တစ်နိုင်ငံလုံးတွင် အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးအရေအတွက် ၁ရာခိုင်နှုန်းပင် မရှိ

တစ်နိုင်ငံလုံးတွင် အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးအရေအတွက် ၁ရာခိုင်နှုန်းပင် မရှိ
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၉ရက်က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးအုပ်ချုပ်ရေးမှူးများ၊ UNDPမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၉)။ ။ မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများအနက် အမျိုးသမီးအရေအတွက်မှာမူ ၁ရာခိုင်နှုန်းပင်မရှိ ပေ။

နိုင်ငံအဝှမ်းတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း(၁၆၇၈၅)ဦးရှိပြီး ထိုအထဲတွင် ၄၂ဦးသာလျှင် အမျိုးသမီးများဖြစ်ကြသည်ဟု ဒေသန္တရအဆင့်တွင် အမျိုးသမီးများ၏ ဦးဆောင်မှုအပေါ် စစ်တမ်းကောက်ယူထားသော ကုလသမဂ္ဂဖွဲ့ဖြိုးမှုအစီအစဉ်(UNDP)မှ ဌာနေညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာ တွိုင်လီကာဗာနော့က ပြောသည်။

ထိုအရေအတွက်သည် ရာခိုင်နှုန်းအားဖြင့် ၁ရာခိုင်နှုန်းပင်မပြည့်ဘဲ တိတိကျကျဆိုလျှင် ဝဒဿမ ၂၅ရာခိုင်နှုန်းသာ ရှိသည်ဟု ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၉ရက်က နေပြည်တော်ရှိ အမရာဟိုတယ်တွင်ပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၄၂ဦးနီးပါး တက်ရောက်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မစ္စတာ တွိုင်လီကာဗာနော့က “အမျိုးသမီးတွေ ခေါင်းဆောင်မှုအနေအထားမှ ဆောင်ရွက်နိုင်ဖို့ အဟန့်အတားဖြစ်စေမယ့် လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားဆိုင်ရာ ရှေးရိုးစွဲတဲ့ အတွေးများနဲ့ တန်ဖိုးထားမှုများ များစွာရှိနေဆဲဖြစ်ပါတယ်” ဟု ပြောသည်။

ရှေးရိုးစွဲအတွေးများဖြစ်သော “ယောင်္ကျားကောင်း မောင်းမတစ်ထောင်” ဟူသည့် စကားပုံမျိုးမှာ အယူအဆမှားများသာဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရပ်/ကျေးအဆင့်တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ၄၂ဦးရှိသော်လည်း မြို့နယ်အဆင့်တွင်မူ အမျိုးသမီးအုပ်ချုပ်ရေးမှူး တစ်ဦးတစ်ယောက်မျှပင် မရှိသေးပါဟုလည်း UNDPက ဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကိန်းဂဏန်းအချက်အလက်များကို ကိုးကားထားသော UNDP၏ အစီရင်ခံစာအရ ရပ်/ကျေး အမျိုးသမီးအုပ်ချုပ်ရေးမှူး အမျိုးဆုံးရှိသည့် တိုင်းနှင့်ပြည်နယ်မှာ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်ဖြစ်သည်။ ကရင်ပြည်နယ်တွင် ရပ်/ကျေး အမျိုးသမီးအုပ်ချုပ်ရေးမှူး ၁၁ဦးနှင့် ဧရာဝတီတိုင်းတွင် ၈ဦး ရှိသည်။

ရပ်/ကျေး အမျိုးသမီးအုပ်ချုပ်ရေးမှူး လုံးဝမရှိသေးသည့် တိုင်းနှင့်ပြည်နယ်များမှာ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အစိုးရရုံးစိုက်ရာ နေပြည်တော်တို့တွင် ဖြစ်သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်ဝင်းဝင်းမော်က "ကျွန်မကိုယ်တိုင်က နိုင်ငံတစ်ကာက ခေါင်းဆောင်အမျိုးသမီးတွေကို အားကျတဲ့အတွက် ကျွန်မယုံကြည်ချက်နဲ့ ဒီနေရာကို အရွေးခံခဲ့တာ" ဟု မဇ္ဈိမကို ပြောသည်။ ရပ်ကွက်အုပ်ချုပ်းမှူးဘဝတွင် စိန်ခေါ်မှုနှင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း "ငါဘာလို့ မလုပ်နိုင်ရမှာလဲဆိုတဲ့စိတ်နဲ့ ကျွန်မလုပ်ခဲ့တယ်" ဟု ဒေါ်ဝင်းဝင်းမော်က ဆိုသည်။

 

Mizzima Weekly