ကမ္ဘောဇအသင်း လာမည့်ရာသီတွင် တောင်ကြီးကွင်းကို ပြန်လည်ရယူရန် ကြိုးပမ်းနေ

ကမ္ဘောဇအသင်း လာမည့်ရာသီတွင် တောင်ကြီးကွင်းကို ပြန်လည်ရယူရန် ကြိုးပမ်းနေ
ပြီးခဲ့သည့်ဘောလုံးရာသီက တောင်ကြီးကွင်း၌ လေ့ကျင့်မှုများပြုလုပ်နေသည့် ကမ္ဘောဇအသင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ- KBZ )

ဒီဇင်ဘာ ၉၊ ရန်ကုန်။              ။ ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇအသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှု အမြောက်အမြားပြုလုပ်လျက်ရှိပြီး အိမ်ကွင်းအဖြစ် တောင်ကြီးကွင်းကို ပြန်လည်ရရှိရန် ကြိုးပမ်းသွားမည် ဟု အသင်းစီအီးအို ဦးခွန်နောင်မြင့်ေ၀ က ပြောသည်။

ကမ္ဘောဇအသင်းသည် ၂၀၁၁ ဘောလုံးရာသီတွင် အိမ်ကွင်းအဖြစ် တောင်ကြီးကွင်းကို အသုံးပြုခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီ လိဂ်ဒုတိယအကျော့၌ အားကစားဝန်ကြီးဌာနသို့    ပြန်လည် အပ်နှံခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ လာမယ့်ရာသီမှာ တောင်ကြီးကွင်းကို အိမ်ကွင်းအဖြစ် ပြန်အသုံးပြုနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ပြီးရင် လူငယ်ပွဲလေးတွေ နည်းပြတွေနဲ့ အပတ်စဉ်ပွဲလေးတွေ လုပ်ပေးမယ်။ ပရိသတ်ကိုလည်း အသင်းကို ပြန်အပ်ဖို့ စီစဉ်ထားပါတယ်။ ဒေသခံတွေနဲ့လည်း ကစားသမားတွေ ရင်းနှီးမှုရှိအောင် လုပ်သွားဖို့ ရှိပါတယ်။ ရှမ်းပြည်နယ်က အစဉ်အလာကောင်းတဲ့ အသင်းကောင်း တစ်သင်းဖြစ်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အသင်းအောင်မြင်တိုးတက်ဖို့အတွက် ကျွန်တော်တို့ ရေရှည်စီမံကိန်းလည်း ဆွဲထားပါတယ်။ လေ့ကျင့်ရေးကွင်းကအစ အသင်းနာမည်ပါ အကုန်ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်သွားမှာပါ ” ဟု ဦးခွန်နောင်မြင့်ေ၀ က ပြောသည်။

ကမ္ဘောဇအသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး ပြည်တွင်းကစားသမားသစ်များအဖြစ် သီဟစည်သူ၊ နေလင်းထွန်း၊ ဟိန်းသီဟဇော် အစရှိသည့် ကစားသမားများခေါ်ယူအားဖြည့်ထားသည့်အပြင် နိုင်ငံခြားသားကစားသမားသစ်များလည်း ခြေစွမ်းစမ်းသပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly