မွတ်စလင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးသည့် ဥပဒေအား အတည်ပြုရန် ဖိလစ်ပိုင် သမ္မတ လွှတ်တော်ကို တိုက်တွန်း

မွတ်စလင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးသည့် ဥပဒေအား အတည်ပြုရန် ဖိလစ်ပိုင် သမ္မတ လွှတ်တော်ကို တိုက်တွန်း

မနီလာ၊ ဒီဇင်ဘာ ၈ ။             ။ ဖိလစ်ပိုင်တွင် လူပေါင်း ၁၂၀၀၀၀ ကျော် သေဆုံးပြီး နှစ်သန်းကျော် အိုးအိမ်စွန့်ခွာရသည့် ၄၅ နှစ်ကြာဖြစ်ပွားသော ပဋိပက္ခမီများ ချုပ်ငြိမ်းစေရေးအတွက်   နိုင်ငံတောင်ပိုင်းက လူနည်းစုမွတ်စလင်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုပေးထားသည့် ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးရန် သမ္မတ အကွီနိုက ဒီဇင်ဘာ ၈ ရက်တွင် တိုက်တွန်းဆော်သြလိုက်သည်။

၂၀၁၅ လွှတ်တော်ကာလ ပြီးဆုံးရန် ငါးရက်တာ လိုတော့ချိန်၌ အောက်လွှတ်တော် အမတ် ၁၅၀ ခန့်သို့ သမ္မတအကွီနိုက ယခုကဲ့သို့ တိုက်တွန်းတောင်းဆိုခြင်းဖြစ်သည်။

အကွီနို၏ တောင်းဆိုမေတ္တာရပ်ခံချက်က နောက်သမ္မတအား ရွေးချယ်မည့် ရွေးကောက်ပွဲ မတိုင်မီ ကျန်ရှိသည့် သမ္မတသက်တမ်း ခြောက်လတာအတွင်း ၎င်း၏ အရှိန်အဝါသြဇာအပေါ် စမ်းသပ်မှုတစ်ရပ်လည်း ဖြစ်သည်။

"နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးဟန့်တားနေတဲ့ အကြမ်းဖက်မှုနဲ့ ဆင်းရဲမွဲတေမှု သံသရာအတွက် ပြုပြင်ပြောင်းလဲဖို့ အောက်လွှတ်တော် အမတ်တွေကို သမ္မတက တိုက်တွန်းပြောကြားတာပါ။"ဟု သမ္မတ၏ ဆက်သွယ်ရေးအတွင်းဝန် ဟာမီနီအိုကိုလိုမာက ပြောသည်။

ယခုဥပဒေကြမ်းကို အတည်ပြုလိုက်နိုင်ခြင်းသည် ကမ္ဘာ့အကြမ်းဖက်မှုနှင့် ဘာသာရေးအစွန်းရောက်မှု ခြိမ်းခြောက်မှုများ မြင့်တက်နေခြင်းနှင့် ပတ်သက်သည့် အမြင်အပေါ်တွင် အလွန်အရေးပါသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ကိုလိုမာက ပြောသည်။

ရိုမန်ကက်သလစ် အများစုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် တောင်ပိုင်းဒေသရှိ အင်အားကြီးမွတ်စလင်သူပုန်အဖွ့ဲနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် လာမည့်အစိုးရသစ်အတွက် ကာလရှည်ကြာတော့မည် မဟုတ်ကြောင်းလည်း အကွီနို၏ မိတ်ဖက်ဖြစ်သည့် လွှတ်တော်အမတ် နီပတာလီဂွန်ဇာလီက ပြောသည်။

မွတ်စလင်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးသည့် ဥပဒေကို လွှတ်တော်က အတည်မပြုခဲ့လျှင် လာမည့် မေလ ရွေးကောက်ပွဲကာလအတွင်း တောင်ပိုင်းဒေသများ၌ ဆူပူအကြမ်းဖက်မှုများ   ပေါ်ပေါက်လာလိမ့်မည်ဟု အစိုးရတာဝန်ရှိသူတစ်ချို့ကလည်း စိုးရိမ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly