောင်မြင်မှုက သင်ယူတတ်မြောက်တာ နည်းနည်းပါ လူတွေရဲ့ သင်ယူတတ်မြောက်မှုဟာ ဘယ်ကလာသလဲ ရှုံးနိမ့်မှုက လာပါတယ်" များများရှုံးလေ များများ သင်ခန်းစာရလေ များများ ပညာရလေ။ ဒါကြောင့် ရှုံးနိမ့်မှုကို ခံယူနိုင်ရမယ်။ အဲတာလေး လူငယ်တွေ သိဖို့ လိုပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော့်ဘဝရဲ့ ဆောင်ပုဒ်ပေါ့နော်။ ကျွန်တော့်အကြောင်းရယ် နာဆာရဲ့ ဆောင်ပုဒ်နှစ်ခုကို ပူးပေါင်းပြီးတော့ အောင်မြင်မှုကို မိန်းမော မနေပါနဲ့ပေါ့။ နောက်ဆုံး တစ်ချက်ကတော့ ကျွန်တော့် ဘဝနဲ့ ဆိုင်တာပေါ့နော် ကျွန်တော် စောစောက ပြောခဲ့ပါတယ်။ ငယ်ဘဝက မပြည့်စုံဘူး ကျွန်တော် ပြောခဲ့ပါတယ်။ အဲဒီဘဝက နေပြီးတော့ လွတ်မြောက် ထွက်ခဲ့တဲ့ အတွက် လွတ်မြောက် ထွက်ဖို့ရာ အထောက်ကူ အများကြီး ပြုခဲ့တဲ့ အရာ ကျွန်တော့် အမေရဲ့ စကား တစ်ခွန်းပါပဲ။ ကျွန်တော့် အမေက ငယ်ငယ်က ကျွန်တော်တို့ကို ပြောတယ် ဘာပြောလဲဆိုတော့ နွားချေးပုံကလဲ ကြာပေါက်နိုင်တယ်။ နွားချေးဆိုတာကတော့ အညစ်အကြေးပေါ့လေ။ ဘယ်သူမှလဲ မကိုင်ချင်ဘူး။ ဒါပေမယ့် အဲဒီအထဲက ကြာပွင့်တစ်ပွင့် ပေါက်လာမယ်ဆိုရင်တော့ အဲဒီကြာပွင့်ဟာလည်း ဘုရားစင်ပေါ် ရောက်သွားနိုင်တယ်။ ဒါကြောင့် ဘဝဟာ အားငယ်စရာမလိုဘူး ကျွန်တော်တို့ ရောက်တဲ့ နေရာမှာ အကောင်းဆုံးလုပ်ပါ။ အမြဲတမ်း ဘဝကို တိုးတက်နေပါစေ ကိုယ့်အစွမ်းစကို ယုံကြည်ပါ စမ်းကြည့်ပါ။ ရှုံးနိမ့်ရင်လဲ စိတ်မပျက်ပါနဲ့ မှန်ကန်တဲ့ စိတ်နဲ့ ကြိုးစားမယ် ဆိုရင်တော့ လူတိုင်း လူတိုင်းဟာ ရာခိုင်နှုန်းတော်တော်များများတော့ ဘဝမှာ အောင်မြင်မှု ရနိုင်ပါတယ်လို့ ကျွန်တော်က စကားပါးချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags