စန္ဒီမြင့်လွင်ရဲ့ Queen အယ်ဘမ် ဝယ်ယူသူ ၁၀၀ကို တစ်ကိုယ်တော် ဖျော်ဖြေပွဲ VVIP လက်မှတ် ပေးမည်

စန္ဒီမြင့်လွင်ရဲ့ Queen အယ်ဘမ် ဝယ်ယူသူ ၁၀၀ကို တစ်ကိုယ်တော် ဖျော်ဖြေပွဲ VVIP လက်မှတ် ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၉ ။          ။ အဆိုတော် စန္ဒီမြင့်လွင်၏ လေး ခွေမြောက် အယ်ဘမ် Queen ဟု အမည် ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် ကို ဒီဇင်ဘာ ၂၀ရက်တွင် Bo Bo Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ ပေးသွားမည် ဖြစ်သည်။

စန္ဒီမြင့်လွင်၏ ဒီဇင်ဘာ ၂၀ရက်တွင် ထွက်ရှိမည့် လေး ခွေမြောက် အယ်ဘမ် Queen အတွက် စာနယ်ဇင်း များနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဒီဇင်ဘာ ၈ရက်တွင် ရန်ကုန်မြို့ရှိ ဆူလေးရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခဲ့သည်။

ဖေဖော်ဝါရီလထဲတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည့် အဆိုတော် စန္ဒီမြင့်လွင်က ထို တစ်ကိုယ်တော် ဖျော်ဖြေပွဲ DVD နှင့် Queen တေးအယ်ဘမ် MTV တို့ကို တစ်ခါတည်း ဖြန့်ချိရန်လည်း စီစဉ်ထားသည်။

အခွေ ထွက်ရှိခြင်း အထိမ်းအမှတ် အနေဖြင့် ဒီဇင်ဘာ ၂၀ရက်တွင် လှည်းတန်း စိန်ဂေဟာ ၌ နေ့လယ် ၃နာရီ မှ ၅နာရီ အထိ အဆိုတော် စန္ဒီမြင့်လွင် နှင့်အတူ ပါဝင်သည့် အဆိုတော်များမှ အမှတ်တရ လက်မှတ် ရေးထိုးပေးကြမည် ဖြစ်သည်။

ပထမဆုံး ဝယ်ယူသူ အယောက် ၁၀၀ အတွက်ကိုလည်း အဆိုတော် စန္ဒီမြင့်လွင်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ VVIP လက်မှတ်များကို ပေးသွားမည် ဖြစ်သည်။

ထို တေးအယ်ဘမ်တွင် တေးသီချင်း ၈ ပုဒ် ပါဝင်ပြီး တေးရေးများ အဖြစ် နေဝင်း၊ လွှမ်းပိုင် ၊ Ar-T ၊ X-Box ၊ ဂျောက်ဂျက်၊ ဆောင်းဦးလှိုင်၊ ဖိုးကာ၊ အောင်သူ၊ ဒိုးဒိုး ၊ ကိုလေးလွင်တို့က ပါဝင် ရေးသားပေးထားပြီး Featuring အဆိုတော်များ အနေဖြင့် Ar-T ၊ X-BOX နီနီခင်ဇော်တို့ ပါဝင် သီဆို ပေးထားသည်။

အဆိုတော် စန္ဒီမြင့်လွင်က "ဒီးဒီ Queen လို့ အမည်ပေးဖြစ်တာကတော့ အမျိုးသမီးထု အကုန်လုံးကို ကိုယ်စားပြုတာပါ။ ဒီထဲမှာ Queen နဲ့ ပတ်သက်တဲ့ သီချင်း တစ်ပုဒ်မှ မပါပါဘူး။ အချစ်သီချင်းတွေလည်း ပါတယ်။ အသည်းကွဲ သီချင်း တွေလည်း ပါပါတယ်။ အမြူးတွေကော အမြောက်တွေကော ပါပါတယ်" ဟု ပြောသည်။

အဆိုတော် စန္ဒီမြင့်လွင်သည် ဆေးရောင်လှလှချယ်ရအောင်၊ ရှော့ခ် စသည့် တစ်ကိုယ်တော် အခွေများ ထွက်ရှိ ခဲ့ပြီး ၎င်း၏ တတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် ကလီယိုပါထရာ တေးအယ်ဘမ် MTV အခွေကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထွက်ရှိ ထားသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly