တော်ဝင်ကို အကြည်ညိုပျက်စေမှုဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စုံစမ်းစစ်ဆေးခံရ

တော်ဝင်ကို အကြည်ညိုပျက်စေမှုဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စုံစမ်းစစ်ဆေးခံရ

ဘန်ကောက်၊ ဒီဇင်ဘာ ၉ ။             ။ ထိုင်းနိုင်ငံ၏ အကြည်ညိုပျက်စေမှုဥပဒေဖြင့် ထောင်ဒဏ်ကာလရှည်ချမှတ်ခြင်းကို ဝေဖန်မှုပြုလုပ်ခြင်းကြောင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်မှာ   တော်ဝင်ကို အကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု နိုင်ငံခြားမီဒီယာတစ်ခုနှင့် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၉ တွင် ပြောကြားသည်။

ထိုင်းဥပဒေအရ တော်ဝင်အသိုင်းအဝိုင်းကို စော်ကားမှုဖြင့် အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ အပြစ်ပေးခံရသူသည် ထောင်ဒဏ် ၁၅နှစ်အထိ အပြစ်ပေးခံရနိုင်သည်။

လွန်ခဲ့သည့်နှစ်က တော်ဝင်ဝါဒီစစ်တပ်က အာဏာသိမ်းပြီးကတည်းက ယင်းအမှုနှင့် ပတ်သက်သည့် တရားစွဲဆိုမှုများ မြင့်တက်လာခဲ့သည်။ မကြာသေးမီလများအတွင်း ယင်းဥပဒေချိုးဖောက်သူများကို   ပြစ်ဒဏ်ချမှတ်မှုများမှာ စံချိန်တင်ခဲ့သည်။

လွန်ခဲ့သည့်လက အမေရိကန်သံအမတ် ဂလင်းတီဒေးဗီးစ် မိန့်ခွန်းတစ်ခုပြောကြားပြီးနောက် စစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့အား ညွှန်ကြားထားသည်ဟု ထိုင်းနိုင်ငံတွင်းရှိ   နိုင်ငံတကာမီဒီယာကို ကိုယ်စားပြုသော ထိုင်းနိုင်ငံနိုင်ငံခြားသတင်းထောက်များကလပ်(FCCT)ကပြောသည်။

နိုဝင်ဘာ ၂၅ က ကလပ်တွင် သံအမတ်ပြောကြားခဲ့သော သုံးသပ်ချက်များက အကြည်ညိုပျက်စေမှုဆိုင်ရာ ပြစ်မှုဆိုင်ရာဥပဒေအပိုဒ်ခွဲ ၁၁၂ ကိုချိုးဖောက်ခဲ့ခြင်းရှိမရှိနှင့် ပတ်သက်၍ တရားဝင် စုံစမ်းစစ်ဆေးရာတွင် ရဲတပ်ဖွဲ့အား ကူညီရန် FCCTကို ညွှန်ကြားခဲ့သည်ဟု ဒီဇင်ဘာ၉က ကလပ်၏ကြေညာချက်တွင် ဖော်ပြထားသည်။ FCCT ကလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

တိုင်ကြားမှုတစ်ခုကို ၎င်းတို့လက်ခံရရှိခဲ့ပြီး သံအမတ်၏ ပြောကြားချက်များကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ထိုင်းနိုင်ငံ၏ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက အတည်ပြုခဲ့သည်။ ဒေးဗီးစ်သည် အကြည်ညိုပျက် စေမှုဖြင့် စစ်ခုံရုံးကချမှတ် နှစ်ရှည်ထောင်ဒဏ်များနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း FCCT သို့ပြောကြားခဲ့သည်ဆိုသည်။ FCCT သည် အသက် ၈၈နှစ်အရွယ် ထိုင်းဘုရင် ဘူမိဘောလ်အဒူလျာဒက်အပေါ် ချီးကျူးမှုများ ရေးသားခဲ့သေးသည်။

"အကြည်ညိုပျက်စေမှုဥပဒေကိုချိုးဖောက်မှုနဲ့ စစ်အစိုးရတရားရုံးတွေက အရပ်သားတွေအပေါ် ရှည်လျားပြီး မကြုံစဖူးချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကြောင့် ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်"ဟု ဒေးဗီးက FCCT ပရိသတ်ကို ပြောကြားခဲ့သည်။

"သူတို့ရဲ့အမြင်ကိုငြိမ်းငြိမ်းချမ်းချမ်း ဖော်ထုတ်တဲ့ ဘယ်သူ့ကိုမဆို ထောင်မချသင့်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေမှာ လက်တုံ့ပြန်ခံရမှာကို မစိုးရိမ်ဘဲ သုတေသနလုပ်တဲ့၊ အစီအရင်ခံတဲ့ လူပုဂ္ဂိုလ်တွေ၊ လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ စွမ်းရည်ကို ကျွန်တော်တို့ အခိုင်အမာ ထောက်ခံပါတယ်"ဟု ၎င်းကပြောကြားခဲ့သည်။  ဒေးဗီးစ်က   တော်ဝင်အားအကြည်ညိုပျက်စေမှု ဥပဒေကိုသာ ဝေဖန်ခြင်းဖြစ်ပြီး တော်ဝင်အား ဝေဖန်ခဲ့ခြင်း မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly