ချန်ပီယံလိဂ်တွင် စံချိန်များထပ်မံတင်ရှိခဲ့သည့် စီရော်နယ်ဒို

ချန်ပီယံလိဂ်တွင် စံချိန်များထပ်မံတင်ရှိခဲ့သည့် စီရော်နယ်ဒို

မက်ဒရစ်၊ ဒီဇင်ဘာ ၉ ။           ။ ရီးယဲလ်အသင်းက ဆွီဒင်ကလပ် မယ်လ်မိုအသင်းကို ၈-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် စီရော်နယ်ဒိုသည် လေးဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စံချိန်များထပ်မံတင်ရှိခဲ့သည်။

ယခုကဲ့သို့ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် စီရော်နယ်ဒို၏ အုပ်စုပြိုင်ပွဲ သွင်းဂိုးစုစုပေါင်းမှာ ၁၁ ဂိုးအထိရှိခဲ့သည်။ ထို့ကြောင့် စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်တွင် အုပ်စုပွဲစဉ်များ၌ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့အပြင် ၎င်း၏ ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်းမှာ ၈၈ ဂိုးအထိရှိလာခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

စီရော်နယ်ဒိုသည် ယခုနှစ် ချန်ပီယံလိဂ်ပွဲစဉ်ခြောက်ပွဲတွင် နှစ်ဂိုးနှင့်အထက်လေးပွဲ သွင်းယူနိုင်ခဲ့သည်။ မယ်လ်မိုအသင်းဘက်သို့ လေးဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ရီးယဲလ်အသင်း၏သမိုင်းတွင် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခု၌ လေးဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။

ရီးယဲလ်အသင်းအတွက် အနိုင်ဂိုးရှစ်ဂိုးကို ဘန်ဇီမာက ၁၂ မိနစ်၊ ၂၄ မိနစ်နှင့် ၇၄ မိနစ်တို့တွင်လည်းကောင်း၊ စီရော်နယ်ဒိုက ၃၉ မိနစ်၊  ၄၇ မိနစ်၊ ၅၀ မိနစ်နှင့် ၅၈ မိနစ်တို့တွင် လည်းကောင်း သွင်းယူခဲ့ပြီး ကျန်တစ်ဂိုးကို ကိုဗာဆစ်က မိနစ် ၇၀ တွင် သွင်းယူခဲ့သည်။

စီရော်နယ်ဒို ဒုတိယပိုင်းတွင်သွင်းယူခဲ့သည့် သွင်းဂိုးသုံးဂိုးမှာ ချန်ပီယံလိဂ်သမိုင်းတွင် တတိယအမြန်ဆုံး ဟက်ထရစ်သွင်းဂိုးလည်း ဖြစ်သည်။ ဟက်ထရစ်အမြန်ဆုံးသွင်းယူထားသည့် ကစားသမားမှာ လိုင်ယွန်တိုက်စစ်မှူးဟောင်း ဂိုမစ်ဖြစ်ပြီး ၇ မိနစ်အတွင်းသွင်းယူထားသည်။ စီရော်နယ်ဒို၏ ဟက်ထရစ်မှာ ၁၂ မိနစ်ဖြစ်သည်။

စီရော်နယ်ဒိုသည် ပထမဆုံးဂိုးကို ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းယူခဲ့ခြင်းဖြစ်ပြီး ဆိုးရွားနေသည့် ၎င်း၏ ပြစ်ဒဏ်ဘောစံချိန်ကိုလည်း ရပ်တန့်နိုင်ခဲ့သည်။ စီရော်နယ်ဒိုသည် ဖရီးကစ်ကန်သွင်းခဲ့ သည့်နောက်ဆုံး ၉၇ ကြိမ်တွင် သုံးကြိမ်မြောက်ဂိုးဝင်ခဲ့ခြင်းဖြစ်သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၂၀၀၃-၀၄ ခုနှစ်မှ စတင်ပြီး ၁၄၆ ကြိမ် ကန်သွင်းခဲ့ရာတွင် ၁၀ ကြိမ်သာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly