ရန်ကုန်နှင့် ဧရာဝတီတို့ပါ၀င်မည့် AFC Cup အုပ်စုမဲခွဲမှုများထွက်ပေါ်

ရန်ကုန်နှင့် ဧရာဝတီတို့ပါ၀င်မည့် AFC Cup အုပ်စုမဲခွဲမှုများထွက်ပေါ်
၂၀၁၆ အာရှဖလားပြိုင်ပွဲအတွက် အုပ်စုများ ထွက်ပေါ်လာစဉ် (ဓာတ်ပုံ-YUFC)

ဒီဇင်ဘာ ၁၀၊ ရန်ကုန်။          ။ မြန်မာနေရှင်နယ်လိဂ် ကလပ်များဖြစ်သော ရန်ကုန်နှင့် ဧရာဝတီတို့ပါဝင်မည့် ၂၀၁၆ AFC Cup ပြိုင်ပွဲ အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁၀ရက်က မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး အုပ်စုပွဲစဉ်များ ထွက်ပေါ်ခဲ့ပြီဖြစ်သည်။

အဆိုပါ အုပ်စုခွဲဝေမှုအရ လိဂ်ချန်ပီယံရန်ကုန်အသင်း (သို့) ဒုတိယနေရာရ ရတနာပုံအသင်းသည် အုပ်စု (ဆ) တွင် အိန္ဒိယကလပ် မိုဟမ်ဘဂမ်၊ ဟောင်ကောင်ကလပ် တောင်တရုတ်၊ မော်လ်ဒိုက်ကလပ် မာဇီယာတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

လက်ရှိတွင် ရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကစားရမည် ဖြစ်ကာ ခြေစစ်ပွဲ အောင်မြင်ပါက ရတနာပုံအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

ရှုံးထွက်ဖလား ချန်ပီယံ ဧရာဝတီအသင်းသည် အုပ်စု (ဇ) တွင် အာရှဖလား လက်ရှိချန်ပီယံ မလေးရှားကလပ် JDT (သို့) ပါဟန်း၊ အိန္ဒိယကလပ် ဘန်ဂါလာရူး၊ လာအိုကလပ် လာအိုတိုယိုတာ တို့နှင့် တစ်အုပ်စုတည်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

AFC Cup ပွဲစဉ်များကို  ၂၀၁၆ ဖေဖော်ဝါရီလတွင် စတင်ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အုပ်စုပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်အသင်းသည် AFC Cup ပြိုင်ပွဲတွင်  အမြင့်ဆုံးအဆင့်အဖြစ် ၁၆ အသင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ဖူးပြီး ဧရာဝတီအသင်းသည်လည်း ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီတွင် AFC Cup ပြိုင်ပွဲ၌ ရှုံးထွက်အဆင့်ထိ တက်ရောက်ခဲ့ဖူးသည့် အသင်းတစ်သင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly