ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ရေးသားထားသည့် နှစ်ပတ်အလို ဝတ္ထုကိိုု ရုပ်ရှင် ဇာတ်ကားကြီး အဖြစ်ရိုက်ကူးမည်

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ရေးသားထားသည့် နှစ်ပတ်အလို ဝတ္ထုကိိုု ရုပ်ရှင် ဇာတ်ကားကြီး အဖြစ်ရိုက်ကူးမည်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။            ။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) သည် ရေးသားထားသည့် နှစ်ပတ်အလို ဝတ္တုကို ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ဒီဇင်ဘာ ၂၃ ရက်မှ စတင်ပြီး နာမည်ကြီး အနုပညာရှင်များဖြင့် စတင်ရိုက်ကူး တော့မည် ဖြစ်သည်။

ဇာတ်လမ်း ၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် ပြေတီဦး ၊ ကျော်ကျော်ဗို ၊ မင်းဦး ၊ ဝတ်မှုံရွှေရည် ၊ အေးမြတ်သူတို့မှ ပါဝင် သရုပ်ဆောင် ကြမည်ဖြစ် သည်။
 
ဒါရိုက်တာ မောင်မျိုးမင်း က "ဦးမျိုးရဲ့ ပထမဆုံး လုံးချင်း ဝတ္တုပါ ။ အဲဒီ လုံးချင်း ဝတ္တုက ဒီဇင်ဘာထဲမှာ ထွက်မှာ အဲဒီ ဝတ္တုကို ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ပြန်ရိုက်ကူး တာပါ။ ဦးမျိုးတို့ ငယ်ငယ်တုန်းက ဆိုရင် ဝတ္တု တစ်အုပ် ဖတ်ပြီးလို့ ရှိရင် အဲဒီ ဝတ္တုကို ဘယ်သူတွေနဲ့ လိုက်လဲ ဆိုတာ စိတ်ကူးယဉ်ကြတယ်။ အခု အဲလို စိတ်ကူးယဉ် ဖို့ ဇာတ်လမ်းက နည်းသွားတယ် အဲလို စိတ်ကူးယဉ်လို့ ရအောင် ကိုယ့်ဘာသာ ရေးပြီးတော့ ကိုယ့်ကို ရိုက်ကြည့်ချင်တာ။ သရုပ်ဆောင်တွေကိုလည်း ဇာတ်နဲ့ အလိုက်ဖက်ဆုံး ရွေးချယ် ထားတာပါ" ဟု ပြောသည်။  

စက်ရုံ တစ်ရုံကို ဘဏ်တွင် အပေါင်ခံ ထားသည့် အတွက် နှစ်ပတ် အတွင်း ပြန်မရွေးနိုင်လျှင် ချိတ်ပိတ် ခံရမည် ဖြစ်သည့် အတွက် ဇာတ်ကား တစ်ခုလုံးကို နှစ်ပတ်အလိုတွင် ဖြစ်ပျက်မည့် အရာများအပေါ် အခြေခံ ထားခြင်း ဖြစ်သည်။

ထိုဇာတ်ကားတွင် သရုပ်ဆောင် မင်းဦး ၊ ကျော်ကျော်ဗို ၊ ဝတ်မှုံ ရွှေရည် တို့ က မောင်နှမ သုံးယောက် ဖြစ်ကာ ပြေတီဦး က ဘဏ်သူဌေး နေရာမှ ပါဝင် သရုပ် ဆောင်မည် ဖြစ်ပြီး အေးမြတ်သူ က ဂိုဏ်းစတား တစ်ဦး၏ ညီမ အဖြစ် ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

နှစ်ပတ်အလို ရုပ်ရှင် ဇာတ်ကားကြီးကို ရန်ကုန် မြို့ အပြင် သြစတြေးလျ နိုင်ငံတွင်လည်း သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး သြစတြေးလျ နိုင်ငံ တွင် ရိုက်ကူးမည့် ဇာတ်ဝင်ခန်းများကို သြစတြေးလျ နိုင်ငံတွင် နှင်းဆီအငြိမ့် သွားရောက် ကပြရင်း တစ်ခါတည်း ရိုက်ကူးမည် ဖြစ်သည်။

"အခု Location ကို စီစဉ်တဲ့ အဖွဲ့ တစ်ဖွဲ့ ရှိတယ်။ သူတို့ က ဇာတ်လမ်း တစ်ခုကို ဖတ်ပြီး ဒီ Location ကို လိုချင် တယ် ဆို ရိုက်နေကျ Location နဲ့ မတူတာ ငှားလို့ရအောင် စီစဉ်ပေးတဲ့ အဖွဲ့ တစ်ခုပေါ့ ။ အဲတာလေးက လုပ်သင့်တာ ကြာပါပြီ။ အဲဒီ အဖွဲ့လေး နောက်ပိုင်းမှာ အောင်မြင် သွားရင် ပိုကောင်းတာပေါ့။ အခု ရိုက်မယ့် ကား အတွက်ကိုလည်း အဲဒီ အဖွဲ့နဲ့ သေချာ စကားပြောပြီး ပါပြီ" ဟု ဒါရိုက်တာမောင်မျိုးမင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly