ဆွမ်ဆီးနည်းပြ ဂယ်ရီမွန့် ရာထူးမှ ထုတ်ပယ်ခံရ နည်းပြသစ်အဖြစ် မိုယက်စ် ရေပန်းစားနေ

ဆွမ်ဆီးနည်းပြ ဂယ်ရီမွန့် ရာထူးမှ ထုတ်ပယ်ခံရ နည်းပြသစ်အဖြစ် မိုယက်စ် ရေပန်းစားနေ

အင်္ဂလန်၊ ဒီဇင်ဘာ ၁၀ ။            ။ ဆွမ်ဆီးအသင်းသည် ရလဒ်များကျဆင်းနေမှုကြောင့် နည်းပြဂယ်ရီမွန့်ခ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။ ဆွမ်ဆီးအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် ၁၁ ပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့သည့်အတွက် အသင်းဥက္ကဋ္ဌ ဂျန်ကင်က အပြောင်းအလဲပြုလုပ်ရန် လိုအပ်နေပြီဟု ယူဆသောကြောင့် မွန့်ခ်ကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ဂယ်ရီမွန့်ခ်သည် ၂၀၀၄ ခုနှစ်က စတင်ပြီး ဆွမ်ဆီးအသင်းတွင် ကစားခဲ့ကာ ၂၀၁၄ ခုနှစ်တွင် နည်းပြမိုက်ကယ်လောဒရပ်ထုတ်ပယ်ခံရပြီးနောက် ဥက္ကဋ္ဌ ဂျန်ကင်၏ တာဝန်ပေးမှုအရ ကစားသမားနည်းပြ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၄-၁၅ ရာသီနှင့် ယခုနှစ်ရာသီအစတွင် ရလဒ်ကောင်းများရယူနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရလဒ်များကျဆင်းလာသည့်အတွက် ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ဆွမ်ဆီးအသင်း ဥက္ကဋ္ဌ ဂျန်ကင်က 'ဂယ်ရီမွန့်ခ်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ သုံးလအတွင်း အသင်းရဲ့ ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းက ကျဆင်းလာတဲ့အတွက် ဒီလိုဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ။

ဂယ်ရီအနေနဲ့ အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူရဲ့အသင်းအတွက် စွမ်းဆောင်ပေးခဲ့မှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့သာမကပဲ ကျွန်တော်တို့ရဲ့နည်းပြအဖြစ် သူ့ကို ကျေးဇူးတင်ပါတယ်။ ဒီအသင်းက ဂယ်ရီကို အမြဲတမ်းနွေးနွေးထွေးထွေးကြိုဆိုနေမှာပါ။

မကြာမီမှာ နည်းပြသစ်တစ်ဦးခန့်အပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်' ဟု ပြောသည်။

ဂယ်ရီမွန့်ခ်၏ နေရာတွင် အစားထိုးရန်အတွက် ဆိုစီဒက်အသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်မှာ ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly