ခုနစ်ယောက်တစ်ဖွဲ့ မသန်စွမ်းဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ဆု ရရှိ

ခုနစ်ယောက်တစ်ဖွဲ့ မသန်စွမ်းဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ဆု ရရှိ
ခုနစ်ယောက်တစ်ဖွဲ့ မသန်စွမ်းဘောလုံးပြိုင်ပွဲဝင် ငွေတံဆိပ်ဆုရ မြန်မာအသင်းအားတွေ့ရစဉ်။

ဒီဇင်ဘာ ၉၊ ရန်ကုန်။            ။ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၁၅ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ခုနစ်ယောက်တစ်ဖွဲ့ဘောလုံးပွဲ ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ မြန်မာအသင်းသည် ထိုင်းအသင်းကို ၃-၀ ဖြင့် ရှုံးနိမ့်ကာ ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

အဆိုပါပွဲတွင် မြန်မာအသင်းသည် ထိုင်းအသင်းကို ယှဉ်ကစားနိုင်ခြင်း မရှိပဲ ပထမပိုင်းတွင် ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုးပြန်လည်သွင်းယူရန် ကြိုးပမ်းခဲ့သော်လည်း ထိုင်းအသင်းမှ အချိတ်အဆက်မိမိဖြင့် အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိချန်ပီယံ မြန်မာအသင်းသည် ခုနစ်ယောက်တစ်ဖွဲ့ပြိုင်ပွဲတွင် မလေးရှား၊ အိမ်ရှင်စင်ကာပူ အစရှိသည့် အသင်းများကို အနိုင်ရခဲ့သော်လည်း ထိုင်းအသင်းကိုမူ အုပ်စုပွဲစဉ်နှင့် ဗိုလ်လုပွဲ၌   နှစ်ကြိမ်တွေ့ဆုံရာ နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့သည်။

၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မသန်စွမ်းအားကစားပြိုင်ပွဲ ဒီဇင်ဘာ ၉ ရက်ပြိုင်ပွဲများ ပြီးဆုံးချိန်၌ မြန်မာအသင်းသည် ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၂၉ ခု ဆုတံဆိပ်စုစုပေါင်း ၆၂ ခု ရရှိကာ နိုင်ငံအလိုက်အဆင့်ရပ်တည်မှု ၆ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly