ဘလက်ဘောက်အား ဖော်ထုတ်နိုင်ရန် ဗြိတိန်ကျွမ်းကျင်သူများကို ပူတင်ဖိတ်ခေါ်

ဘလက်ဘောက်အား ဖော်ထုတ်နိုင်ရန် ဗြိတိန်ကျွမ်းကျင်သူများကို ပူတင်ဖိတ်ခေါ်

မော်စကို၊ ဒီဇင်ဘာ ၁၀ ။               ။ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ဆီးရီးယားအရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိပြီးနောက် တူရကီက ပစ်ချခဲ့သော စစ်လေယာဉ်တစ်စင်း၏ ပျံသန်းမှုမှတ်တမ်းသေတ္တာအား လေ့လာဖော်ထုတ်နိုင်ရန် ဗြိတိန်မှ ကျွမ်းကျင်သူများကို ရုရှားက ဒီဇင်ဘာ ၉ တွင် ဖိတ်ခေါ်ခဲ့သည်။

ရုရှားစစ်လေယာဉ်တစ်စင်းကို တူရကီက ပစ်ချလိုက်ပြီးနောက် နှစ်ပတ်အကြာ ရုရှားကို အကူအညီပေးမည်ဟု ဗြိတိန်က ကမ်းလှမ်းခဲ့သည်။ ယင်းသို့ပစ်ချပြီးနောက် တူရကီ-ရုရှားဆက်ဆံရေးမှာ ဆိုးဝါးသွားခဲ့သည်။

နိုဝင်ဘာ ၂၄ က အဖြစ်မျိုး ထပ်မံမဖြစ်ပွားရေး မော်စကိုနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတော့ဂလူက ဒီဇင်ဘာ၉တွင် ပြောကြားခဲ့သည်။ သို့သော်လည်း မော်စကိုသည် ဆီးရီးယားလူမျိုးတုံး သတ်ဖြတ်မှု စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ကြိုးပမ်းနေသည်ဟုလည်း စွပ်စွဲခဲ့သည်။

"ပစ်ချခံရတဲ့ Su-24 လေယာဉ်ရဲ့ ပျံသန်းမှုအချက်အလက်မှတ်တမ်းတွေကို ဖော်ထုတ်ရာမှာ ပါဝင်ဖို့ ဗြိတိန်ကျွမ်းကျင်သူတွေကို ဗလာဒီမာပူတင်က ဖိတ်ခေါ်ခဲ့ပါတယ်"ဟု ကင်မရွန်းနှင့် ဖုန်းဖြင့်ပြောကြားပြီးနောက် ကရင်မလင်က ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ကူညီရန် ဗြိတိန်ကျွမ်းကျင်သူများကို စေလွှတ်ရေး ပူတင်၏ မေတ္တာရပ်ခံချက်ကို ဝန်ကြီးချုပ်က စဉ်းစားမည်ဖြစ်ကြောင်း ကင်မရွန်း၏ ရုံးက ထုတ်ပြန်ခဲ့သည်။ "တခြားနိုင်ငံတွေရဲ့ လုံခြုံရေးကိစ္စတွေမှာ ကူညီရတာ ကျွန်တော်တို့ အမြဲတမ်းဝမ်းသာပါတယ်"ဟု ကင်မရွန်း၏ ပြောခွင့်ရအမျိုးသားတစ်ဦးက ထိုနေ့အစောပိုင်းက ပြောကြားခဲ့သည်။

ဂျက်တိုက်လေယာဉ်မှ ပျံသန်းမှုအချက်အလက်မှတ်တမ်းတင် ဘလက်ဘောက်ကို ရုရှားက ရရှိခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူက လိမ္မော်ရောင်သုတ်ထားသော ၎င်းသေတ္တာကို ဒီဇင်ဘာ၈က ကရင်မလင်အစည်းအဝေးတစ်ခုတွင် ပူတင်သို့ ပေးအပ်ခဲ့သည်။

လေယာဉ်ပျံသန်းမှုလမ်းကြောင်းနှင့် အနေအထားကို ဆုံးဖြတ်နိုင်ရန် နိုင်ငံခြားသားကျွမ်းကျင်သူများနှင့် လေ့လာဖော်ထုတ်သင့်သည်ဟု ပူတင်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရုရှားလေယာဉ်ပစ်ခတ်ခံရမှုကြောင့် စာနာကြောင်း ကင်မရွန်းက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကရင်မလင်၏ ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ ဗြိတိန်သည်လည်း လွန်ခဲ့သည့် သီတင်းပတ်မှစ၍ ဆီးရီးယားတွင် ဗုံးကြဲသည့် စစ်ဆင်ရေးကို စတင်ခဲ့သည်။

အိုင်အက်စ်အပါအဝင် အခြားအကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ရုရှားနှင့် ဗြိတိန်တို့တွင် တူညီသည့် ချဉ်းကပ်မှုများရှိသည်ဟု ကရင်မလင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly