မူးယစ်ဆေးဝါးဖြန့်သည့် ကနေဒါတစ်ဦးကို ထိုင်းရဲက ဖမ်းဆီးကာ နိုင်ငံလွှဲပြောင်းပေးမည်ဖြစ်

မူးယစ်ဆေးဝါးဖြန့်သည့် ကနေဒါတစ်ဦးကို ထိုင်းရဲက ဖမ်းဆီးကာ နိုင်ငံလွှဲပြောင်းပေးမည်ဖြစ်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ။                 ။ မြေအောက်ဝက်ဘ်ဆိုက်ဖြစ်သည့် Silk Road ဝက်ဘ်ဆိုက် တည်ထောင်သူထံ အကြီးတန်းအကြံပေးတစ်ဦးအဖြစ် တာဝန်ယူထားသူဟု စွပ်စွဲခံထားရသည့် ကနေဒါတစ်ဦးကို ထိုင်းရဲက ဖမ်းဆီးပြီး လာမည့် သီတင်းပတ်၌ အမေရိကန်နိုင်ငံသို့ နိုင်ငံလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ရဲက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။

သောမတ်စ်ကလက်ဆိုသူအား ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်အာဏာပိုင်များထံမှ မေတ္တာရပ်ခံချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲကပြောသည်။

တရားမဝင်မူးယစ်ဆေးဝါး အရောင်းအဝယ် ပလက်ဖောင်းတစ်ခုဖြစ်သော Silk Road မြေအောက်ဝက်ဘ်ဆိုက်ကို တည်ထောင်သူ ယခုတိမ်းရှောင်လွတ်မြောက်လျက်ရှိသည့် ရို့စ်အူဘရစ်ဆိုသူအား ဝက်ဘ်ဆိုက်ရေးဆွဲလည်ပတ်ရာ၌ အကြံပေးခြင်းနှင့် ရဲလက်မှ လွတ်အောင် ကူညီခြင်းတို့အတွက် အမေရိကန်တရားရေးဌာနက ကလက်အား စွပ်စွဲထားခြင်းဖြစ်သည်။

ကလက်အား မူးယစ်ဆေးဝါး အရောင်းအဝယ်လျှို့ဝှက်ကြံစည်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် စွဲဆိုထားသည်။ အပြစ်ရှိကြောင်း တွေ့ရှိပါက ယင်းပြစ်မှုများဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်နိုင်သည်။

၎င်းအား အမေရိကန်သို့  ပြန်မပို့မီ ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်း၌ ထိန်းသိမ်းထားရှိထားကြောင်း ရဲတာဝန်ရှိသူ ဆွန်ပိုဝတ်တန်နာချိုင်က သတင်းထောက်များအား ပြောသည်။

"သူ့ကို ဖမ်းပြီး ထိန်းသိမ်းထားပါတယ်။ လူဝင်မှုကြီးကြပ်ရေး ရဲဌာနလက် အပ်ထားပါတယ်။"ဟု အမျိုးသားရဲဌာန လက်ထောက်ပြောခွင့်ရသူ ၎င်းက ပြောခဲ့သည်။

"အမေရိကန်ရဲ့တောင်းဆိုမှုအရ သူ့ကို ပို့ဖို့လုပ်နေပါပြီ။ တစ်လမကုန်ခင်အတွင်းမှာပဲ သူ့ကို အမေရိကန်ကို ပို့ပေးမှာဖြစ်ပါတယ်။"ဟု ဆွန်ပိုက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly