အိုင်အက်စ်တိုက်ခိုက်မှု မဖြစ်နိုင်ဟု ထိုင်းအင်တာပို အကြီးအကဲပြော

အိုင်အက်စ်တိုက်ခိုက်မှု မဖြစ်နိုင်ဟု ထိုင်းအင်တာပို အကြီးအကဲပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၉ ။         ။ အိုင်အက်စ်နှင့် ချိတ်ဆက်သည့် ဆီးရီးယား ဆယ်ဦး ထိုင်းနိုင်ငံတွင်း ဝင်ရောက်သွားသည်ဟူသော ရုရှထောက်လှမ်းရေး၏ သတိပေးချက်ထွက်လာပြီးနောက် အိုင်အက်စ် သံသယရှိ အဖွဲ့ဝင်များက နိုင်ငံတွင်း တိုက်ခိုက်ကျုးလွန်လာမည်ဟူသော စိုးရိမ်မှုများသည် ယုံကြည်လောက်သည့် ခြိမ်းခြောက်မှုမဟုတ်ကြောင်း ထိုင်းအင်တာပိုအကြီးအကဲက ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။

လူမှုမီဒီယာများတွင် ပေါက်ကြားသွားခဲ့သည့် ထိုင်းအထူးရဲတပ်ဖွဲ့မှတ်တမ်းများတွင် အိုင်အက်စ်နှင့် ချိတ်ဆက်သူ ဆီးရီးယားနိုင်ငံသား ဆယ်ဦးသည် ရုရှအကျိုးစီးပွားကို ပစ်မှတ်ထားတိုက်ခိုက်ရန် ထိုင်းနိုင်ငံတွင်းသို့  အောက်တိုဘာ ၁၅ မှ ၃၁ ရက်အတွင်း ဝင်ရောက်သွားခဲ့ကြောင်း ရုရှဖက်ဒရယ်လုံခြုံရေးဌာန သတိပေးထားချက်ကို ဖော်ပြထားသည်။

လူမှုမီဒီယာတွင် ပြန့်သည့် ယင်းမှတ်တမ်းမှာ အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ပြီးနောက်တွင် ထိုင်းနိုင်ငံတွင်းရှိ ရုရှစီးပွားရေးနှင့် အသိုက်အဝန်းအများစု တည်ရှိရာ ပတ္တရားနှင့် ဖူးခက်မြို့များ အပါအဝင် ဖြစ်နိုင်သော ပစ်မှတ်နေရာများ၌ လုံခြုံရေးများ ချထားလာခဲ့သည်။ တာဝန်ရှိသူများက အစိုးရိမ်မပိုရန်လည်း တိုက်တွန်းထားသည်။

အင်တာပိုနှင့် အထူးရဲတပ်ဖွဲ့နှစ်ရပ်စလုံးက စုံစမ်းထောက်လှမ်းရေးအတွက် သတိမပြတ်ရှိနေကြောင်း၊ သို့သော် ထိုင်းနိုင်ငံတွင်း တိုက်ခိုက်မှု ဖြစ်ပွားမည်က ယုံကြည်လောက်သည့် ခြိမ်းခြောက်မှု မရှိကြောင်း ထိုင်းအင်တာပိုဥက္ကဌ ရဲမှူးချုပ် အပီချက်ဆူရီဘန်ယာက ပြောသည်။

"ဒီလို သတိပေးချက်တွေ အကြိမ်များစွာ ရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံတွင်း အိုင်အက်စ်တွေ ရောက်နေပြီဆိုတဲ့ ခိုင်မာတဲ့ ထောက်လှမ်းရေးသတင်းတော့ မရရှိသေးပါ။"ဟု ၎င်းက ရိုက်တာသို့ ပြောခဲ့ သည်။

"ခုထိ ယုံလောက်တဲ့ ခြိမ်းခြောက်မှုမျိုး မရှိသေးပါဘူး။ ထိုင်းနိုင်ငံတွင်းမှာ အိုင်အက်စ်တိုက်ခိုက်မှုအပေါ် ထောက်လှမ်းရရှိတာ ယုံလောက်တဲ့ ခြိမ်းခြောက်မှုမျိုး မရှိသေးဘူး။"ဟု အပီချက်က ပြောခဲ့သည်။

ထိုင်းနိုင်ငံတွင်း ဗီဇာလွန်နေထိုင်လျက်ရှိသည့် ဆီးရီးယားနိုင်ငံသား လေးဦးကို စောင့်ကြည့်စစ်ဆေးနေကြောင်း ဒီဇင်ဘာ ၆ ရက်က ပြောထားပြီး ၎င်းတို့က လုံခြုံရေးခြိမ်းခြောက်မှု လက္ခဏာမရှိကြောင်းလည်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly