မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပြီးလျင် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ စတော့ရှယ်ယာရောင်းခွင့်ရမည်

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပြီးလျင် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ စတော့ရှယ်ယာရောင်းခွင့်ရမည်

ဒီဇင်ဘာ ၁၀ ရက် ။             ။ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ အသစ်ရေးဆွဲခြင်း မပြီးသေးသဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ရာ ရောင်းချခြင်းကို မြန်မာနိုင်ငံသားပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီများဖြင့်သာ စတင်ဆောင်ရွက်မည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အဆိုပါ ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက်မှသာ နိုင်ငံခြားသားပိုင် အစုရှယ်ရာများ ပါဝင်သည့် ဖက်စပ်ကုမ္ပဏီများကို 'စာရင်းဝင်ကုမ္ပဏီ' များအဖြစ် သတ်မှတ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ရာများ ရောင်းချခွင့်ပြုနိုင်မည်ဟု ဒီဇင်ဘာ ၉ ရက်နေ့ အိတ်ချိန်းဖွင့်ပွဲ၌ ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်၍ အပြန်အလှန် ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ စသည့် ငွေချေးသက်သေခံလက်မှတ်များကို ရန်ကုန်စတော့အိတ်ချိန်းတွင် လဲလှယ် ရောင်းဝယ်နိုင်သည်အထိ ကြိုးပမ်းသွားမည်ဟုလည်းဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းသည် မြန်မာနိုင်ငံဘက်မှ မြန်မာ့စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research က ၃၉ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် Japan Exchange Group က ၁၈ ဒသမ ၇၅ ရာခိုင်နှုန်း ပါဝင်ထားသည့် ဖက်စပ်ကုမ္ပဏီဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြသည်။

ကနဦးမတည်ငွေအဖြစ် ကျပ် ၃၂ ဘီလီယံထည့်ဝင်ပြီး ၂၀၁၆ ခု ဖေဖော်ဝါရီ-မတ် လခန့်မှ ပြည်တွင်းကုမ္ပဏီ ၆ ခုဖြင့် အရောင်းအဝယ် စတင်မည်ဟု သိရသည်။

ဒုတိယသမ္မတဦးဉာဏ်ထွန်းက အိတ်ချိန်းဖွင့်လှစ်ခြင်း အထိမ်းအမှတ် ခေါင်းလောင်းထိုးပေးသည့် ယင်းဖွင့်ပွဲသို့ ဂျပန်နိုင်ငံ အစိုးရကိုယ်စား ဂျပန်နိုင်ငံဘဏ္ဍာရေး ဝန်ဆောင်မှုအေဂျင်စီ မှ ကော်မရှင်နာ မစ္စတာ နိုဘုချိကမိုရီ၊ ရန်ကုန်စတော့ အိတ်ချိန်း၏ ရှယ်ယာရှင် ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

ရန်ကုန်စတော့ အိတ်ချိန်းကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ ယခင်မြဝတီဘဏ် ဟောင်း နေရာတွင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly