အရက်သမားလက်ထဲက ကြောင်ကလေးကိုကယ်တင်၊ သတ်စားခံရမယ့် ကြောင်ကလေးကိုကယ်တင် နှလုံးလှပိုင်ရှင် မဂိုးဂိုး

09 December 2015
အရက်သမားလက်ထဲက ကြောင်ကလေးကိုကယ်တင်၊ သတ်စားခံရမယ့် ကြောင်ကလေးကိုကယ်တင် နှလုံးလှပိုင်ရှင် မဂိုးဂိုး

ဒီတစ်ပါတ်မှာတော ဖေ့ဘုတ် လူမှုကွန်ယက်မှာ မဂိုးဂိုးလို့ လူသိများတဲ့ ကြောင်ကလေးတွေရဲ့ ကယ်တင်ရှင်နဲ့ တွေ့ဆုံဖြစ်ပါတယ်။ သူမရဲ့ အမည်ရင်းကတော့ ဒေါ်အေးအေးမော်ပါ။ ကြောင်ကလေးတွေကို ဂေဟာဖွင့်ပြီး ကယ်တင်စောင့်ရှောက်ပုံကို သူမက အခုလိုပြောပြပါတယ်။

ကြောင်ဂေဟာ စဖြစ်ပေါ်လာတာက ကျွန်မတို့က သာကေတမှာ နေတာကိုး။ သာကေတမှာနေတော့ မနက်တိုင်း မနက်တိုင်း သားအမိတတွေက ဇိနမာန်အောင်တို့ တစ်ရာ့ရှစ်တောင်တို့ အခြားဘုရားတွေပေါ့နော် အဲဒီလို မနက်တိုင်း မနက်တိုင်းမှာ ကြောင်တွေ ခွေးတွေကို အမြဲတမ်း အစာသွားကျွေးတယ်။  သွားသွားကျွေးတိုင်း ဓာတ်ပုံတွေ အမြဲတမ်းရိုက်တယ်။ ဖေ့ဘုတ်ပေါ် တင်ပေးတယ်။

အဲဒီလိုအမြဲတမ်း တင်တဲ့ခါကျတော့  အလှူရှင်ပေါ့။ ဂျပန်နိုင်ငံကအမျိုးသမီးအလှူရှင်ပေါ့။ အဲဒီအမျိုးသမီး အလှူရှင်နဲ့ အစ်မ ဆက်သွယ်မိတယ်။ အဲဒီလိုနဲ့ Messanger မှာ စကားတွေပြောရင်း ပြောရင်းနဲ့ သူကလည်း ငွေအားစိုက် အစ်မတို့က လုပ်အားစိုက်နဲ့ ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး ဒီ Shelter လေးကို တည်ထောင်လိုက်တာ။ အခက်အခဲတွေတော့ အများကြီးပေါ့နော်။ ဒါပေမယ့် အစ်မတို့ ရအောင်ဖွင့်လိုက်တယ်။ ကြောင်လေးကို စကယ်တဲ့နေ့ ၃၀.၈.၂၀၁၅ မှာ အစ်မတို့ ဂေဟာ  ဖွင့်လိုက်တယ်။

မဂိုးဂိုးရဲ့ အိမ်မှာလည်း ကြောင် ၇ကောင် မွေးထားပြီး ပတ်ဝန်းကျင်က ဒုက္ခရောက်တဲ့ ကြောင်လေးတွေကို ကြုံသလို ကျွေးမွေးခဲ့တဲ့ သူမဟာ အခုဆို ကြောင် အကောင် ၁၅၀ ကျော်ကို ဂေဟာမှာ ပြုစုစောင့်ရှောက်ထားသူ ဖြစ်နေပါပြီ။ သူမရဲ့ မိသားစုတွေကလဲ သူမလိုပဲ တိရစ္ဆာန်လေးတွေအပေါ်မှာ ကြင်နာ သနားတတ်သူတွေဖြစ်ပါတယ်။ အခုဆိုရင် အတူနေ သမီးနှစ်ယောက်ကပါ ဂေဟာကိစ္စတွေကို တက်ညီလက်ညီ လုပ်ကိုင်ပေးကြပါတယ်။

ဒီမှာတော့ အစ်မက အချိန်ပြည့်ပေါ့။ ခုဖွင့်တာ သုံးလပြည့်တော့မယ် တစ်ရက်မှ မနားသေးဘူး။ သူတို့ကျတော့ စနေ၊တနင်္ဂနွေ ရုံးပိတ်တဲ့ရက်တွေမှာ အချိန်ပြည့် အစ်မနဲ့ ရှိတယ်။ သူတို့လဲ ဝိုင်းလုပ်တာပေါ့။ အကုန်မိသားစု တက်ညီလက်ညီပေါ့နော်။ ပြီးတဲ့အခါကျရင် စနေနေ့တွေမှာ အပြင်ထွက်ပြီးတော့ ကြောင်လေးတွေကို ကယ်တာပေါ့နော်။ ဘုရားတွေမှာပေါ့နော်။ ဒုက္ခရောက်တဲ့ ကြောင်လေးတွေကို အဲသလိုကယ်တာလဲ ရှိတယ်။

နီးစပ်ရာ ပတ်ဝန်းကျင်ကရော ဖေ့ဘုတ်စာမျက်နှာပေါ်ကပါ ဒုက္ခရောက်နေတဲ့ ကြောင်လေးတွေကို သွားရောက် ကယ်တင်ပေးဖို့ သူမကို အကူညီ လှမ်းတောင်သူတွေ ရှိနေပါတယ်။ ခုဆို မဂိုးဂိုး ရှိနေပြီ၊ ကြောင်လေးတွေ အားကိုးရနေပြီလို့ ပြောစမတ်တွင်လောက်အောင် သူ့မရဲ့ ကြောင်ဂေဟာ သတင်းက မွှေးပျံ့နေပါပြီ။

အစ်မနဲ့သိတဲ့ မိတ်ဆွေတွေက အစ်မကို ဖုန်းဆက်တယ်ပေါ့။ အစ်မရေ ဘယ်နေရာမှာတော့ ကြောင်လေးတွေ ဒုက္ခရောက်နေတယ် ကယ်ပေးပါအုံး။ ဒါကြတော့ ဖုန်းနဲ့ပေါ့နော်။ တစ်ချို့ကျတော့ Chat Box မှာလာပြောတယ်။ နောက်တစ်ခါကျတော့ အိမ်မှာလာပြီးတော့ ပြောတဲ့ သူလဲ ရှိတယ်။ အဲဒီလိုမျိုးထဲမှာမှ ဒုက္ခ အရမ်းရောက်နေတဲ့ ကြောင်လေးတွေကို ရွေးပြီး ကယ်လိုက်တာ။

ကယ်တင်မွေးမြူထားတဲ့ ကြောင်လေးတွေ အတွက် ပေးရတဲ့ အချိန်နဲ့ ကိစ္စရပ်တွေကလည်း များပြားလှပါတယ်။

မနက် ၅ နာရီထိုးရင် ကျွန်မ အိပ်ယာနိုးပြီ။ မျက်နှာသစ်သွားတိုက်ပြီးရင် ဘုရားကိစ္စ လုပ်လိုက်တယ်။ ဘုရားကိစ္စလုပ်ပြီးပြီဆိုတာနဲ့ ကလေးတွေက ထမင်းချိုင့်တွေ ဘာတွေ ကော်ဖီအရမ်းကြိုက်တော့ ကော်ဖီတွေကစ လုပ်ထားပြီးသား စားဖို့ သောက်ဖို့ လုပ်ထားတာ။ စားသောက်ပြီးတာနဲ့ အိမ်မှာ နေမကောင်းတဲ့ ကြောင်လေးတွေ ရှိတယ်။ မနက်ကျရင် ဆေးတွေတိုက်လိုက်တယ်။ ပြီးလို့ရှိရင် ငါဒီနေ့ ခြံကို ဘယ်ကြောင်ပြန်ခေါ်သွားရမလဲ။ ကိုယ့်က ညကတည်းက ကြည့်ထားရတာ။ ဒီကောင်က သက်သာနေပြီ။ ဒီကောင်က မသက်သာသေးဘူး။ သက်သာနေပြီဆို အစ်မ ခြင်းထဲကို တစ်ခါတည်း ထည့်လိုက်တာ။ ခြင်းထဲကို ထည့်ပြီးလို့ ရှိရင် အဲကြောင်ကော ကိုယ်ကော တစ်ခါတည်း ဒီကိုလာတယ်။

 ခြံရောက်ပြီဆိုတာနဲ့ ဒီမှာ အလုပ်သမားအဖွဲ့တွေလည်း ရှိတာကိုး။ ညပိုင်းကောင်လေး တစ်ယောက်ရှိတယ်။ မနက်ပိုင်း ကောင်မလေး တစ်ယောက်ရှိတယ်။ သူက ရောက်နေပြီ။ ကောင်မလေးက သန့်ရှင်းရေး ကိစ္စအကုန်လုပ်ထားတယ်။ ဟိုကောင်လေးကတော့ ကြောင်လေးတွေကို အကုန်လုံး အစာကျွေးမယ်။ သူလဲကျွေး ကိုယ့်လဲကျွေးပေါ့နော်။ နှစ်ယောက် ကျွေးပြီးရင် ပြီးသွားပြီဆိုရင် အစ်မက ဟိုဘက်ကိုသွားပြီ ဟိုဘက်မှာ နေမကောင်းတဲ့ ကြောင်လေးတွေ ရှိတာကိုး။ အဲတာနဲ့ အစ်မက ဒီကလိုအပ်တဲ့ ဆေးတွေ Brand  ကြက်ပေါင်းရည်တွေ၊ တိုက်ရမယ့်ဆေးတွေ လိမ်းရမယ့်ဆေးတွေ အကုန်ယူပြီး ထည့်ယူပြီး ဟိုဘက်ခြံကိုသွား အဲခြံကို ဝင်ပြီဆိုတာနဲ့ ကြာပြီ။ သန့်ရှင်းရေးတွေလုပ် ဆေးတွေဘာတွေ တိုက်ပြီးမှ အစ်မ ဒီဘက်ခြံကို ပြန်တက်ပြီးတော့မှ အဲညီမတွေနဲ့အတူ နေ့လည်စာစား ထမင်းတွေကျွေး ထမင်းကျွေးပြီး ပြီဆိုရင် ခဏနားလိုက်တယ်။

နားပြီးရင်  အဲဒီကလေးလေးတွေကို နို့တိုက်တယ်။ သန့်ရှင်းရေး လုပ်မယ်။ ၅နာရီထိုးရင် ထမင်းကျွေးတဲ့ ကိစ္စ သန့်ရှင်းရေး လုပ်တဲ့ ကိစ္စ အကုန်ပြီးသွားပြီ။ အချိန်နဲ့ တစ်ပြေးညီ လုပ်ရတာ။ ၅နာရီခွဲဆိုရင် အစ်မပြန်ပြီ။

ဒါ့အပြင် ကြောင်းလေးတွေရဲ့ ဆေးကုသမှု စရိတ်တွေ အစားအသောက် နေမှု ထိုင်မှု စရိတ်တွေ နေမှုထိုင်မှုအတွက် စီစဉ်ပေးရတာတွေ အလုပ်သမား ငှားရတာတွေက နည်းတဲ့ စရိတ်တွေ မဟုတ်ပါဘူး။

အစ်မတို့ဆီမှာ ဆရာဝန်လာတဲ့ အဖွဲ့တွေက ပရဟိတ လာတဲ့ အဖွဲ့တွေပေါ့နော်။ အစ်မတို့နဲ့ ဆက်သွယ် Join  ထားတာ ရှိတယ်။ မမေကြည်ခင်ရဲ့ တူမတွေပေါ့။ ဆုမွန်တို့ အဖွဲ့ ။ သူတို့က ပရဟိတ အဖွဲ့တွေ။ သူတို့ကျတော့ အစ်မတို့ဆီကို လှမ်းလှမ်းပြီးမေးတယ်။ အန်တီရေ အစ်မရေ ဘယ်နှစ်ကောင်ရှိလဲ။ ဘာရောဂါတွေ ရှိလဲ။ သင်းဖို့ ဘယ်နှစ်ကောင်ရှိလဲ သားကျောဖြတ်ဖို့ ဘယ်နှစ်ကောင်ရှိလဲ။ အဲလို လှမ်းလှမ်းမေးတယ်။ အဲလိုလှမ်းမေးရင် အစ်မက ပြောပြရတယ်။ ဘယ်နှစ်ကောင်ရှိတယ်ဆိုတာပေါ့။  အဲဒါဆို ချိတ်ဆက်ပြီးတော့မှ သူတို့က တစ်လတစ်ခါ သင်းပေးတယ်။ ခုက သင်းမယ့်ရက်တွေ ကျော်လို့ လှောင်အိမ်ထဲမှာ ထည့်ထားရတာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဟင်္သာတ ဘက်ရောက်နေလို့ မသင်းရဘူးပေါ့နော်။ ခုအဲဒီ ပရဟိတ ဆရာတွေက နယ်ရောက်နေတဲ့ အခါကျတော့ လတ်တလော ကျန်မာရေးကိုတော့ ရန်ကုန်က တိရစ္ဆာန်ဆေးကုဆရာဝန်ကို ပင့်ရတယ်။ အဲတာက အင်္ဂါနေ့တိုင်းပေါ့။

လက်ရှိမှာတော့ ဖေ့ဘုတ် လူမှုကွန်ရက်ရဲ့ ကျေးဇူးနဲ့ အလှူငွေတွေလည်း ပိုမိုရရှိလာပါပြီ။ ဒါပေမယ့် တစ်ခါတစ်ရံတော့ အိတ်စိုက်ရတွေတောင် ရှိတယ်လို့ သူမက ပြောပြပါတယ်။

သူတို့ကျတော့ မေမေ ကြိုက်တာလုပ်ပေါ့နော်။ မေမေလုပ်နေတဲ့ အလုပ်တွေက ကောင်းတယ်ပေါ့နော်။ အားလုံးသူတို့က ခွင့်ပြုတယ်။ လုပ် သူတို့ ဘာပံ့ပိုးပေးရမလဲ လုပ် ပိုက်ဆံဆိုလည်း သူတို့ လတိုင်းပို့နေတာပေါ့နော်။ အစ်မက လိုတဲ့အခါကျတော့ ယူသုံးတာပေါ့။ ခုကျတော့ ဟို လုပ်ခါစ တုန်းက ယူသုံးရတယ်။ ခုနောက်ပိုင်းကျတော့ မယူသုံးရတော့ဘူး။

အစ်မ မှတ်မှတ်ရရပေါ့။ ခု သုံးလ ရှိပြီနော်။ အဲဒီ တစ်လလောက်မှာတော့ အစ်မ သူတို့ ပိုက်ဆံ ယူသုံးရတယ်။ ဒီလမှာ ယူမသုံးရဘူး နည်းတယ်။ အဲဒီဆေးဖိုးကတော့ ကျွန်မလှူတာ။ ကျန်တဲ့အရာ စားတာ၊သောက်တာ သူ့ကျွေးမွေးတာတွေ ကုန်လုံးက အလှူရှင်တွေ ဟာတွေကြီးပဲ သွားတာပေါ့နော်။ သားသမီးတွေကလည်း ကြိုက်တာလုပ် မေမေအတွက် သုံးဖို့ဆို အမြဲတမ်း ပိုက်ဆံပေါ့နော်။ အဲလို ပံ့ပိုးနေတယ်။ ဒါပေမယ့် ဒီနှစ်လ ရှိပြီပေါ့ သူတို့ ပိုက်ဆံ မသုံး ဖြစ်သေးတာ။ အလှုရှင်တွေက အရမ်းများလာတာကိုး။

တော်ရုံစိတ်ထားနဲ့တော့ ဒီအလုပ်တွေကို လုပ်လို့ မရပါဘူး။ ကြောင်းလေးတွေကို ကယ်တင်ရာမှာ သူမ တွေ့ကြုံခဲ့ရတဲ့ အတွေ့ကြုံတွေကို နားထောင်ကြည့်ရုံနဲ့တင် သူမရဲ့ နှစ်လုံးသား အလှကိုလည်း လှမ်းကြည့်လို့ ရပါတယ်။

မှတ်မှတ်ရရ တစ်ခုက အစ်မတို့က ဘုရားဘက်ကို အစာသွားကျွေးရင်းနဲ့ အရက်သမား တစ်ယောက်က အရက်ဆိုင်ကို ဦးတည်သွားနေတာ။ အစ်မတို့က သိတယ်လေ။ ဘယ်မှာ အရက်ဆိုင်ရှိတယ်ဆိုတာ သာကေတမှာ နေတာကိုး။ အဲဒါ သူက အစ်မ မေးတာပေါ့။ အဲဒါ ကျွန်မ အမြဲတမ်း ထမင်းကျွေးနေတဲ့ကြောင် အဲဒါ ဘာလုပ်ဖို့လဲလို့။ အစ်မ အမြဲတမ်းထမင်းကျွေးတော့ အစ်မ အသံကြားတိုင်း ဒီကောင်က ပြေးလာတာ။ အရက်သမားဆီရောက်သွားတော့ အစ်မက မေးတာပေါ့။ အဲဒီကြောင်ဘယ်သွားထားမလို့လဲပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်မနေနဲ့ ပေးပေး ပြန်ဝယ်မယ်ဆိုပြီးတော့ သူ့ကို ၄၀၀၀ ပေးလိုက်တယ်။ အဲတာ မှတ်မှတ်ရရပေါ့နော်။ အဲဒါ တစ်ကောင်ရှိတယ်။

နောက်တစ်ခါက သတ်စားခါနီးပေါ့။ သတ်စားတော့မှာ သူတို့ လေးငါးယောက် ဝိုင်းချုပ်ထားတာ။ ချုပ်ထားပြီးတော့ သူ့ကို သံမံတလင်းနဲ့ တိုက်တာ နှာခေါင်းတွေမှာ အနာကြီးတွေ ဖြစ်နေပြီ။ ဒီကောင်ပြေးလာတာ ပြေးလာပြီး အစ်မကို ကျော်ပြီး အခြားသူတွေဆီ ပြေးသွားတာ။ အစ်မ ဖမ်းတာ ဖမ်းလို့ မမီဘူး။ အဲတာ ဟိုအစ်မ ဖမ်းတာ ရတယ်။ အဲဒီအစ်မကလည်း အစာလာကျွေးနေတဲ့ အစ်မ တစ်ယောက်ပဲ။ အစ်မရေ ကယ်ပါအုံး သေခါနီး လွတ်လာတယ်ပေါ့။ အဲဒီကြောင်ကို အစ်မ ကယ်ထားတယ်ပေါ့နော်။ အဲတာ တစ်ကောင်ပေါ့။

နောက်တစ်ခါကျတော အစ်မ ထမင်းကျွေးနေတဲ့အချိန်မှာ ခွေးတစ်ကောင်က ပြေးလာတယ်။ ပြေးလာပြီး ကြောင်မကြီးကို မျက်စိကို ကိုက်ပစ်လိုက်တာ။ ဟာ သွေးကို ရဲသွားတာပဲ။ အဲဒီကြောင်မကြီးကိုလည်း အစ်မ ကယ်လိုက်တာပေါ့လေ။ ဒါက အမှတ်တရတွေပေါ့နော်။ အဲလိုမျိုးတွေ အစ်မ ကယ်ခဲ့ဖူးတယ်။

ဒီကောင်လေးတွေကတော့ သူမကိုယ်တိုင် ကယ်တင်ခဲ့တဲ့ မှတ်မှတ်ရရ ကောင်လေးတွေပါ။ အရင်က ဒုက္ခကြီးစွာ နေထိုင်ကျက်စားခဲ့ရပေမယ့်လည်း ခုဆိုရင် ကြောင်လေးတွေဟာ နွေးထွေးတဲ့ မေတ္တာရင်ခွင်မှာ ငြိမ်းချမ်းစွာ နားခိုလို့ ရနေပါပြီ။

အစ်မကတော့ ပြောချင်တာပေါ့နော်။ တစ်ချို့က အရမ်းရက်စက်တယ်လေ။ ခုအစ်မ ဘာလို့ ပိုသိလာလဲဆိုတော့ အဲဒီဘုရားတွေမှာ တစ်ချို့တွေက ကြောင်တွေ မွေးတယ်မို့လား။ တားဆေးလဲမထိုးဘူး သင်းလဲ မသင်းဘူး။ တကယ်ဆို သူတို့ရဲ့ မွေးဖွားမှုကို ထိန်းချုပ်ထားလို့ ရှိရင် ဥပမာပေါ့နော်။ သားမပွားတော့ဘူး။ အိမ်မှာ ကြောင်မများဘူး။ ကြောင်မများလို့ရှိရင် ပစ်စရာမလိုဘူးပေါ့နော်။ ခုတော့ သူတို့က အဲဒီလိုမျိုး မထိန်းချုပ်ဘဲနဲ့ အဲဒီလိုမျိုးတွေ အပွားခံပြီးတော့ ဘုရားတွေမှာ သွားပစ်တာ အရမ်းသနားဖို့ကောင်းတယ်။ ခွေးတွေကဆွဲ လူတွေက အရက်ဆိုင်တွေရောင်း တစ်ချို့တွေက သတ်ဖြတ်  စားသောက်တဲ့အခါကျတော့ ကျွန်မလေ သူတို့ကို ပြောချင်တယ်။ တိရစ္ဆာန်ပေမယ့်လည်း ညီမလေးရယ် သူတို့တွေ အတိတ်ကြောင်း မကောင်းလို့ တိရစ္ဆာန် ဖြစ်တာလေ။ သူတို့လဲ ခန္ဓာ ငါးပါးပဲ သနားဖို့ကောင်းတယ်လေ။ မရက်စက်နဲ့ပေ့ါ။ အဲလိုမျိုးမရက်စက်ရအောင် မျိုးပွားတာတွေကို ထိန်းချုပ်ကြပေါ့။ ကိုယ်ထိလက်ရောက်လည်း တိရစ္ဆာန်တွေကို မလုပ်စေချင်ဘူး။ အစ်မက အရမ်းသနားတယ်။

 အဲလို ရက်စက်တဲ့ သူကို ပြောချင်တာက ကိုယ်ချင်းစာပေါ့။ ကိုယ်ချင်းစာစိတ် ထားကြပါလို့ အစ်မ ပြောချင်တယ်။

ဒါဟာ မိခင်စိတ်ရှိသူတစ်ယောက်ရဲ့ ပုံရိပ်တွေပါ။ အမျိုးသမီးတို့ရဲ့ ကြီးမားတဲ့ မေတ္တာကို မိခင်မေတ္တာနဲ့ ဖော်ကျုးလေ့ ရှိပါတယ်။ လူသားမိခင်ကနေ လူသားရင်သွေးလေးတွေအပေါ် ထားရှိတဲ့မေတ္တာကို လူသားတို့ရဲက အကြီးမားဆုံး မေတ္တာဖြစ် သတ်မှတ် ထားကြပါတယ်။ ခုတွေ့ရတဲ့ မေတ္တာတရားကတော့ လူသားမိခင်ကနေ အဟိတိရစ္ဆာန် ရင်သွေးလေးတွေ အပေါ်မှာ ထားရှိတဲ့ အကြင်နာ မေတ္တာတွေပါ။ ခုဆိုရင် မဂိုးဂိုးမှာ သူမကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးထားတဲ့ သားသမီးတွေ အပြင် နောက်ထပ်သားသမီးတွေ အများကြီးလဲ ရှိနေပါပြီ။ ကြင်နာမှု၊ စာနာမှုတွေ အပြည့်နဲ့ စွမ်းဆောင်ရည် ပြည့်ဝနေတဲ့ အမျိုးသမီး တစ်ယောက်ကို ဒီအစီစဉ်နဲ့ ဂုဏ်ပြုရင်း ကျွန်မတို့အားလုံး နောက်ထပ်ဒီလို စွမ်းဆောင်နိုင်သူကိုလည်း ကြိုဆိုလိုက်ကြရအောင်ရှင်….

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags